လန်ဒန်မီးလောင်မှု – “မွတ်စလင်တွေသာ လာမကယ်ရင် လူတွေမနည်းမနောသေကြဦးမှာ”

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လန်ဒန်မြို့ရှိ ၂၄ ထပ် Grenfell Tower အဆောက်အအုံမှာ မီးလောင်ကျွမ်းခဲ့ပြီး ယခုအချိန်ထိ သေဆုံးသူ ၁၇ ဦးရှိပြီး လူရာပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။ မီးလောင်ချိန်ဟာ မနက်အစော ၁ နာရီဖြစ်တာကြောင့် ရမဇာန်လနဲ့တိုက်ဆိုင်စွာ အစ္စလာမ်ဘာသာဝင်တွေ တစ်နေကုန် ဥပုသ်စောင့်ဖို့အတွက် ဝါထမင်းထစားချိန်ဖြစ်နေပါတယ်။ ဝတ်ပြုပြီး အိမ်ပြန်နေကြတဲ့ မွတ်စလင်တွေဟာ မီးလောင်မှုနဲ့ ကြုံခဲ့ရတာကြောင့် ကိုယ်ကျိုးစွန့်ကူညီခဲ့ကြတဲ့ ဖြစ်စဉ်ဟာ လန်ဒန်သူ လန်ဒန်သားတွေကြားမှာ ပြောစမှတ်တွင်နေပါပြီ။

အခင်းဖြစ်ပွားရာနေရာကို အရင်ဆုံးသွားရောက်ကူညီခဲ့ပြီး လူတွေကို ဆွဲထုတ်ခဲ့သူတွေက မွတ်စလင်တွေဖြစ်ကြောင်း မျက်မြင်သက်သေတွေ့ရသူတွေက လူမှုကွန်ရက်မီဒီယာတွေမှာရေးသားနေကြပါတယ်။ ဒါ့အပြင် မီးဘေးသင့်ပြည်သူတွေကို အစားအသောက်တွေ ဝေငှခဲ့ကြတယ်လို့လည်း သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ အမျိုးသမီးတစ်ဦးက မွတ်စလင်တွေရဲ့လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး ပြောခဲ့တာကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ရုပ်သံဟာလည်း လူမှုကွန်ရက်မှာပျံ့နှံ့နေပါတယ်။ အဲဒီရုပ်သံကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်။

“ဗလီတွေကနေပြန်လာတဲ့ မွတ်စလင်လူငယ်လေးတွေသာ ကျမတို့ကို အပြေးအလွှားမကူညီခဲ့ဘူးဆိုရင် လူတွေမနည်းမနောသေကြဦးမှာ။

မွတ်စလင်တွေမဟုတ်တာလုပ်ပြီဆိုရင် သူတို့က လက်ညိုးထိုးပြီး မတရားပြောချင်ကြတယ်။ ဒါပေမဲ့ မွတ်စလင်တွေက အခုလို လုပ်ရပ်မျိုးလုပ်ပြခဲ့ကြတယ်။ အခင်းဖြစ်ရာကို သောက်ရေတွေအရင်ဆုံးသယ်လာခဲ့တာ၊ လူတွေကို အပြေးအလွှားကူညီခဲ့တာ၊ အကူအညီတွေလိုက်တောင်းခဲ့ကြတာ မွတ်စလင်တွေပါပဲ” လို့ ပြောခဲ့တာပါ။

#ဉာဏ်အလင်း