မွတ်စလင်တွေဘာလို့ ဝက်သားမစားတာလဲ

အစ္စလာမ်ဘာသာဝင်တွေ ဝက်သားစားလို့မရဘူးဆိုတာ အားလုံးသိပြီးသားပါ။ ဝက်သားစားခြင်းကို ပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်။ ဝက်ဟာအညစ်ညမ်းဆုံး တိရိစ္ဆာန်ဖြစ်ကြောင်း အစ္စလာမ်ဘာသာက သတ်မှတ်ထားပါတယ်။ ဘာကြောင့် အစ္စလာမ်ဘာသာက ဝက်သားစားခြင်းကို တားမြစ်ထားပါသလဲ။ အစ္စလာမ်ဘာသာမှာ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ် က စကြ၀ဠာကြီးကို ဖန်ဆင်းတယ်လို့ ယုံကြည်ကြပါတယ်။ ဒါဆို ဝက်ကိုဖန်ဆင်းထားပါလျက် ဘာကြောင့် စားခွင့်ပိတ်ပင်ထားရပါသလဲ။
ကျွန်တော်တို့ လေ့လာကြည့်ရအောင်ပါ။
ပထမဆုံးအကြောင်းအရင်းက ဝက်သားစားခြင်းကို အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းမြတ်ထဲမှာ အတိအလင်းတားမြစ်ထားလို့ပါ။
 
(အို-နဗီတမန်တော်) အသင်သည် (ယင်းသူတို့အား ဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါသည် မိမိထံသို့ (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ကျရောက်လာသော “ဝဟ်ယ်” အမိန့်တော်တွင် (ယခုအငြင်းပွားလျက်ရှိသော တိရိစ္ဆာန်များအနက်) တစုံတခုကို မည်သည့်စားသုံးသူအပေါ်၌မျှ ၎င်းကို စားသုံးခြင်းသည် “ဟရာမ်” ဟူ၍ တားမြစ်ထားသည်ကို မတွေ့ရှိရချေ။ သို့ရာတွင် အသေသား၊ သို့မဟုတ် စီးထွက်သောသွေး၊ သို့မဟုတ် ဝက်တိရိစ္ဆာန်၏ အသားဖြစ်ခဲ့လျှင် ထိုအရာများသည် အလွန်ညစ်ထေး၍ မသန့်စင်သောကြောင့်၊ သို့မဟုတ် ဥပဒေကို ကျူးလွန်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်မှတပါး အခြားကို ရည်စူး၍ သတ်မှတ်ခဲ့လျှင် (ဟရာမ်ဟူ၍ တားမြစ်ထားတော်မူလေသည်)
သို့ပါလျက် အကြင်သူသည် (ထိုထိုသော အရာများကိုပင်) အရသာခံစားလိုခြင်း၊ စည်းကမ်းကျူးလွန်ဖောက်ဖျက်ခြင်း မရှိပဲ မလွှဲမရှောင်သာ ဖြစ်၍ (အသက်မသေရုံမျှသာ စားသုံး) ခဲ့ပါမူ၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဧကန်အမှန် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ကျမ်းတော်မြတ်ကုရ်အာန် သားကောင်များကဏ္ဍ ( ၆း ၁၄၅)
 
အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို သနားကြင်နာသောအားဖြင့် ကျန်းမာရေးထိခိုက်စေတဲ့ ညစ်ညမ်းတဲ့ အရာတွေကလွဲလို့ အရာအားလုံးကို စားသုံးခွင့်ပြုထားပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာလည်း အခုလိုမိန့်ထားပါတယ်။
