မိမိအားကိုယ်ထိလက်ရောက်တိုက်ခိုက်သူကို ခွင့်လွှတ်ပြီး ထောင်မကျဖို့ ကြားဝင်အသနားခံပေးခဲ့သည့် မွတ်စလင်မိခင်

အသက် ၃၉ နှစ်အရွယ် မွတ်စလင်မိခင်တစ်ဦးသည် ခင်ပွန်းသည်နှင့် အသက် ၉ နှစ်အရွယ် သမီးဖြစ်သူကို စောင့်ဆိုင်းနေစဉ် ၅၅ နှစ်အရွယ်ရှိ ပီတာ စကော့တာ ဆိုသူက သူမအနားသို့ချဉ်းကပ်လာပြီး မျက်နှာအုပ် ပ၀ါကို အဓမ္မဆွဲချွတ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကြောင့် သူမခမျာ မြေကြီးပေါ်သို့ပြုတ်ကျလုမတတ်ဖြစ်ခဲ့ပြီး လည်ပင်းဒဏ်ရာရရှိခဲ့သည်။
 
တိုက်ခိုက်နေစဉ် စကော့တာက “ကဲ… ဒါကြီးကိုချွတ်ပစ်စမ်း။ နင်ရောက်နေတာ ငါတို့နိုင်ငံထဲမှာနော်… မိုက်မဲတဲ့ မွတ်စလင်တွေ” လို့ အော်ဟစ်ခဲ့သည်ဟုဆိုသည်။
 
ယခုအခါ အတိုက်ခိုက်ခံခဲ့ရသူအမျိုးသမီးခမျာ အိမ်အပြင်ထွက်ဖို့ပင် ကြောက်လန့်နေရရှာသည်။
 
“အပြင်ထွက်တိုင်း မလုံခြုံဘူးလို့ ခံစားနေရပြီ။ တစ်ခါတစ်လေမှာ ခင်ပွန်းသည်ကို ကျမရဲ့အရှေ့ကနေ လျှောက်ဖို့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ဒါမျိုးနောက်တစ်ကြိမ်ဖြစ်လာခဲ့ရင် သူက ကျမကိုအရှေ့ကနေ ဆီးပြီး ကာကွယ်နိုင်အောင်လို့လေ” ဟု သူမက ဆိုသည်။
 
ထို့သို့ စိုးရိမ်ကြောင့်ကြမှုနှင့် စိတ်ဒဏ်ရာများရရှိခံစားခဲ့ရသော်လည်း မိမိအားတိုက်ခိုက်ခဲ့သူသည် ပါးစပ်ကင်ဆာဖြစ်နေကြောင်း သိရှိခဲ့ရပြီးနောက် မွတ်စလင်မိခင်က ၎င်းလူကို အရေးမယူရန် တရားသို့ အသနားခံပေးခဲ့သည်။
 
“အဲဒီလူကင်ဆာဖြစ်နေမှန်း ကျမမသိဘူး။ သူ့ကိုထောင်မကျစေချင်ဘူး။ ဒါကြောင့် တရားသူကြီးတွေအနေနဲ့ ဆုံးဖြတ်တော့မယ်ဆိုရင် အဲဒီအချက်ကို ထည့်သွင်းစဉ်းစားပေးစေလိုတယ်” ဟု သူမကဆိုသည်။
 
ထို့အပြင် သူမက ၎င်းအားလက်စားချေလိုခြင်းလည်းမရှိဟု ပြောသည်။
 
“သူက ဒေါသထွက်နေတုန်း မကောင်းတာတစ်ခုကိုလုပ်ခဲ့မိတယ်။ ကျမကို အဲဒီလိုတိုက်ခိုက်ဖို့ သူဘာကောင့်ရွေးချယ်ခဲ့သလဲတော့မသိဘူး။ သူ့ရဲ့လုပ်ရပ်ကြောင့် ကျမနာကျင်ကြောက်ရွံခဲ့တယ်။ အဲဒီအတွက် ဘယ်လိုပုံစံနဲ့မှ လက်စားမချေချင်ပါဘူး။ သူ့ကို မခံစားစေချင်ဘူး။ သူ့ရဲ့ကျန်ဘ၀တစ်လျှောက်လုံးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲဖြတ်သန်းစေချင်တယ်။ အမုန်းတရားတွေ ခါးသီးမှုတွေ မခံစားစေချင်ဘူး” ဟု သူမက ဆက်ပြောသည်။
 
လူတိုင်းလူတိုင်း အမုန်းတရားတွေ ချုပ်ငြိမ်းပြီး အေးချမ်းမှုရရှိဖို့ကို သူမက မျှော်လင့်နေပါတယ်။
 
သူမ၏ မျက်နှာကာ ပ၀ါနှင့်ပတ်သက်၍ မေးမြန်းရာ “ဒါက ကျမရဲ့ကိုယ်ပိုင်ရွေးချယ်မှုပဲ။ ဘယ်သူကမှ ကျမကို အဓမ္မလုပ်ခိုင်းတာမရှိသလို ကျမသမီးတွေကိုလည်း ကျမလိုဝတ်ဖို့ အတင်းအကျပ်လုပ်သွားမှာမဟုတ်ဘူး။ တခြားလူတွေရဲ့ ရွေးချယ်မှုကို ကျမက လက်ခံသလို တခြားလူတွေကလည်း ကျမရွေးချယ်မှုကို လက်ခံဖို့ မျှော်လင့်ပါတယ်။” ဟု ဆက်ပြောသည်။
 
ကလေးလေးယောက်မိခင်က ကမ္ဘာကြီးတွေအပေါင်းလက္ခဏာဆောင်သည့် ကွဲပြားမှုများရှိစေရန်လိုလားသည်။
 
“လူတိုင်း မိမိကိုယ်ကိုယ်ပြန်ကြည့်ပြီး အခုလိုတွေးသင့်တယ်။ သဘောက ‘ငါချစ်ခြင်းမေတ္တာကိုပြသချင်တယ်။ အမုန်းတရားကိုမပြသချင်ဘူး။ ငါဟာ ကမ္ဘာကြီးမှာ အပေါင်းလက္ခဏာဆောင်တဲ့ ကွဲပြားမှုတွေကိုဖော်ဆောင်ဖို့အတွက် ရိုင်းပင်းကူညီစာနာသူဖြစ်ချင်တယ်’ ဆိုပြီး တွေးဖို့ပေါ့” ဟု သူမက ပြောလိုက်သည်။
 
Ref: Ilmfeed
ဉာဏ်အလင်း
 
ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၄) ကို Download ရယူရန် –
Mediafire – http://bit.ly/2mE2MPq
pCloud – http://bit.ly/2m6cB5B
Dropbox – http://bit.ly/2lqzmnz