မိမိခြံဝင်းအတွင်း MI 5 က ဖောက်ခွဲရေးပစ္စည်းများထားသွားကြောင်း လန်ဒန်မွတ်စလင်ခေါင်းဆောင် ထွက်ဆို

ဉာဏ်အလင်း

လန်ဒန်မှ မွတ်စလင်အသိုင်းအဝိုင်းခေါင်းဆောင်တစ်ဦး၏ ခြံဝင်းအတွင်း ပလက်စတစ်ဖောက်ခွဲရေးပစ္စည်းတစ်ခုတွေ့သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည်။ တရားစွဲဆိုခံထားရသည့်ခေါင်းဆောင်မှာ အသက် ၆၃ နှစ်အရွယ် ခါလစ်ရရှီးဒ်ဆိုသူဖြစ်ပြီး မိမိကို ဗြိတိသျှထောက်လှမ်းရေးအဖွဲ့က သူလျှိုလုပ်ပေးရန်ကမ်းလှမ်းချက်အား ငြင်းဆိုလိုက်ပြီးနောက် ယခုကဲ့သို့ အမှုရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဂျူရီလူကြီးများသို့ လျှောက်ထား ထားသည်။

မစ္စတာရရှီးဒ်သည် ၈ အောင်စ (၂၂၆ ဂရမ်) အလေးချိန်ရှိ ဖောက်ခွဲရေးပစ္စည်းများ၊ ၉ မမ ကျည်ကတ်တစ်ကတ်နှင့် ၈မမ ကျည်တောင့်ငါးတောင့် ပိုင်ဆိုင်မှုဖြင့် Old Bailey တရားရုံးတွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။ လွန်ခဲ့သည့် ဧပြီလက မစ္စတာရရှီးဒ်၏ နေအိမ်တန်းလျားကို ရဲတပ်ဖွဲ့က ရှာဖွေစဉ် နောက်ဖေးခြံဝင်းထဲမှာ ယခုလိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းကမူ အဆိုပါဖောက်ခွဲရေးပစ္စည်းများကို တစ်စုံတစ်ဦးက ၎င်း၏ကားဂိုဒေါင်အတွင်း လာထားသွားခြင်းဖြစ်ကြောင်းနှင့် မိမိတွင်အပြစ်လုံးဝမရှိကြောင်း ခိုင်ခိုင်မာမာထွက်ဆိုထားသည်။

တရားရုံးကြားနာချိန်တွင် မစ္စတာရရှီးဒ်က မိမိသည် ဂျာမေကန်လူမျိုးဖြစ်ကြောင်း ၁၉၉၃ ခုနှစ်တွင် အစ္စလာမ်ဘာသာသို့ကူးပြောင်းပြီးနောက်နာမည်ပြောင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် လန်ဒန်အနောက်ပိုင်း အက်တန်မှ အန်နူးရ် ယဉ်ကျေးမှုနှင့် အသိုင်းအဝိုင်းစင်တာတွင် ဦးစီးဦးဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ကြောင်း ဂျူရီလူကြီးများကို လျှောက်ထားခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဗြိတိသျှထောက်လှမ်းရေး MI5 အဖွဲ့က ၎င်းကိုဆက်သွယ်ခဲ့ပြီး သူလျှိုအဖြစ်ဆောင်ရွက်ပေးရန် ကမ်းလှမ်းခဲ့ကြောင်းလည်း တင်ပြခဲ့သည်။

“လန်ဒန်အနောက်ပိုင်းက မွတ်စလင်ခေါင်းဆောင်တစ်ဦးကို မှတ်တမ်းစာအုပ်ပြင်ပမှာ လှုပ်ရှားတဲ့ သူလျှိုတစ်ယောက်အဖြစ် ကျွန်တော့်ကိုအသုံးချချင်ခဲ့တာ” ဟု မစ္စတာ ရရှီးဒ်က ထွက်ဆိုခဲ့ပြီး မိမိသည် ထိုကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ကြောင်းလည်းပြောသွားခဲ့သည်။ ယင်းဖောက်ခွဲရေးပစ္စည်းများနှင့် ထောက်လှမ်းရေးအဖွဲ့ ဆက်နွှယ်မှုရှိမရှိ တရားရုံးက မေးမြန်းခဲ့ရာ “နောက်ဆုံးတော့လည်း ဘယ်ပြောနိုင်မလဲ။ ဘယ်သူလာထားသွားလဲဆိုတာ ကျွန်တော်မှမမြင်တာ။ ဘယ်သူဘယ်ဝါဆိုပြီး လက်ညှိုးမထိုးနိုင်ပေမယ့် သူတို့(MI5) က ထားသွားတယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်” ဟု ထွက်ဆိုသွားခဲ့သည်။

မစ္စတာရရှီးဒ်၏ အမှုမှာဆက်လက်ကြားနာနေဆဲဖြစ်သည်။

Ref: 5 Pillars

======================
စက်တင်ဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၀) ဟာ 5 MB သာရှိတာကြောင့် အလွယ်တကူပေါ့ပေါ့ပါးပါး အခမဲ့ Download ရယူနိုင်မှာပါ။ ကဏ္ဍစုံလင်တဲ့ ရသစုံ ဉာဏ်အလင်းမဂ္ဂဇင်းကို ဖတ်ဖို့ အောက်ဖော်ပြပါ Mediafire သို့မဟုတ် pCloud ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ရယူလိုက်ပါ။

Mediafire – http://bit.ly/2xGZNs6
pCloud – http://bit.ly/2xLG8J1