အမေ့ကျေးဇူး ကျောက်ကပ်ဖြင့်ဆပ်သူ

အာရဗစ်ရုပ်သံလိုင်းတစ်ခုထုတ်လွှင့်နေတုန်း အလီဘော်နီ (Ali Borni) ဆိုတဲ့ တူနီရှားသားက သူ့အမေအတွက် ကျောက်ကပ်လှူဒါန်းခြင်းကို လက်ခံပေးဖို့ ငိုယိုတောင်းဆိုခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီလိုလုပ်ရတာက သူ့ရဲ့မိခင်ဟာ ကျောက်ကပ်ရောဂါဖြစ်နေကြောင်းသိလိုက်ရလို့ပါတဲ့။
အီတလီမှာနေတဲ့ သားကိုတွေ့ရမယ်ထင်လို့ မိခင်ဖြစ်သူက ရုပ်သံလွှင့်တဲ့ဌာနကိုလာခဲ့တာပါ။ ဒါပေမဲ့ သူမရဲ့သားအငယ်က စတူဒီယိုထဲကနေစောင့်နေတာတွေ့ရတော့ မဖြစ်နိုင်ဘူးလို့ တွေးမိလိုက်သေးတယ်။ ဘာကြောင့်လဲဆိုတော့ သားငယ်အဲဒီကိုရောက်နေတဲ့အကြောင်းအရင်းကို သဘောပေါက်လိုက်တာကြောင့်ပါ။ ဒါကြောင့် မြင်မြင်ချင်းပဲ “ဟင့်အင်း” ဆိုပြီးစငြင်းပါတော့တယ်။

ရုပ်သံလိုင်း တိုက်ရိုက်ထုတ်လွှင့်မှုကတစ်ဆင့် သူ့ရဲ့ကျောက်ကပ်အလှူကို မိခင်ဖြစ်သူငြင်းမရအောင် လုပ်ဖို့အတွက် သားငယ်က ကြိုးစားခဲ့တာဖြစ်ပါတယ်။ သားဖြစ်သူရဲ့လုပ်ရပ်ကို လူသန်းပေါင်းများစွာက ချီးမွမ်းခဲ့ကြပါတယ်။

ခေါင်းမာတဲ့မိခင်ဖြစ်သူက သားဖြစ်သူရဲ့ကမ်းလှမ်းချက်ကို ပထမတော့ ပြင်းပြင်းထန်ထန်ကိုငြင်းခဲ့တာပါ။ အပြန်အလှန်အငြင်းအခုန်ဖြစ်ပြီးတဲ့နောက် သူမက ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်ချနိုင်ဖို့အတွက် အလ္လာဟ်အရှင်မြတ်ထံစတင်ဆုတောင်းပြီး အကူအညီတောင်းခံခဲ့ပါတယ်။

အကယ်လို့သားဖြစ်သူဆီကနေ ကျောက်ကပ်ယူမယ်ဆိုရင် သားငယ်လေးထိခိုက်နာကျင်သွားမှာနဲ့ အသက်အန္တရာယ်ရှိမှာကို သူမက စိုးရိမ်နေခဲ့တာကြောင့် ငြင်းနေတာပါ။

သားဖြစ်သူက အားကစားသမားလည်းဖြစ်တာကြောင့် သူ့ရဲ့ကျောက်ကပ်တစ်လုံးသာလှူလိုက်မယ်ဆိုရင် ကျန်းမာရေးထိခိုက်ပြီး အားကစားသမားဘ၀မှာ ထိခိုက်မှုတွေရှိလာမှာကို သူမကစိုးရိမ်နေခဲ့တာပါ။ ဒါပေမဲ့ သားဖြစ်သူက ၀မ်းနည်းပက်လက်ငိုယိုပြီး တောင်းဆိုနေတာကြောင့် နောက်ဆုံးမှာတော့ ကျောက်ကပ်အလှူကို လက်ခံဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ရုပ်သံစတူဒီယိုထဲကိုရောက်နေတဲ့ ဧည့်ပရိသတ်အားလုံးရဲ့မျက်ဝန်းထဲမှာတော့ ၀မ်းသာမျက်ရည်တွေဆို့နေခဲ့တာပေါ့။

နောက်တော့ သားအမိနှစ်ယောက်တွဲရိုက်ထားတဲ့ပုံကို အလီက သူ့ရဲ့ Social Media ပေါ်တင်ခဲ့ပြီး သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် အားပေးထောက်ခံသူအားလုံးကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဒီလူငယ်လေးဟာ ယောက်ျားပီသမှုနဲ့ မိဘကျေးဇူးသိတတ်မှုကို အကောင်းဆုံးပြသသွားတာပါပဲ။ သူ့ကို တူနီးရှားပြည်သူတွေသာမက ကမ္ဘာအရပ်ရပ်က လူထုကြီးက ကောင်းချီးသြဘာပေးခဲ့ကြပါတယ်။

ဆုတောင်းတိုင်းမှာမိဘကိုမမေ့ကြပါနဲ့။ ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာပါတဲ့ မိဘနှစ်ပါးအပေါ်ဆုတောင်းဒိုအာကို အဆုံးသတ်အနေနဲ့ ဖော်ပြလိုက်ရပါတယ်။

“…အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ထိုမိဘနှစ်ပါးသည် ကျွန်တော်မျိုးအား ငယ်စဉ်တောင်ကျေးကလေးဘ၀၌ ပြုစုပျိုးထောင်ခဲ့ကြသကဲ့သို့ပင် အရှင်မြတ်သည်လည်း ၎င်းတို့နှစ်ပါးအပေါ်၌ ကရုဏာပြုတော်မူပါ…” (အီစ်ရာအီလီမျိုးနွယ်ကဏ္ဍ – ၁၇း၂၄)

https://onepathnetwork.com/man-begs-mother-kidney/

Video – OnePath Network

ဉာဏ်အလင်း

ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oN7U1f
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1