မဟုတ်မမှန်ရေးသားဖော်ပြမှုများကို အရေးယူမည်ဟု သာသနာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

မျိုးချစ်အမည်ခံအုပ်စုများ အမုန်းတရားနှင့် ကောလဟလဖြန့်ဖြူးရန် အသုံးပြုနေသည်ဟုယူဆရသော “မျိုးစောင့်ဥပဒေ ကမ္ဘာတည်စေ” အမည်ရှိ Facebook စာမျက်တွင် ဇွန်လ (၄) ရက်က မဟုတ်မမှန်ရေးသားဖော်ပြနေမှုများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုရေးရာ ဝန်ကြီးဌာနက ၎င်းတို့၏ တရားဝင် Website တွင် ထုတ်ပြန်ကြေညာလိုက်သည်။
သာသနာရေးဝန်ကြီးဌာနသည် အစ္စလာမ်ဘာသာဝင်များ၏ ရမ်မဒွါန်ဥပုသ်လအတွင်း ဝါဖြေရန်နှင့် ဝတ်ပြုဆုတောင်းရန်အခက်အခဲမဖြစ်စေရေးအတွက် ပိတ်ပင်ခံထားရသည့် အာရဗီကျောင်းများနှင့် ဗလီများတွင် ဝတ်ပြုခွင့် ပေးလိုက်ပြီဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝန်များအနေဖြင့် လမ်းမသို့ထွက်၍ဝတ်ပြုနေကြောင်း အစရှိသဖြင့် မဟုတ်မမှန်အကြောင်းအရာများကို အဆိုပါ Facebook စာမျက်နှာက လှုံဆော်ရေးသားလျက်ရှိသည်ဟု ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည်။
ဤထုတ်ပြန်ချက်နှင့် ပတ်သက်၍ အမုန်းတရားနှင့် ကောလဟလဖြန့်ဖြူးနေသော “မျိုးစောင့်ဥပဒေကမ္ဘာတည်စေ” အစွန်းရောက် Facebook စာမျက်နှာက သာသနာရေးဝန်ကြီးဌာနအား “ညံ့ဖျင်းသော သတင်းရယူမှု၊ ဗဟုသုတ မကြွယ်ဝသော၊ အပြစ်တင်ရန် တရားခံသာ ရှာတတ်သော ပြည်ထောင်စုဝန်ကြီးနှင့် လက်အောက်ခံ ဝန်ထမ်းများ ရှိနေသည့် ဌာန” ဟု စွပ်စွဲ ပြစ်တင် တုံ့ပြန်ခဲ့သည်။
မေလ ၃၁ ရက် ညနေပိုင်းတွင် သာကတေမြို့နယ် အနော်မာ (၁၃) လမ်း အနောက် လမ်းမပေါ်၌ ၁၅ မိနစ်ခန့် ဝတ်ပြုဆုတောင်းခဲ့ကြသော ပြည်သူ ၅၀ ဦးခန့်အား အများပြည်သူသွားလာသည့် လမ်းပေါ်၌ ခွင့်ပြုချက်မရှိဆုတောင်းသည်ဟု ဆိုကာ ယင်းကဲ့သို့အပြုအမူများလုပ်ဆောင်ခြင်းလုံးဝမပြုရန် ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၃၃ အရ အမိန့်ကြေညာချက်တစ်စောင်ကို သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး အောင်ဆန်းဝင်းက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
 
ယင်းအခြေအနေနှင့်ပတ်သက်၍ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ၏ ပြောရေးဆိုခွင့်ရှိသူ Phil Robertson က VOA သတင်းဌာနကို ယခုလိုပြောခဲ့သေးသည်။
 
“ပိတ်ခံထားရတဲ့ ဗလီတွေနဲ့ ဘာသာရေးကျောင်းတွေကို ပြန်လည်ဖွင့်ပေးသင့်ပါတယ်။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အရ ဘာသာရေးဝတ်ပြုဆုတောင်းမှုတွေအပေါ်မှာ အရေးယူမယ်လို့ ခြိမ်းခြောက်ဟန့်တားတာမျိုးတွေ မလုပ်သင့်ပါဘူး။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဟာ တကမ္ဘာလုံးက လေးစားလိုက်နာရမယ့် လူ့အခွင့်အရေးတရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ စိုးရိမ်စရာကောင်းတဲ့ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကမ္ဘာက စောင့်ကြည့်နေတယ်လို့ ပြောပါရစေ။” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
 
ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။
 
Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7