အမေရိကန်မှာ ဗလီတစ်လုံးဗုံးခွဲတိုက်ခိုက်ခံရ

အမေရိကန်ပြည်ထောင်စု မင်နီစိုးတားပြည်နယ်မှာရှိတဲ့ ဗလီတစ်လုံးမှာ အကြမ်းဖက်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ မနက်အစောပိုင်း ၅ နာရီခန့် (ဖဂျရ်ဆွလားသ်) ဝတ်ပြုဆုတောင်းမှုအတွက် ပြင်ဆင်နေချိန်မှာပဲ ဗလီပြတင်းပေါက်ထဲကနေ ဗုံးတစ်လုံးပစ်သွင်းခံလိုက်ရတာဖြစ်ကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောကြားလိုက်ပါတယ်။
 
အခင်းဖြစ်ပွားခဲ့တဲ့ ဒါရလ်ဖာရူးက် အစ္စလာမ္မစ်စင်တာ ဗလီဝတ်ကျောင်းတော်ဟာ မင်နီယာပိုလစ်မြို့တောင်ဘက် ဘလူမင်တန်မြို့မှာရှိပါတယ်။ ဗုံးပေါက်မှုကြောင့် ဗလီရှေ့ဆောင်ဆရာ အီမာမ်ရဲ့ရုံးခန်းထိခိုက်ပျက်စီးခဲ့ပေမယ့် လူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ပါဘူး။ အခင်းဖြစ်ပွားချိန် ဗလီထဲမှာ လူ ၁၅-၂၀ လောက်ရှိနေပြီး သူတို့တွေဟာ မီးသတ်သမားတွေမလာခင် မီးငြှိမ်းနိုင်ခဲ့ကြပါတယ်။ မင်နီစိုးတားပြည်နယ် အမေရိကန်မွတ်စလင်အသိုင်းအဝိုင်းအဖွဲ့ (Muslim American Society of Minnesota) ဒါရိုက်တာ အာဆဒ်ဇမာန်းက “ဗုံးပေါက်ကွဲမှုမတိုင်ခင် အပြင်ဘက်က ဗင်ကားသို့မဟုတ် ထရပ်ကားထဲကနေ အီမာမ်ရုံးခန်းတည့်တည့်ကို ဗလီပြတင်းပေါက်ကတစ်ဆင့် ဗုံးတစ်လုံး ပစ်သွားခဲ့ပါတယ်။ WCCO-TV သတင်းဌာနရဲ့ဖော်ပြချက်အရ ဗုံးဟာမီးလောင်ဗုံးအမျိုးအစားဖြစ်နိုင်တယ်လို့ သိရပါတယ်။
 
ဗလီပုံမှန်လာလေ့ရှိသူ ယာစိရ် အဗ္ဗဒွရ်ရဟ်မာန်းက “ကျနော်တို့ဒီနိုင်ငံကိုလာတဲ့အကြောင်းအရင်းက လွတ်လပ်စွာဝတ်ပြုဆုတောင်းခွင့်ရှိဖို့ပါပဲ။ ဒါပေမဲ့ လွတ်လပ်မှုဟာ ခြိမ်းခြောက်ခံနေရပါတယ်။ အခုလိုအဖြစ်အပျက်ဟာ အမေရိကန်အားလုံးကို စော်ကားသွားတယ်ဆိုတဲ့ ခံစားချက်မျိုး လူတိုင်းရှိသင့်ပါတယ်” လို့ ပြောသွားပါတယ်။
 
ဒါရလ်ဖာရူးက်ဗလီမှာ လာရောက်ဝတ်ပြုသူအများစုဟာ ဆိုမာလီမွတ်စလင်အသိုင်းအဝိုင်းကဖြစ်ပါတယ်။ ဗလီဟာ မကြာခဏဆိုသလို အီးမေးလ်၊ ဖုန်းတို့ကတစ်ဆင့် ခြိမ်းခြောက်မှုတွေကြုံခဲ့ရတာကြာခဲ့ပါပြီလို့ ဗလီဒါရိုက်တာ မုဟမ္မဒ်အိုမရ်က ရှင်းလင်းပြောကြားသွားပါတယ်။ အခုအကြမ်းဖက်မှုကိုကျူးလွန်ခဲ့သူကို ဖမ်းမိဖို့အတွက် သတင်းပေးနိုင်ခဲ့သူကို ဒေါ်လာ ၁၀,၀၀၀ ဆုကြေးငွေချီးမြှင့်သွားမယ်လို့လည်း ဗလီဘက်က ကြေညာထားပါတယ်။
 
Ref: Asianimage.co.uk
ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ
Mediafire – http://bit.ly/2umlRbf