မြောက်အမေရိကရဲ့ သက်တမ်းအရှည်ဆုံးဗလီဝတ်ကျောင်းတော်

ကဏ္ဍ – Muslim Heritage
အမေရိက မိခင်ဗလီ
အမေရိက မိခင်ဗလီ (The Mother Mosque of America) ကို တစ်ချိန်က The Rose of Fratemity Lodge လို့ ခေါ်တွင်သလို မွတ်စလင်ဝတ်ကျောင်း (Moslem Temple) လို့လည်း ခေါ်တွင်ခဲ့ပါတယ်။ ဒီဗလီဟာ အမေရိကန်ပြည်ထောင်စု အိုင်အိုဝါးပြည်နယ် ဆီဒါး ရက်ပစ်မြို့မှာ တည်ရှိပြီး မြောက်အမေရိကန်တစ်လွှားမှာ သက်တမ်းအရှည်ဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်ပါတယ်။
 
ဒီဗလီကို ၁၉၃၄ ခုနှစ်မှာ ဆောက်လုပ်ခဲ့ပါတယ်။ သူ့အရင် မြောက်ဒါကိုတာပြည်နယ် ရော့စ်မြို့မှာ ၁၉၂၉ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ ဗလီတစ်လုံးရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဗလီကို ၁၉၇၀ ပြည့်နှစ်ကာလမှာ ဖြိုဖျက်ပစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်ရောက်မှ အသစ်ပြန်ဆောက်လုပ်ခဲ့တာကြောင့် မိခင်ဗလီက သက်တမ်းအရှည်ဆုံး စာရင်းဝင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီဗလီဟာ ကနေဒါနိုင်ငံ အလ်ဘာတာပြည်နယ် အဒ်မွန်တန်မှာရှိတဲ့ အလ်-ရှရီးဒ်ဗလီဝတ်ကျောင်းတော်ထက်လည်း နှစ်အနည်းငယ်စောပါတယ်။
 
မိခင်ဗလီကိုဆောက်လုပ်ခဲ့သူတွေကတော့ ဒီနေ့ခေတ် လက်ဘနွန်နဲ့ ဆီရီးယားဒေသတွေက လာရောက်အခြေချနေထိုင်တဲ့ ဒေသခံတွေနဲ့ သူတို့ရဲ့မျိုးဆက်တွေဖြစ်ပါတယ်။ ဗလီဆောက်လုပ်ရေးလုပ်ငန်းစဉ်ကို ၁၉၃၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ရက်မှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ကနဦးအဆောက်အုံ သေးသေးလေးဟာ နှစ်ပေါင်း ၄၀ တိုင်တိုင် မွတ်စလင်တွေအတွက် ၀တ်ပြုရာဗလီကျောင်းအဖြစ် တာဝန်ထမ်းဆောင်ပေးခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာ ဆီဒါး ရက်ပစ် အစ္စလာမ္မစ်စင်တာ (Islamic Center of Cedar Rapids) လို့အမည်ရတဲ့ ပိုကြီးတဲ့ ဗလီကြီးဆောက်လုပ်ပြီးသွားတော့ အရင်ဗလီဟောင်းအဆောက်အအုံလေးကို ရောင်းချလိုက်ကြပါတယ်။ ဒီလိုနဲ့ နောက်ထပ်နှစ်ပေါင်း ၂၀ တိုင်တိုင် လက်ဆင့်ကမ်းပိုင်ဆိုင်လာခဲ့ကြတဲ့ ပိုင်ရှင်တွေလက်ထဲမှာ အဆောက်အအုံကို မပြုမပြင်ဘဲ ပစ်ထားသလိုဖြစ်ခဲ့ပါတယ်။
 
