မောင်တောဘုန်းကြီးကျောင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄သန်းကျော် ဖမ်းမိ

ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့၊ ရွှေဗဟိုရွာမှ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အရှင်အာစရထံမှ မက်သမ်ဖက်တမင်း စိတ်ကြွရူးသွပ်ဆေးပြားသန်းနှင့်ချီမိခဲ့ကြောင်း AFP သတင်းဌာနက ရေးသားခဲ့သည်။

လွန်ခဲ့သည့်နှစ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားစံချိန်တင်ဖမ်းမိခဲ့ပြီးနောက်ပိုင်း ယခု ဖေဖော်ဝါရီ ၆ ရက်နေ့ က ရွှေဗဟိုကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်ဝှက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား လေးသန်းကျော်ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကားအတွင်းမှ မူးယစ်ဆေးဝါးများရှာဖွေတွေ့ရှိခဲ့ပြီးနောက် အရှင်အာစရသည် ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရသည်။

“ပထမတော့ ဆေးပြားလေးသိန်းတွေ့တယ်” ဟု ဒေသခံရဲအရာရှိ ကျော်မြ၀င်းက AFP သို့ပြောသည်။ “ဒါနဲ့ရဲတပ်ဖွဲ့က ဘုန်းကြီးကျောင်းထဲသွားရှာတော့ နောက်ထပ်ဆေးပြားပေါင်း ၄.၂သန်းရှာတွေ့တာပဲ” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးအများဆုံးထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံများထဲတွင် တစ်နိုင်ငံအပါအ၀င်ဖြစ်ပြီး မက်သမ်ဖက်တမင်းစိတ်ကြွရူးသွပ်ဆေးပြား အများအပြားထုတ်လုပ်ရုံသာမက ဘိန်းဖြူနှင့် ဆေးခြောက်များလည်း ထုတ်လုပ်ကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၉၈သန်းကို ရဲတပ်ဖွဲ့က စံချိန်တင်ဖမ်းမိခဲ့ပြီး ယင်းအရေအတွက်မှာ ၂၀၁၅ ခုနှစ်၌ဖမ်းမိခဲ့သည့် သန်း၅၀ ၏ နှစ်ဆနီးပါးဖြစ်သည်။

မူးယစ်ဆေးဝါးကြောင့် တရားစွဲဆိုခံသူများသည်လည်း ၂၀၁၅ခုနှစ်ကထက် ၅၀ရာခိုင်နှုန်းပိုများလာခဲ့ပြီး စုစုပေါင်း ၁၃၅၀၀ ရှိခဲ့သည်။ ယင်းသည် ဒေသတွင်း မူးယစ်ကုန်သွယ်မှုကြီးထွားလာခြင်းကို ပေါ်လွင်ထင်ဟပ်စေကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ရခိုင်ပြည်နယ်၌ မူးယစ်ကုန်ကူးခြင်းမြင့်တက်လျက်ရှိသည်။ လွန်ခဲ့သည့်စက်တင်ဘာလ၌လည်း လူနှစ်ယောက်စီးလာသည့်ကားအတွင်း မက်သမ်ဖက်တမင်း စိတ်ကြွရူးသွပ်ဆေးပြား ၆.၂သန်းကို မောင်တောမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သေးသည်။

ဓာတ်ပုံအညွှန်း – File photo of methamphetamine pills. (Photo: AFP / LILLIAN SUWANRUMPHA)

Ref : AFP

ဉာဏ်အလင်း

ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၃) ကို Download ရယူရန် –
Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE