အမှန်တရားအတွက် ပြတ်သားရဲသူလေး

ကဏ္ဍ – Moral Story
ချစ်စဖွယ် မိန်းမငယ်လေးတစ်ယောက် ဒီကနေ့ ကျောင်းဆင်းတော့ အကြီးအကျယ်စိတ်ဒုက္ခရောက်ခဲ့ရတယ်။ ၀မ်းနည်းခြင်းနဲ့အတူ မချိတင်ကဲဝေဒနာကြောင့် မျက်နှာလေးနွမ်းနေရှာတယ်။ မိခင်ဖြစ်သူက သမီးမျက်နှာနွမ်းနွမ်းလေးကိုမြင်ပြီး ကျောင်းမှာပြဿနာတစ်ခုခုဖြစ်လာပြီဆိုတာ ချက်ချင်းလိုက်တယ်။
 
သမီးလေးဘာအနှောင့်အယှက်တွေကြုံတွေ့လာခဲ့သလဲဆိုတာ အရမ်းသိချင်နေပေမယ့် မေးသင့်မမေးသင့်စဉ်းစားရင် မိခင်ခမျာ ဂနာမငြိမ်ဖြစ်နေရတယ်။
 
ညစာစားပြီးနောက်မှာတော့ ၀မ်းနည်းကြေကွဲစွာ တိတ်ဆိတ်နေရင်းကနေ မချိုမချဉ်မျက်နှာပေးနဲ့ မိခင်ကိုလှမ်းကြည့်ပြီး …
 
“မေမေရေ သိလား။ သမီးဆရာမက စကပ်အရှည်ဝတ်တာကို အရမ်းစိတ်ဆိုးဒေါသထွက်ပြတယ်။ ဆရာမက တခြားကျောင်းသူတွေလို ကျောင်းလာရင် မီနီစကပ်လေးတွေပဲ ၀တ်လာရမယ်တဲ့။ နောက်နေ့ကစပြီး စကပ်အရှည်ဝတ်လာရင် သမီးကိုအပြစ်ပေးမယ်တဲ့”
 
“သမီးရေ… ဒါပေမဲ့ အလ္လာဟ်က ဒီလိုလုံခြုံစွာဝတ်တာကို ကြိုက်နှစ်သက်တယ်လေ”
 
“မေမေရေ… မေမေပြောတာတော့ မှန်တာပေါ့။ ဒါပေမဲ့ သမီးဆရာမက ဒီလို (အစ္စလာမ့်) ၀တ်စုံကို သဘောမကျဘူးလေ”
 
“ချစ်သမီးလေးရေ။ ဆရာမက ဒီဝတ်စုံမကြိုက်တာ သိပ်သေချာတာပေါ့။ ပြီးတော့ အစ္စလာမ်နဲ့ဆန့်ကျင်ဖက် ၀တ်စုံတွေဝတ်ဖို့ သမီးကိုဖိအားပေးတိုက်တွန်းနေတာလေ။ ဒါပေမဲ့ သမီးအနေနဲ့ ဘယ်သူရဲ့အမိန့်ကို နာခံလိုက်နာသင့်သလဲ။ ဆရာမအမိန့်ကိုလား။ ဒါမှမဟုတ် ဖန်ဆင်းရှင်ရဲ့အမိန့်ကိုလား။ သမီးကိုဖန်ဆင်းထားတဲ့ အရှင်သခင်က သမီးကိုအရမ်းကောင်းမွန်တဲ့ ပင်ကိုစရိုက်နဲ့ စိတ်နေစိတ်ထား ချီးမြှင့်ထားတယ်။ နောက်ပြီးတော့ ကောင်းချီးမင်္ဂလာတွေနဲ့ ဆုလာဘ်တွေလည်း သမီးအပေါ်ချပေးထားသေးတယ်။ ဒါနဲ့များ ဆရာမရဲ့အမိန့်ကို နာခံလိုက်နာဦးမှာလား။ နောက်ပြီး သူ့ဘ၀ရဲ့ကောင်းကျိုးဆိုးကျိုးတွေအတွက်တောင် သူ့မှာ ဘာအာမခံချက်တွေရှိလို့လဲ။ သူတစ်ပါးကိုရော ကောင်းကျိုးဆိုးကျိုးတွေပေးနိုင်လို့လား။ ကောင်းကျိုး၊ ဆိုးကျိုး၊ ဂုဏ်သိက္ခာရှိမှု၊ သေးသိမ်စေမှု၊ သေစေခြင်း၊ ရှင်စေခြင်း အစရှိသဖြင့်ပေါ့။ ဒါတွေအကုန်ကို ဘုန်းတံခိုးနဲ့ ပြည့်စုံတဲ့ သမီးရဲ့ဖန်ဆင်းရှင်ကပဲ ထိန်းချုပ်ပြီး ပြုလုပ်နိုင်တာလေ။ ဒါဆိုရင် အခုဘယ်သူ့နောက်လိုက်သင့်သလဲ။ ဒါမှမဟုတ် ဘယ်သူစိတ်ဆိုးတာကို ခံယူသင့်လဲ ဆိုတာကို သမီးလေးစဉ်းစားဆုံးဖြတ်လို့ရပြီနော်”
 
အဲဒီမှာ သမီးဖြစ်သူက ချက်ချင်းဆိုသလို “အင်ရှာအလ္လာဟ်၊ အနန္တဘုန်းတံခိုးတော်နဲ့ ပြည့်စုံတဲ့ သမီးရဲ့ဖန်ဆင်းရှင်ကိုပဲ ကျေနပ်အောင်လုပ်မှာ” လို့ မိခင်ကိုအဖြေပေးလိုက်တယ်။
 
မိခင်က “အို… သမီးလေးရေ။ မေမေက ဒီအဖြေကိုပဲ မျှော်လင့်နေတာ။ ဒီနည်းလမ်းနဲ့ပဲ ငါ့သမီးလေးကို ပျိုးထောင်လာခဲ့တာ” တဲ့လေ။
 
နောက်နေ့မနက် ကောင်မလေးက အရင်နေ့တွေလိုပဲ ကျောင်းကို စကပ်အရှည်ဝတ်လာခဲ့ပြန်တယ်။ ဒါကိုမြင်လိုက်တဲ့အချိန် ဆရာမရဲ့ဒေါသက တာကျိုးသွားတဲ့ ဆည်လိုပဲ အတားအစီးမဲ့စွာ ပေါက်ထွက်လာပါတော့တယ်။
 
ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးလို၊ မာန်ဖီနေတဲ့ သားရဲတစ်ကောင်လို မျက်လုံးထဲမှာ မီးဝင်းဝင်းတောက်လျက် ဒေါသတကြီးနဲ့ “ဒီလိုစကပ်အရှည်မျိုး ကျောင်းကိုဝတ်မလာဖို့ပြောထားတယ်မဟုတ်လား။ နင်က ငါ့အမိန့်ကိုမလိုက်နာဘဲနေရဲတယ်ပေါ့လေ။ ဆရာ့အမိန့်ကိုပေါ်တင်ချိုးဖောက်တဲ့ကျောင်းသားက အဲဒီဆရာကို စိန်ခေါ်လိုက်တာပဲ။ ကောင်းပြီး အခုငါဘာလုပ်မလဲဆိုတာ စောင့်ကြည့်ပေတော့” လို့ အော်ဟစ်ဆူပူကြိမ်းမောင်းပြီး ထထွက်သွားပါတော့တယ်။
 
ဆရာမရဲ့ဒေါသကြောင့် အတန်းတစ်တန်းလုံးလည်း ကြောက်ရွံတုန်လှုပ်ပြီး တိတ်ဆိတ်ငြိမ်သက်သွားတယ်။ အဲဒီနောက်မှာတော့ ဆရာမအမိန့်ကို မလိုက်နာရကောင်းလားဆိုပြီး အတန်းဖော်တွေကလည်း သူမကို မျက်ထောင့်နီကြီးတွေနဲ့ ၀ိုင်းကြည့်ကြပါတော့တယ်။ ဖိအားတွေအလယ်မှာ အပြစ်မဲ့မိန်းကလေးငယ်ခမျာ အားငယ်ပြီး ငိုမိပါတော့တယ်။
 
ဒါနဲ့ ဆရာမဆီကို ရုတ်တရက်ထသွားပြီး “ဆရာမရှင့်။ ဘယ်သူ့ကိုကျေနပ်အောင်လုပ်ပြီး ဘယ်သူစိတ်ဆိုးတာကိုခံယူသင့်သလဲဆိုတာကို ကျမနားမလည်တော့ပါဘူးရှင်” လို့ပြောလိုက်တယ်။
 
ဆရာမက “နင်ဘယ်သူ့အရှေ့မှာရပ်နေလဲ။ နင့်အရှေ့မှာရှိသူကို ကျေနပ်အောင်လုပ်ရမှာပေါ့”
 
“တစ်ပါးတည်းသောအရှင်” လို့ မိန်းကလေးငယ်က အရိုးခံစိတ်အတိုင်း ဖြေချလိုက်တယ်။
 
“သူကဘယ်သူလဲ ဖြေစမ်း၊ မြန်မြန်ဖြေစမ်း”
 
“ခုနပြောလိုက်တဲ့ တစ်ပါးတည်းသောအရှင်ကို။ အဲဒီအရှင်ကိုပဲ ကျမကျေနပ်အောင်လုပ်ချင်တယ်”
 
ဒေါသကြီးလွန်းတဲ့ဆရာမဟာ သည်းခံစိတ်ကုန်သွားပြီး “အဲဒါဘယ်သူလဲလို့ ငါနင့်ကိုမေးနေတယ်လို့” လို့ အသားကုန်ကြုံးအော်ပါတော့တယ်။
 
မိန်းကလေးငယ်က လက်ညှိုးကို မိုးပေါ်ထောင်ပြီး “ကျမကျေနပ်အောင်လုပ်ချင်တဲ့ တစ်ပါးတည်းသောအရှင်ဆိုတာ ကောင်းကင်အထက်မှာရှိနေတဲ့ ကျမရဲ့အရှင်သခင်ပါပဲ။ ကျမရဲ့ဖန်ဆင်းရှင်၊ ကျမရဲ့ဖန်ဆင်းရှင်၊ ကျမရဲ့ဖန်ဆင်းရှင်ပါပဲ ရှင့်” လို့ ထပ်ခါတလဲလဲပြောချလိုက်ပါတယ်။
 
သူမစကားအဆုံးမှာ အတန်းတစ်တန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားပါတော့တယ်။ ချစ်စဖွယ်မိန်းကလေးငယ်တစ်ယောက်ရဲ့ အလ္လာဟ်အရှင်မြတ်အပေါ် ပြင်းပြတဲ့ ယုံကြည်မှုပါပဲ။ ဆရာမရဲ့မျက်နှာပေါ်မှာ ဒေါသတွေအစား စိုးထိတ်ကြောက်ရွံမှုတွေ အစားထိုးဝင်ရောက်လာတာ မြင်ရပါပြီ။
 
ဆရာမက အကြည့်ကိုလွှဲသွားပါတယ်။ အပေါ်ယံ secular အလွှာကွကျသွားခဲ့ပါပြီ။ မိန်းကလေးငယ်ကတော့ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရဲရဲဝံ့ဝံ့ရပ်တည်နိုင်ခဲ့ပါတယ်။
(မျိုးအိနြေ္ဒပိုရေးသည်)
 
By – Golden Stories of Muslim Women
 
Mediafire – http://bit.ly/2mE2MPq
pCloud – http://bit.ly/2m6cB5B
Dropbox – http://bit.ly/2lqzmnz