မတရားမှုကို နှုတ်ဆိတ်မနေဖို့ သတိပေးတဲ့ မာတင်နီးမိုလာ

ကဏ္ဍ – Social Science
 
(မောင်သုညရေးသည်)
 
မာတင်နီးမိုလာ (၁၈၉၂-၁၉၈၄) ဟာ ပရိုတက်စတင့်ဘာသာဝင် ဘုန်းတော်ကြီးတစ်ပါးဖြစ်ပါတယ်။ ဟစ်တလာအုပ်ချုပ်စဉ်ကာလမှာ နာဇီဆန့်ကျင်ရေးစကားတွေ လူသိရှင်ကြား ပြောခဲ့တာကြောင့် စစ်အကျဉ်းစခန်းတွေထဲမှာ ခုနှစ်နှစ်တိုင်တိုင်အကျဉ်းကျခံခဲ့ရပါတယ်။
 
နီးမိုလာကို လူအများအမှတ်ရနေလောက်အောင် ကမ္ဘာကျော်စေခဲ့တဲ့ မိန့်ခွန်းတစ်ခုရှိပါတယ်။ အဲဒီမိန့်ခွန်းကို ကောက်နုတ်ပြီး အောက်ပါစာသားတွေကို ကဗျာဆန်ဆန်ပြန်လည်ရေးဖွဲ့ခဲ့တာပါ။ အဲဒါကတော့ –
 
ပထမဦးဆုံး ကွန်မြူနစ်တွေခံရတဲ့အလှည့်မှာ ကျနော်နှုတ်ဆိတ်နေခဲ့တယ်
ကျနော်ကကွန်မြူနစ်မှမဟုတ်ဘဲ။
 
နောက်တော့ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေ ခံရတဲ့အလှည့်မှာ ကျနော်နှုတ်ဆိတ်နေပြန်တယ်
ကျနော်နဲ့ အလုပ်သမားသမဂ္ဂနဲ့မှမဆိုင်ဘဲ။
 
ပြီးတော့ ဂျူးတွေခံရတဲ့အလှည့်မှာလည်း ကျနော်နှုတ်ဆိတ်နေတုန်းပဲ
ကျနော်က ဂျူးမှမဟုတ်ဘဲ။
 
နောက်ဆုံး ကိုယ်ခံရမယ့်အလှည့်ရောက်လာတော့
ကိုယ့်အတွက်ပြောပေးမယ့်လူတစ်ယောက်မှမကျန်တော့ဘူး။
အထက်ပါပြောကဗျာကို စစ်ကြီးပြီးခါစမှာ မာတင်နီးမိုလာက ပြောခဲ့တာဖြစ်ပါတယ်။ ဒီ ကဗျာကိုမှီငြမ်းပြီး မူကွဲတွေအများကြီးပေါ်လာခဲ့ပါတယ်။ ကိုယ့်နိုင်ငံကိုယ့်ဒေသနဲ့ ကိုက်ညီတာကို အစားထိုးပြီး ပြန်သုံးနှုံးခဲ့ကြပါတယ်။ ဒီကဗျာကို အခြေခံပြီး မှီငြမ်းတဲ့ မူကွဲတွေအများအပြားပေါ်လာတာနဲ့အမျှ အငြင်းပွားစရာတွေလည်းတိုးလာပါတယ်။
 
မူရင်းကဗျာမှာပါတဲ့ အုပ်စု (ကွန်မြူနစ်၊ အလုပ်သမားသမဂ္ဂ၊ ဂျူး) တွေရဲ့နေရာမှာ တခြား (ကက်သလစ်၊ ယေဟောဝါရဲ့သက်သေတော်များ၊ မွတ်စလင်၊ ရိုဟင်ဂျာ … အစရှိတဲ့) အုပ်စုတွေကို အစားထိုးခဲ့ပါတယ်။ နီးမိုလာရဲ့ မူရင်းကဗျာထဲက “ကိုယ်” ဆိုတာကတော့ ပရိုတက်စတင့် ချာခ်ျကျောင်းခေါင်းဆောင်တွေကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။ အဲဒီခေါင်းဆောင်တွေက ဂျာမန်တွေဖြစ်ပါတယ်။ နာဇီတွေရဲ့ မတရားဖမ်းဆီးထောင်ချခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းနဲ့ သန်းပေါင်းများစွာသောလူတွေကို သတ်ဖြတ်နေတာနဲ့ပတ်သက်ပြီး အဲဒီခေါင်းဆောင်တွေက အများသိအောင် ထုတ်ဖော်ဆန့်ကျင်ခြင်းမပြုဘဲ နှုတ်ဆိတ်နေကာ လူမျိုးတုံးသတ်ဖြတ်မှုကို မျက်နှာလွှဲခဲပစ်လုပ်ခဲ့ပါတယ်။ နှုတ်ဆိတ်နေခြင်းဟာ ၀န်ခံခြင်းတစ်မျိုးပါပဲ။
 
၁၉၆၃ ခုနှစ်ရောက်တော့မှသာ အနောက်ဂျာမနီရုပ်သံတစ်ခုနဲ့ အင်တာဗျူးမှာ မာတင်နီးမိုလာက မိမိအနေနဲ့ ဂျူးဆန့်ကျင်ရေးဝါဒကို ဟိုးအရင်တစ်ချိန်က ကိုင်ဆွဲခဲ့မိတဲ့အပေါ် နောင်တရကြောင်း ၀န်ခံခဲ့ပါတယ် (Gerlach, 2000, p.47)။ ဘယ်လိုပဲဖြစ်ဖြစ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီးနဲ့ ဂျူးတွေနစ်နာခံစားခဲ့ရတာနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေခြင်းကို ချိုးဖျက်ကာ လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့တဲ့ အစောဆုံး ဂျာမန်တွေထဲမှာ နီးမိုလာလည်း ပါဝင်ခဲ့ပါတယ်။
၁၉၄၆ ခုနှစ် ဇန်န၀ါရီက သူ့ရဲ့စာအုပ်ဖြစ်တဲ့ Über die deutsche Schuld, Not und Hoffnung (လိပ်ပြာမလုံခြင်း နှင့် မျှော်လင့်ချက်) မှာ အခုလိုရေးခဲ့ပါတယ်။
 
“အရင်ကတည်းက ကျနော်နဲ့ရင်းနှီးတဲ့ ဂျူးတစ်ယောက်နဲ့ ဆုံဖို့ အခွင့်သာခဲ့ပြီဆိုရင် ကျနော်က ခရစ်ယာန်တစ်ယောက်အနေနဲ့ ပြောဖို့အတော်ခက်တယ်။ ဒီတော့ ‘သူငယ်ချင်းရေ။ မင်းအရှေ့မှာ ငါရပ်နေပေမယ့် ငါတို့ အတူပေါင်းသင်းလို့တော့မဖြစ်နိုင်ဘူး။ မင်းနဲ့ငါနဲ့ကြားမှာ လိပ်ပြာမလုံမှုကြီးတစ်ခုရှိနေတယ် (သဘောကငါအပြစ်မကင်းဘူးလို့ခံစားရတယ်)’ လို့ပြောရတယ်။ ကျနော်နဲ့ ကျနော့်လူမျိုးတွေဟာ သူတို့အပေါ် အပြစ်ကျူးလွန်ခဲ့သလို ကိုယ့်လူမျိုးအပေါ်မှာလည်း ပြန်ပြီးအပြစ်ကျူးလွန်ခဲ့ကြတယ်”
 
မလေးရှားရောက် ဒေါက်တာကိုကိုကြီးက မာတင်နီးမိုလာရဲ့ အထက်က ကဗျာကို မှီငြမ်းပြီး သူ့ရဲ့ Blog ဖြစ်တဲ့ drkokogyi.wordpress မှာ မြန်မာပြည်အခြေအနေကို အခြေယူပြီး အင်္ဂလိပ်ဘာသာနဲ့ ရေးထားတာကို ဘာသာပြန်ဖော်ပြလိုက်ရပါတယ်။
 
ပထမဦးဆုံး ရိုဟင်ဂျာတွေခံရတဲ့အလှည့်မှာ ကျနော်နှုတ်ဆိတ်နေခဲ့တယ်
ကျနော်က ရိုဟင်ဂျာမှမဟုတ်ဘဲ။
 
ပြီးတော့ ဘင်္ဂလီတွေခံရတဲ့အလှည့်မှာ ကျနော်နှုတ်ဆိတ်နေခဲ့တယ်
ကျနော်က ဘင်္ဂလီမှမဟုတ်ဘဲ။
 
ပြီးတော့ ကုလား (အိန္ဒိယနွယ်ဖွားတွေကို နှိမ်သည့်အသုံးအနှုံး) တွေခံရတဲ့အလှည့်မှာ ကျနော်နှုတ်ဆိတ်နေခဲ့တယ်
ကျနော်က ကုလားမှမဟုတ်ဘဲ။
 
ပြီးတော့ မွတ်စလင်တွေခံရတဲ့အလှည့်ရောက်တော့ ကျနော်နှုတ်ဆိတ်နေခဲ့တယ်
ကျနော်က မွတ်စလင်မှမဟုတ်ဘဲ။
 
အခု ခရစ်ယာန်တွေခံရတဲ့အလှည့်ရောက်လာတော့လည်း ကျနော်နှုတ်ဆိတ်နေခဲ့တယ်
ကျနော်က ခရစ်ယာန်မှမဟုတ်ဘူး။
 
နောက်ဆုံးတော့ NLD အစိုးရ၊ ဒီမိုကရက်တစ်အင်အားစုတွေ ခံရတဲ့အလှည့်ရောက်လာပြီ။ ဒီအချိန်မှာတော့ ကျနော့်
အတွက်ရော၊ NLD အစိုးရအတွက်ရော၊ ဒီမိုကရေစီအင်အားစုတွေအတွက် ပြောပေးမယ့်လူ တစ်ယောက်မှ
မကျန်တော့ဘူး။
 
ကိုယ့်ခံရတဲ့အလှည့် ကိုယ့်အတွက်ရပ်တည်ပေးမယ့်လူလိုချင်ရင် သူတစ်ပါးခံရချိန်မှာ နှုတ်ဆိတ်မနေဘဲ ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောကြားဖို့ လိုအပ်ကြောင်း မာတင်နီးမိုလာက ကဗျာတစ်ပုဒ်နဲ့ စာတစ်အုပ်ရေးခဲ့ကြောင်း တင်ပြလိုက်ရပါတယ်။
 
ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oN7U1f
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1