…၎င်းပြင်ထိုသူတို့အဖို့ စင်ကြယ်သောအရာများကို (စားသုံး) ခွင့်ပြုကာ မသန့်စင်သောအရာများကို ၎င်းတို့အပေါ်၌ (စားသုံးခြင်းမပြုကြရန်) တားမြစ်လေသည်…
ကျမ်းတော်မြတ်ကုရ်အာန် ( ကြငှန်းများကဏ္ဍ ၇း၁၅၇)
ဝက်သတ္တ၀ါဟာ ညစ်ညမ်းပြီး စားသုံးမိရင် ကျန်းမာရေးကိုထိခိုက်စေတယ်ဆိုတာကိုတော့ သံသယဖြစ်စရာမရှိပါဘူး။ ဝက်ဟာ အညစ်အကြေးတွေကြားမှာသာ အသက်ရှင်နေထိုင်ပါတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် စားစရာမဟုတ်ကြောင်း သိသာနေပါတယ်။ ဒါကြောင့် ဝက်ကိုစားသုံးခြင်းဟာ သဘာဝက သတိပေးထားတာကို လစ်လျူရှုရာလည်းရောက်ပါတယ်။
ဒုတိယအချက်အနေနဲ့ ဝက်စားသုံးရင် ကျန်းမာရေးထိခိုက်တယ်ဆိုတာကို ခေတ်သိပ္ပံက အချက်အလက်ပေါင်း များစွာနဲ့ သက်သေထူပြီးသားပါ။
ဝက်သားထဲမှာ ကိုလက်စထြောအဆီဓာတ်များစွာပါဝင်ပါတယ်။ ကိုလက်စထြောကြောင့် သွေးထဲမှာ အဆီမြင့်တက်စေပြီး သွေးကြောပိတ်နိုင်ခြေကို များစေပါတယ်။ ၀က်သားမှာပါတဲ့ Fatty Acid ဟာလည်း တခြားအစားအစာတွေနဲ့ ယှဉ်လိုက်ရင် ပုံမှန်ဖွဲ့စည်းပုံမရှိပါဘူး။ ၀က်သားကို ခန္ဓာကိုယ်က အလျင်အမြန်စုပ်ယူပြီး သွေးတွင်းကိုလက်စထြောကို မြင့်တက်စေနိုင်တာပါ။
ဝက်သားနဲ့ ဝက်ဆီစားသုံးခြင်းကြောင့် အူမကြီးကင်ဆာ၊ စအိုကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ သွေးကင်ဆာတွေကို တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ အလျင်အမြန် ပြန့်နှံ့ ရောက်ရှိစေနိုင်ပါတယ်။ ဒါ့အပြင် ဝက်သားနဲ့ ဝက်ဆီဟာ အဝလွန်ခြင်းအပြင် ကုသဖို့ခက်ခဲတဲ့ အ၀လွန်ခြင်းနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဝက်သားဟာ ၀ဲပေါက်ခြင်း၊ ဓာတ်မတည့်ခြင်းနဲ့ အစာအိမ်အနာတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။
ဝက်ရဲ့ကိုယ်တွင်းမှာ Tapeworms, Lungworms အမျိုးအစား သံကောင် တုတ်ကောင်တွေနေထိုင်ပါတယ်။ အဲဒီသံကောင်တွေဟာ စားသုံးသူရဲ့ အဆုတ်ထဲထိအောင် သွားနိုင်ပြီး အဆုတ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။
ဝက်ခန္ဓာကိုယ်ထဲမှာ Parasite လို့ ခေါ်တဲ့ ကပ်ပါးကောင် ဒါဇင်ပေါင်းများစွာနေထိုင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာလူတွေကို အတိဒုက္ခပေးခဲ့တဲ့ Swine Flu ဝက်တုပ်ကွေးဆိုတာလည်း ကြားဖူးကြမှာပါ။
ဒါကြောင့် ဝက်သားစားသုံးခြင်းရဲ့ အဓိက ဆိုးကျိုးက ဝက်တွေရဲ့ ကိုယ်တွင်းမှာ မှာ Tapeworm လို့ ခေါ်တဲ့တုတ်ပြားကောင် အသက်ရှင်နေထိုင်ပါတယ်။ အဲဒီတုတ်ပြားကောင်တွေဟာ အရှည် ၂မီတာကနေ ၃မီတာထိအောင် ကြီးထွားနိုင်ပါတယ်။ အဲဒီတုတ်ပြားကောင်ရဲ့ ဥတွေက လူ့ခန္ဓာကိုယ်ထဲမှာ တွယ်ကပ်မိပြီဆိုရင် အကောင်ပေါက်လာချိန်မှာ ဦးနှောက်ထဲထိ ပြန့်နှံ့နိုင်တာကြောင့် ရူးသွပ်ခြင်းထိဖြစ်စေနိုင်ပါတယ်။ နှလုံးမှာ တွယ်ကပ်ပေါက်ပွားခဲ့မယ်ဆိုရင် သွေးတိုးခြင်းနဲ့ နှလုံးတိုက်ခိုက်ခံရခြင်း (Heart Attack) တွေလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဝက်ရဲ့ကိုယ်ထဲမှာ မီးအပူပေးပြီးချက်ပြုတ်ရင်တောင် မသေနိုင်တဲ့ Trichnosis လို့ခေါ်တဲ့ သံကောင် ရှိပါတယ်။ လူခန္ဓာကိုယ်ထဲမှာ အဲဒီသံကောင်ကူးစပ်ခံရပြီဆိုရင် လေဖြတ်ခြင်းနဲ့ အရေပြားဓာတ်မတည့်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
ဝက်သားစားခြင်းကြောင့်ဖြစ်တဲ့ တုတ်ပြားကောင်ပြဿနာဟာ အဆိုးဝါးဆုံးရောဂါတစ်ခုလို့ ဆရာဝန်တွေက သတ်မှတ်ထားပါတယ်။ အဲဒီတုတ်ပြားကောင်ဟာ အူသိမ်ထဲမှာ လပေါင်းများစွာကြာအောင် အသက်ရှင်ကြီးထွားနိုင်ပါတယ်။ တုတ်ပြားကောင်ပေါက်လေးက အချိန်ကြာလာတာနဲ့အမျှ အဆစ်ပေါင်းများစွာ ပါဝင်တဲ့ တုတ်ပြားကောင်ကြီးအဖြစ် ကြီးထွားလာပြီး ၄ မီတာ ၅ မီတာလောက်ထိ ရှည်နိုင်ပါတယ်။ အဲဒီအကောင် တွယ်ကပ်ခံရသူ ဝမ်းသွားချိန်မှာလည်း စအိုထဲကနေ ပါလာတတ်ပါတယ်။ တုတ်ပြားကောင်ရဲ့ ဥတွေကို ဝက်က စားသုံးမိပြီဆိုရင် အဲဒီဥတွေက ဝက်ရဲ့ အသားနဲ့ ကြွက်သားတွေထဲကို ဖောက်ဝင်နိုင်ပြီး အကောင်ပေါက်နိုင်ပါတယ်။ တုတ်ပြားကောင် ကူးစက်ခံထားရတဲ့ ဝက်သားကို စားမိတဲ့လူမှာ ဗိုက်တာမင် B12 ချို့တဲ့မှုဖြစ်နိုင်ပါတယ်။ အဲဒီကနေတစ်ဆင့် သွေးအားနည်းခြင်းနဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။ တုတ်ပြားကောင်ဟာ ဦးနှောက်ကိုရောက်ခဲ့မယ်ဆိုရင် တက်ခြင်းနဲ့ လေဖြတ်ခြင်းထိဖြစ်နိုင်ပါတယ်။
ဝက်သားစားသုံးခြင်းကနေ တစ်ဆင့်ကူးစက်တဲ့ Trichinosis သံကောင်ဟာ လူရဲ့ အူသိမ်ထဲမှာ သုံးရက်ကနေ ငါးရက်ကြာနေထိုင်ပြီးနောက် သွေးကြောထဲကို ဝင်သွားပါတယ်။ သွေးစီးဆင်းမှုကတစ်ဆင့် သံကောင်ဟာ တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းက တစ်သျှူးတွေ၊ ကြွက်သားတွေကို ရောက်နိုင်ပါတယ်။ အဲဒီသံကောင်ဟာ ကြွက်သားထဲမှာ ကိန်းအောင်းနေနိုင်တာကြောင့် ကြွက်သားနာကျင်ကိုက်ခဲခြင်းလည်းဖြစ်နိုင်ပါသေးတယ်။ ဒါ့အပြင် Trichinosis သံကောင်ဟာ ဦးနှောက်အမြှေးပါး၊ ဦးနှောက်၊ နှလုံးကြွက်သား၊ အဆုတ်၊ ကျောက်ကပ်နဲ့ အာရုံကြောတွေကို ရောက်နိုင်ပြီး တစ်ခါတစ်ရံမှာ အသက်ဆုံးရှုံးမှုထိဖြစ်တတ်ပါတယ်။