၁၉၉၁ ခုနှစ်ရောက်တော့ အိုင်အိုဝါ အစ္စလာမ္မစ်ကောင်စီက အဲဒီဗလီအဆောက်အအုံကိုပြန်လည်ဝယ်ယူလိုက်ပါတယ်။ ပြီးတော့ သေသေချာချာပြုပြင်မွမ်းမံပြီး မွတ်စလင်ယဉ်ကျေးမှုစင်တာ၊ ဗလီဝတ်ကျောင်းတော်အဖြစ် ပြန်လည်ဖွင့်လှစ်လိုက်ပါတော့တယ်။ အဆောက်အအုံပြန်လည်ဝယ်ယူခြင်းနဲ့ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းကို အီမာမ်ရှေ့ဆောင်ဆရာ သွာဟာ သ၀ီးလ်နဲ့ ဒေါက်တာ သောမတ်စ် ဘီ. အာရ်ဗင်းတို့က ဦးဆောင်ပြီး ဒေသခံမွတ်စလင်အသိုင်းအ၀ိုင်းက ကိုယ်ထူကိုယ်ထလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
 
မိခင်ဗလီဟာ တိတ်ဆိတ်အေးချမ်းတဲ့ရပ်ကွက်ထဲမှာတည်ရှိပါတယ်။ ဘေးတစ်ဖက်တစ်ချက်ဆီမှာတော့ လူနေအိမ်တွေနဲ့ ၀န်းရံထားပါတယ်။ အရွယ်အစားသေးငယ်တာကြောင့် အရှေ့အိုင်အိုဝါနဲ့ ဆီဒါးရက်ပစ် တစ်ဝိုက်က မွတ်စလင်အများစုဟာ တခြားဗလီတွေမှာ သွားရောက်ဝတ်ပြုလေ့ရှိကြပါတယ်။ ဒါပေမဲ့ မိခင်ဗလီကတော့ အချက်အလက်ဆိုင်ရာ၊ ၀တ်ပြုခြင်းဆိုင်ရာနဲ့ အသိုင်းအ၀ိုင်းဆိုင်ရာအတွက် အရေးပါတဲ့ အချက်အချာဌာနတစ်ခုအဖြစ် ရပ်တည်နေဆဲပါပဲ။
 
မိခင်ဗလီကို အိုင်အိုဝါသမိုင်းမှတ်တမ်းဌာနနဲ့ သမိုင်းဝင်နေရာများဆိုင်ရာ အမျိုးသားမှတ်ပုံတင်ဌာနတို့က မှတ်တမ်းပြုလုပ်ထားပြီး “အမေရိကန်ဘာသာရေးသမိုင်းအတွက်အရေးပါတဲ့ အဆောက်အအုံဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုဟာ အစ္စလာမ်ဘာသာနဲ့ မွတ်စလင်တွေကို လက်သင့်ခံခြင်းနဲ့ လွတ်လပ်ခွင့်ပေးခြင်းရဲ့ ပြယုဂ်ဖြစ်ကြောင်း” မှတ်ချက်ပြုရေးသားထားပါတယ်။ အမျိုးသားမှတ်ပုံတင်ဌာနမှာလည်း ၁၉၉၆ ခုနှစ်က မွတ်စလင်ဝတ်ကျောင်း (Moslem Temple) အဖြစ် မှတ်ပုံတင်ထားပါတယ်။
 
၂၀၀၈ ခုနှစ် ဇွန်လမှာ ရေကြီးမှုဖြစ်ခဲ့တာကြောင့် ဗလီမြေအောက်ခန်း ရေလျှံသွားခဲ့ပြီး ကာလရှည်စုဆောင်းထားတဲ့ စာအုပ်တွေ၊ မှတ်တမ်းတွေ ပျက်စီးဆုံးရှုံးခဲ့ရပါသေးတယ်။
(စတီဗင်ရေးသည်)

ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၄) ကို Download ရယူရန် –

Mediafire – http://bit.ly/2mE2MPq
pCloud – http://bit.ly/2m6cB5B
Dropbox – http://bit.ly/2lqzmnz