ဂျေရုစလင်အရေး မွတ်စလင်ခေါင်းဆောင်များ အစည်းအဝေးပြုလုပ်

ဉာဏ်အလင်း

ဂျေရုစလင်မြို့ကို အစ္စရေးမြို့တော်အဖြစ်သတ်မှတ်ရေး ထောက်ခံအားပေးခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်တဲ့အနေနဲ့ တူရကီနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ညီလာခံကြီးတစ်ခုပြုလုပ်ခဲ့ပြီး မွတ်စလင်ကမ္ဘာက ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါတယ်။

အဖွဲ့ဝင် ၅၇ နိုင်ငံပါတဲ့ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ တရားမဝင်ကြောင်းနဲ့ တင်းမာနေတဲ့အခြေအနေကို ပိုဆိုးစေကြောင်း ထောက်ပြပြောဆိုထားပါတယ်။ အဆိုပါအစည်းအဝေးပွဲကို အီရန်သမ္မတ ရူဟာနီကလည်း တက်ရောက်ခဲ့ပြီး ပါလက်စတိုင်းနိုင်ငံရဲ့အခွင့်အရေးအပေါ် အမေရိကန်ဟာ လေးစားသမှုမရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။ “အီရန်အနေနဲ့ ကျန်မွတ်စလင်နိုင်ငံအားလုံးနဲ့ပူးပေါင်းပြီး ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးသွားမှာဖြစ်ပါတယ်။ အခုအချိန်မှာ ဂျေရုစလင်အရေးကို ကျနော်တို့ အဓိကဦးတည်ချက်ထားပြီး မွတ်စလင်နိုင်ငံအချင်းချင်း စည်းလုံးညီညွတ်ဖို့ အင်မတန်အရေးကြီးပါတယ်” လို့ ရူဟာနီကပြောခဲ့ပါတယ်။

အစည်းအဝေးပွဲတက်ရောက်လာတဲ့ လက်ရှိအိုအိုင်စီဥက္ကဋ္ဌ တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်ကလည်း အမေရိကန်ရဲ့ လုပ်ရပ်အပေါ် နှုတ်အားဖြင့် ပြစ်တင်ရှုတ်ချခဲ့ပြီး ခေါင်းဆောင်တွေအနေနဲ့ ပြင်းထန်တဲ့ မှတ်ချက်တွေပေးသွားမှာဖြစ်တယ်လို့ လွန်ခဲ့တဲ့တနင်္လာနေ့ကတည်းက ပြောခဲ့ပါတယ်။

အစည်းအဝေးပွဲကို ထိပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့ ပါလက်စတိုင်း သမ္မတ မာမွတ်အဗ္ဗားစ်၊ အီရန်သမ္မတ ဟက်ဆန်ရူဟာနီ၊ လက်ဘနွန်သမ္မတ မိုက်ကယ်အောင်န်း၊ ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဗ္ဗဒွလ္လာဟ်နဲ့ တခြားနိုင်ငံတော်တော်များများက ထိပ်တန်းခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပါတယ်။

ပုံ – ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ဂျေရုစလင်က ဗလီပုံကို မျက်နှာဖုံးပြုလုပ်ပြီး ဝတ်ဆင်ထားတဲ့ ဆန္ဒပြသူတစ်ဦး

ကိုးကား – The Washington Post, nypost

================

7 MB သာရှိတဲ့ အောက်တိုဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၁) ကို အောက်ပါ Link နှစ်ခုထဲက တစ်ခုခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2yk9yzT
pCloud – http://bit.ly/2gTFG2h