ဆေးသိပ္ပံတွေ့ရှိချက်တချို့
  1. ဝက်တွေမှာ အလွန်ညစ်ညမ်းတဲ့အစာအိမ်အူလမ်းကြောင်းရှိပါတယ်။ ကျဉ်ငယ်၊ မစင်၊ အညစ်အကြေး၊ အသားအပုပ်သိုး၊ လောက်၊ အသီးအနှံပုပ်အသိုးစသဖြင့် မစင်မှန်သမျှအားလုံးကိုစားပါတယ်။ ဒါ့အပြင် ဝက်အချင်းချင်းနဲ့ တခြားတိရိစ္ဆာန်တွေမှာ ဖြစ်ပွားနေတဲ့ ကင်ဆာအလုံးတွေကိုလည်းစားပါသေးတယ်တဲ့။ ဝက်ဟာ ကမ္ဘာမြေက အညစ်အကြေးတွေကို ရှင်းလင်းပေးတဲ့ အမှိုက်ရှင်း သတ္တ၀ါပါ။

  2. ဝက်ရဲ့ အသားနဲ့ အဆီဟာအဆိပ်အတောက်တွေကိုရေမြှုပ်တစ်ခုလိုစုတ်ယူတတ်ပါတယ်။ ဝက်ရဲ့ အသားဟာ နွားသား၊ သမင်သားတွေထက် အဆိပ်ကို အဆ၃၀ပိုမိုစုတ်ယူနိုင်ပါတယ်။

  3. နွားသားနဲ့ သမင်သားတွေကိုစားလိုက်မယ်ဆိုရင် အစာကြေဖို့ အချိန် ၈နာရီကနေ ၉နာရီထိကြာမြင့်တတ်ပြီး အသားထဲကထွက်တဲ့အဆိပ်အတောက်တွေကိုအစာကြေချိန်ကြာမြင်တဲ့အတွက် သွေးလည်ပတ်မှုစနစ်ထဲ တဖြည်းဖြည်းချင်းဝင်ရောက်တတ်ပြီးအသဲကနေအေးအေးဆေးဆေးစွန့် ထုတ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ၀က်သားစားလိုက်ရင် အစာကြေချိန်ဟာ ၄နာရီသာကြာမြင့်ပါတယ်။ ဒါကြောင့် အဆိပ်အတောက်တွေက အချိန်တိုအတွင်းအလုံးအရင်းနဲ့ သွေးလည်ပတ်မှုစနစ်ထဲဝင်ရောက်ပြီး အသည်းအပေါ်ဝန်ပိစေပါတယ်။
  4. တခြားသော နို့တိုက်သတ္တ၀ါတွေလို ဝက်တွေက ချွေးမပျံပါဘူး။ ချွေးပျံခြင်းဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ နည်းလမ်းထဲကတစ်ခုပါ။ ၀က်တွေကချွေးမပျံန်တော့ ချွေးထွက်ရင်းနဲ့  ထွက်သွားသင့်တဲ့ အဆိပ်အတောက်တွေက ဝက်ရဲ့ ခန္ဓာကိုယ်တွင်း (အသားတွင်း)မှာပဲကိန်းအောင်းနေပါတော့တယ်။
  5. ကြွက်သေဆေးမှာပါတဲ့ Strychnine လိုအဆိပ်နဲ့ တခြားအဆိပ်တွေတောင် ဝက်ကိုသတ်ဖို့ မလွယ်လောက်အောင် ဝက်ဟာ အဆိပ်ပြီးတဲ့ သတ္တ၀ါတစ်ကောင်ပါ။
  6. လယ်သမားတွေဟာခလောက်မြွေ (Rattlesnake) အသိုက်ရှိတဲ့နေရာမှာ ဝက်တွေကို လွှတ်ပေးလိုက်တတ် ပါတယ်။ ဝက်တွေက ခလောက်မြွေကိုစားပါတယ်။ ခလောက်မြွေကိုက်လို့လည်း ဝက်ကအဆိပ်မသင့်ပါဘူး။
  7. ဝက်တစ်ကောင်သေပြီဆိုရင် လောက်နဲ့ တခြားအင်းဆက်ပိုးမွှားတွေဟာ တခြားတိရိစ္ဆာန်အသေတွေမှာ တွယ်ကပ်တာထပ် ပိုမိုမြန်ဆန်စွာအချိန်တိုအတွင်းမှာပဲလာရောက်တွယ်ကပ်တတ်ကြပါတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ ဝက်သေသားဟာ လောက်တွေနဲ့ပြည့်နှက်သွားတာကိုမြင်တွေ့ရမှာပါ။
  8. နွားတွေမှာရှုပ်ထွေးတဲ့ အစာခြေစနစ်အဖြစ် အစာအိမ်လေးခုပါဝင်ပါတယ်။ နွားတွေဟာသူတို့ စားသောက်တဲ့ အပင်၊ အရွက်တွေအစာကြေဖို့ အတွက် ၂၄နာရီစောင့်ဆိုင်းရပါတယ်။ ဒီလိုအချိန်ကြာမြင်တဲ့အတွက် ခန္ဓာကိုယ်ကနေအဆိပ်တွေကိုသန့်စင်ဖို့ အချိန်ပိုမိုရစေပါတယ်။ ဝက်မှာအစာအိမ်တစ်ခုသာပါဝင်ပြီး သူစားတဲ့ အညစ်အကြေးအစားအသောက်တွေခြေဖျက်ဖို့အတွက် အချိန် ၄နာရီသာကြာမြင့်ပြီး အစာထဲကရတဲ့အဆိပ်တွေကို အသားထဲမှာစုပြုံစေပါတယ်။ ဝက်ရဲ့ အသားဟာအဆိပ်သင့်နေပါတယ်။
  9. လူသားတွေမှာသာဖြစ်ပြီး တခြားဘယ်သတ္တ၀ါမှာမှ မဖြစ်တဲ့ ဒူလာရောဂါနဲ့ အဆစ်အမြစ်နာရောဂါတွေဟာ ဝက်တွေမှာ ဖြစ်တတ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့မိန့်မှာချက်ကို ဆက်လက်ရှုစားကြပါဦး။
အလ္လာဟ်အရှင်မြတ်သည် အသင်တို့ အပေါ်၌ အသေကောင်များကို၎င်း၊ (ယိုစည်းသော)သွေးကို၎င်း၊ ဝက်၏အသားကို၎င်း၊ အလ္လာဟ်အရှင်မြတ်၏ နာမံတော်မှတပါးအခြားကိုးကွယ်ရာများ၏အမည်နာမများကိုတသပြီး လှီးဖြတ်ထားသောတိရိစ္ဆာန်များကို၎င်း၊ မုချတားမြစ်ထားတော်မူလေသည်။
(ကျမ်းတော်မြတ်ကုရ်အာန် ဂါဝီကဏ္ဍ – ၂း၁၇၃)
 
(ကျမ်းတော်မြတ်ကုရ်အာန် ၅း ၃၊ ၆း ၁၄၅ နဲ့  ၁၆း ၁၁၅)တို့ မှာလည်း ဝက်စားသုံးခြင်းကို အတိအလင်းတားမြစ်ထားကြောင်ဖော်ပြထားပါတယ်။
ဆေးသိပ္ပံရှုထောင့်ကနေ လေ့လာတာနဲ့ အမျှ အလ္လာဟ်အရှင်မြတ်က ဝက်ကို ဘာကြောင့်မစားခိုင်းသလဲဆိုတာ ပိုပြီး ထင်ရှားလာပါတယ်။
အလ္လာဟ်အရှင်မြတ်က တမန်တော်အာဒမ် (Peace Be Upon Him) ကို ဂျန္နတ်သုခဘုံမှာရှိတဲ့ အပင်တစ်ပင်က ပန်းသီးမစားဖို့ တားမြစ်ခဲ့ပါတယ်။ အဲဒီသစ်ပင်ကအသီးကိုမှ မစားဖို့ ဘာကြောင့်တားမြစ်ထားသလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ ပန်းသီးကိုစားမိတဲ့ တမန်တော်အာဒမ်ဟာ ဂျန္နတ်သုခဘုံကနေ နှင်ထုတ်ခြင်း ခံခဲ့ရပါတယ်။ ဆိုလိုတာက အလ္လာဟ်အရှင်မြတ်ရဲ့တားမြစ်မှုတွေနောက်ကွယ်မှာ ဆိုးကျိုးရှိတွေ သေချာပေါက်ရှိနေတာကြောင့် ဘာကြောင့် တားမြစ်သလဲဆိုတာ မေးခွန်းထုတ်ဖို့ မလိုအောင်ပါဘဲ။ ဒါပေမဲ့ ခေတ်သိပ္ပံတိုးတက်လာတာနဲ့အမျှ သက်သေသက္ကယတွေရှိလာတာ မဆန်းပါဘူး။ အလ္လာဟ်အရှင်မြတ်ရဲ့ မိန့်မှာချက်တွေကို ထင်ရှားအောင် သက်သေပြနိုင်ရုံပါ။ အစ္စလာမ်ဘာသာဝင် မွတ်စလင်တွေအနေနဲ့တော့ ဝက်သားဘာကြောင့်မစားသလဲဆိုတဲ့ အကြောင်းပြချက်က ရှင်းပါတယ်။ အလ္လာဟ်အရှင်မြတ် တားမြစ်ထားလို့ပါ။ ဒီအတွေးကို အမြဲတမ်းနှလုံးသွင်းထားရပါမယ်။
ခရစ်ယာန်သမ္မာကျမ်းစာ ဓမ္မသစ်၊ ဓမ္မဟောင်းထဲမှာလည်း ဝက်သားစားခြင်းကို တားမြစ်ထားပါတယ်။ ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။
ဝက်သည်ခွါကွဲပြားသော်လည်းစားမြုံ့ မပြန်သောကြောင့် သင်တို့ ၌ မစင်ကြယ်။ ထိုသို့ သော တိရိစ္ဆာန်၏ အသားကို မစားရ။ အသေကောင်ကိုလည်းမထိရ။ မစင်ကြယ်ဟုသင်တို့မှတ်ရကြမည်။
(ဝတ်ပြုရာကျမ်း -Leviticus 11:1-8) (တရားဟောရာကျမ်း – Deuteronomy 14:3-8 )
ထိုအရပ်၌ တောင်ပေါ်မှာ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။ နတ်ဆိုးအပေါင်းတို့လည်း၊ အကျွန်ုပ်တို့သည် ထိုဝက်ထဲသို့ ဝင်ရပါမည်အကြောင်း စေလွှတ်တော်မူပါဟု တောင်းပန်ပြန်လျှင်၊ ယေရှုသည် ချက်ခြင်း အခွင့်ပေးတော်မူ၏။ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်ထဲသို့ ဝင်သဖြင့်၊ ဝက်အစုသည် အိုင်ကမ်းစောက်ကို တဟုန်တည်းပြေးဆင်း၍ အိုင်၌ အသက်ဆုံးကြ၏။ အရေအတွက်အားဖြင့် နှစ်ထောင်လောက် ရှိ၏။
ရှင်မာကု ခရစ်ဝင် (Mark 5: 11-13)
 
တတိယမြောက်အချက်မှာ ဝက်ကိုမစားရဘူးလို့ တားမြစ်ထားပေမယ့် အလ္လာဟ်အရှင်မြတ်က ဘာကြောင့် ဖန်ဆင်းခဲ့သလဲဆိုတာပါ။ အလ္လာဟ်အရှင်မြတ်က လူသားတွေအတွက် အန္တရာယ်ရှိတဲ့ အခြားသော အရာအမြောက်အမြားကိုလည်း သူ့အကျိုးအကြောင်းနဲ့သူ ဖန်ဆင်းထားပါတယ်။ ဒါကြောင့် ဒီမေးခွန်းက စောဒက မေးခွန်းပါ။ အလ္လာဟ်အရှင်မြတ်က ရှိုင်သွာန်နတ်ဆိုးကိုလည်း ဖန်ဆင်းထားပါတယ်။
အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းရှင်ဖြစ်တာကြောင့် သူဖန်ဆင်းထားတဲ့ ကျေးကျွန်မှန်သမျှကို ဘယ်ဟာမလုပ်နဲ့ ဘယ်ဟာလုပ်လို့ စိတ်တိုင်းကျ သတ်မှတ်ခွင့်ရှိပါတယ်။ အဲဒီအမိန့်တွေနဲ့ ပတ်သက်ပြီး အစ္စလာမ်ဘာသာဝင်တွေ အနေနဲ့ကတော့ ဘာမှ စောဒကတက်စရာအကြောင်းမရှိပါဘူး။
ဘာသာရေးအဆုံးအမဘက်ကနေကြည့်ရင်လည်းကမ္ဘာ့ဘာသာကြီးသုံးခုဖြစ်တဲ့ အစ္စလာမ်၊ ခရစ္စယန်၊ ဂျူး ဘာသာတွေမှာ ဝက်သားစားတာကို သက်ဆိုင်ရာကအသီးသီးတားမြစ်ထားတာကိုတွေ့ရပါလိမ့်မယ်။
သိပ္ပံပညာအရလည်း ဝက်ဟာမစားသုံးသင့်တဲ့သတ္တဝါပါ။
(စတီဗင်)
ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။
Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM