မူစာနဗီရဲ့ ချစ်ပုံပြင်

ကဏ္ဍ – Halal Story

(ငြိမ်းချမ်းကိုကို)

ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားခြင်းဟာ အပြစ်တစ်ခုလို့ မဆိုနိုင်ဘူး။ အဲဒီစိတ်ခံစားချက်ဟာ ရမဇာန်လမှာ ဗိုက်ဆာသလိုမျိုး သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။ အစ္စလာမ်သာသနာဟာ ချစ်ခြင်းမေတ္တာကို တားမြစ်ထားခြင်းမရှိသလို သာသနာဘောင်အပြင်ဘက်က မဟုတ်တဲ့ မေတ္တာသက်ဝင်စိတ်ကိုလည်း ထိန်းချုပ်ကန့်သတ်ဖို့ မပြောထားပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ဖွင့်ဟပြောဆို တိုင်ပင်တာ၊ အကြံဥာဏ်တောင်းခံတာကို အပြစ်တစ်ခုအဖြစ်ရှုမြင်ခြင်း၊ မပြောအပ်မဆိုသောကိစ္စတစ်ခုအဖြစ် သတ်မှတ်ထားခြင်းများဟာ အစ္စလာမ်သာသနာရဲ့အဆုံးအမကြောင့်မဟုတ်ဘဲ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေအရသာ ဖြစ်ပါတယ်။

မေ့လျော့နေကြတဲ့ ဖြစ်ရပ်မှန်ပုံပြင်လေးတစ်ပုဒ်

တမန်တော်မူစာ (PBUH) အကြောင်း မဖတ်ဖူးသူ၊ မကြာဖူးသူ မွတ်စလင်ဆိုလို့ လက်ချိုးရေလို့တောင် ရပါလိမ့်မယ်။ ဘနီအစ္စရာအီလ်မျိုးနွယ်စုတွေကို ဖာရို (ဖိရ်အောင်န်) ဘုရင်က ကျွန်ပြုထားပြီး ညှင်းပမ်းနှိပ်စက်တာ၊ ပင်လယ်နီကို ခွဲခြမ်းပစ်တာ၊ ဖာရိုကြီးရေနစ်သေဆုံးတာတွေက မွတ်စလင်တော်တော်များများ ငယ်စဉ်ကတည်းက ကြားဖူးပြီးသား အကြောင်းအရာတွေဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအကြောင်းအရာကိုပဲ နောက်တစ်ကြိမ်လောက် ပြန်ငှဲ့စောင့်ကြည့်ဦးစို့။ ကျနော်တို့သိထားတဲ့ တမန်တော်မူစာရဲ့ ဇာတ်လမ်းထဲကနေ နောက်ထပ်ဘာသင်ခန်းစာတွေများ ရနိုင်ဦးမလဲ။ ဒီအကြောင်းအရာကို အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းမြတ်ထဲမှာ ထည့်သွင်းထားတယ်ဆိုကတည်းက နောင်လာနောက်သား အွမ္မသ်တွေကို သဘောပေါက်နားလည်စေဖို့နဲ့ နမူနာယူစေချင်လို့ပဲ မဟုတ်လား။

တမန်တော်မူစာသခင် သူ့ဇနီးသည်နဲ့ ဘယ်ပုံဘယ်နည်း ဆုံတွေ့ခဲ့သလဲ၊ ဘယ်လိုအပြန်အလှန် စကားပြောဆိုခဲ့ကြသလဲ၊ ဘယ်လို အိမ်ထောင်ပြုခဲ့ကြသလဲ ဆိုတာနဲ့ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ထဲမှာ အသေးစိတ်ဖော်ပြထားတယ်။ ဒီအကြောင်းရာမှာ ခဏလေးရပ်ထားပြီး အလ္လာဟ်အရှင်မြတ်က ဘယ်လောက်ထိလှပတဲ့ သင်ခန်းစာတွေကို ကျနော်တို့သိအောင် သင်ပေးခဲ့သလဲဆိုတာကို လေ့လာကြည့်ရအောင်။ ဆန့်ကျင်ဘက်လိင်နဲ့စကားစမြည်ပြောခြင်း-အိမ်ထောင်ပြုခြင်း-အလ္လာဟ်အရှင်မြတ်ကို ယုံကြည်သက်ဝင်ခြင်း အစရှိတဲ့ သင်ခန်းစာတွေကို ကွက်ကွက်ကွင်းကွင်း သင်ကြားပေးခဲ့တာတွေ့ရပါတယ်။

ကျနော်တို့တတွေဟာ အချစ်ဇာတ်လမ်းတွေဖတ်ရှုကြတယ်၊ မြင်းဖြူကြီးစီးလာတဲ့ ချောမောလှပတဲ့မင်းသားလေးပါတဲ့ အချစ်ပုံပြင်ဇာတ်လမ်းမျိုးဆိုရင် အတော်လေး သဘောကျခဲ့ကြတယ်၊ ပြစ်မျိုးမှဲ့မထင် မိန်းမပျိုတစ်ယောက်ပုံမြင်ရင် အငမ်းမရကြည့်တတ်ကြတယ်၊ နောက်ထပ်နောက်ထပ်တွေလည်း အများကြီးပါပဲ။

ဒီနေ့ခေတ်မီဒီယာတွေက ကျနော်တို့ကို သံပတ်ရုပ်ဘ၀ရောက်အောင် ဖန်တီးထားကြတယ်။ ဖြစ်နိုင်ခြေနည်းပါးတဲ့အရာ မြောက်မြားစွာကို မျှော်လင့်ချက်ထားခိုင်းကြတယ်။ အကယ်လို့ ကျနော်တို့သာ ကုရ်အာန်နဲ့ စွန္နသ်တော်တွေကို လေ့လာကြည့်မယ်ဆိုရင် လှပသေသပ်လွန်းပြီး ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ ဖြစ်ရပ်မှန်ချစ်ခြင်းမေတ္တာဇာတ်လမ်းတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်က ချစ်ခြင်းမေတ္တာအကြောင်း သင်ပြပေးထားမှတော့ အချစ်ဝတ္ထုတွေဖတ်ပြီး စိတ်ကူးယဉ်နေဖို့ ဘယ်လိုပါတော့မလဲ။

အီဂျစ်အိမ်ရှေ့မင်းသား မူစာ

နဗီတမန်တော် မူစာဟာ ဖိရ်အောင်ရဲ့နန်းတော်ထဲမှာ အဆောင်အယောင်တွေနဲ့ ကြီးပြင်းလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ လူတွေရဲ့အမြင်မှာတော့ မူစာလေးဟာ ချောမောလှပသူ၊ ကြွယ်ဝချမ်းသာသူ၊ ကျန်းမာကြံ့ခိုင်သူအဖြစ် ကျော်ကြားတဲ့ ကောင်လေးတစ်ယောက်ပေါ့။ လက်မောင်းတွေဟာ သန်မာတယ်၊ မျက်နှာဟာ ကြည်လင်းဝင်းပတယ်၊ နှဖူးဟာကျယ်တယ်၊ မျက်လုံးတွေဟာ စူးရှတယ်။ တမန်တော် မူစာရဲ့ နုပျိုစဉ်ဘ၀ဟာ ထဲထဲဝင်ဝင်လေ့လာ ချင်စရာကောင်းလှပါတယ်။ မူစာလေးဟာ ဖိရ်အောင်န်ဘုရင်နဲ့ မိဖုရား အာဆီယာ သခင်မတို့ရဲ့ သားအဖြစ် အသိအမှတ်ပြုခံရတယ်။ အိမ်ရှေ့မင်းသားတစ်ပါးဖြစ်တဲ့အားလျော်စွာ အဆောင်အယောင်အစုံအလင်နဲ့ လွတ်လပ်မှုအပြည့်အ၀ရရှိထားတယ်။ ဒါတင်ဘယ်ဦးမလဲ။ မူစာလေးရဲ့ အမြော်အမြင်ကြီးမှုနဲ့ ဉာဏ်ပညာထက်မြက်မှုဟာလည်း ပြည်တစ်ခွင် ပြောစမှတ်ပြုစရာဖြစ်ခဲ့ရတာပေါ့။

မူစာလေးရဲ့ စရိုက်လက္ခဏာနဲ့ ဉာဏ်ပညာဟာ နဗီတမန်တော်ဖြစ်လာမယ့် နိမိတ်လက္ခဏာလို့ ဘယ်သူကမှ သတိမထားမိခဲ့ကြဘူး။ ဒါ့အပြင် မူစာလေးဟာ တစ်နေ့မှာ တော်လှန်ရေးကြီးကို ဦးဆောင်ပြီး ဖိရ်အောင်န်ဘုရင်ရဲ့ရက်စက်ကြမ်းကြုတ်မှုကနေ ဘနီအစ္စရာအီလ်တွေကို ကယ်တင်လိမ့်မယ်လို့ ဘယ်သူကမှ မတွေးမိခဲ့ကြဘူး။ ရုပ်ဝတ္ထုအဆောင်အယောင် တခမ်းတနားနဲ့ နေရပေမယ့် မူစာလေးရဲ့ စိတ်ဝိဉာဏ်မှာတော့ ဖိရ်အောင်န်ရဲ့ ခက်ထန်မှုနဲ့ ရက်စက်ယုတ်မာမှုကို တူးတူးခါးခါး ရွံရှာနေရှာတယ်။ တဖြည်းဖြည်းနဲ့ အချိန်ကြာလာတဲ့ အခါမှာတော့ ဆင်းရဲသား၊ မျက်နှာမွဲနဲ့ ဖိနှိပ်ခံတွေက မူစာလေးဟာ ကျွန်ပြုခံထားရသူတွေအပေါ် ကြင်နာတတ်သူ၊ စာနာနားလည်ပေးသူအဖြစ် သဘောပေါက်လာခဲ့ကြတယ်။ ကျွန်ထဲက ဘယ်သူမဆို ဒုက္ခရောက်နေချိန် မူစာလေးကို အကူအညီတောင်းရင် ရနိုင်တဲ့ဖက်ကနေ မဆိုင်းမတွကူညီလေ့ရှိတယ်။

ရုပ်ရည်ကလည်းချော၊ အိမ်ရှေ့မင်းသားဖြစ်လို့ ဥစ္စာဓနကလည်းကြွယ်ဝ၊ အားနည်းသူဖက်ကလည်း ရပ်တည်ပြီး ကူညီသူဆိုတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေရော။

ဘ၀တစ်ဆစ်ချိုး

မူစာသခင် ကတောက်ကဆဖြစ်ပြီး နန်းတော်ကိုစွန့်ခွာခဲ့ရတဲ့အကြောင်းကို ဒီနေရာမှာထည့်မပြောတော့ပါဘူး။ နန်းတော်ကိုစွန့်ခွာခဲ့ရတဲ့ မူစာသခင်ဟာ လပေါင်းများစွာ ခရီးထွက်ခဲ့ပြီးနောက်ပိုင်း မဒ်ယန်ဆိုတဲ့ အရပ်ကို ရောက်သွားပါတယ်။ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဃာဇီဟာရှင်မ်ဆွာဟိဗ်က သူ့ရဲ့ကုန်အာန်ဘာသာပြန်မှာ အခုလိုဖော်ပြထားပါတယ်။

“တမန်တော်မူစာသည် ဖိရ်အောင်န်၏ ဘေးရန်မှ စိုးရိမ်၍ အီဂျစ်ပြည်မှ တိမ်းရှောင်၍ကား ထွက်ခွာလာခဲ့ချေပြီ။ သို့တစေလည်း ဘယ်ပုံဘယ်သို့ အဘယ်ဌာနသို့ ယွန်းရမည်ကိုမူ မသိချေ။ ထိုအခါ အလ္လာဟ်အရှင်မြတ်ထံတော်၌ ဖြောင့်မတ်မှန်ကန်သောလမ်းကို ညွှန်ပြတော်မူပါမည့်အကြောင်း လျှောက်ထားပန်ကြားရာ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မူစာအား မဒ်ယန် (Midian/Madya) သို့ လမ်းညွှန်ပြတော်မူလိုက်လေသည်။

အီဂျစ်ပြည်မှ မဒ်ယန်အထိ ကုန်းကြောင်းခရီးမှာ (၁၀) ရက်ခန့်ခရီးဖြစ်သည်။ ခရီးကြမ်းဖြစ်သည်။ တမန်တော်မူစာသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် လမ်းခရီးတွင် ဒုက္ခအမျိုးမျိုးကို ကျော်လွန်ကာ မဒ်ယန်သို့ ရောက်ရှိလာခဲ့၏။ ဆာလောင်ငတ်မွတ်လျက်ရှိ၏”

အဲဒီအကြောင်းအရာကို ကျမ်းတော်မြတ်ကုရ်အာန် ၂၈း၂၃မှာ အခုလိုဖော်ပြထားပါတယ်။ “…ထိုမူစာက အသင်တို့နှစ်ဦး၏ အဖြစ်သည် အသို့ပါနည်းဟု ပြောဆိုမေးမြန်းခဲ့ရာ ထိုမိန်းမနှစ်ဦးက (ဤ) သိုးထိန်းတို့သည် (မိမိတို့၏ တိရစ္ဆာန်များကို) ပြန်လည်ဖယ်ထုတ်၍ မသွားသမျှကာလပတ်လုံး ကျွန်ုပ်တို့သည် (မိမိတို့ တိရစ္ဆာန်များကို) ရေတိုက်ကျွေးခြင်း မပြုနိုင်ပေ။ ၎င်းပြင် ကျွန်ုပ်တို့၏ ဖခင်မှာ သက်ရွယ် အလွန့်အလွန် အိုမင်းကြီးရင့်သူဖြစ်ပေသည်ဟု ဖြေကြားခဲ့ကြလေသည်”

ဃာဇီဆွာဟိဗ်က အခုလို ဆက်လက်ဖော်ပြခဲ့ပါတယ်။

“မဒ်ယန်သို့ရောက်သော် တစ်နေရာတွင် ရေတွင်းတစ်ခု၌ တိရစ္ဆာန်များကို ရေတိုက်နေသော လူတစ်စုကို မြင်၏။ ၎င်းတို့နှင့် မလှမ်းမကမ်းတွင် ၎င်းတို့နှင့် သီးခြားတစ်နေရာတွင် ကာယိနြေ္ဒရှိစွာ မိမိတို့၏ တိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ဆိုင်းနေသော အမျိုးသမီး (၂) ဦးကိုလည်း တွေ့မြင်၏။ ကျိုးကြောင်းမေးကြည့်ရာ ထိုအမျိုးသမီး (၂) ဦးက ‘ကျွန်မတို့သည် မိန်းမသားများဖြစ်ကြပါသည်။ အခြားသူများအသီးသီး၎င်းတို့၏ တိရစ္ဆာန်များကို ရေတိုက်၍ ပြန်သွားကြမှသာလျှင် ကျွန်မတို့သည် မိမိတို့၏ တိရစ္ဆာန်များကို ရေတိုက်ကြရပါသည်။ ယခုကဲ့သို့ ကျွန်မတို့ လာရခြင်းမှာလည်း ဖခင်ကြီးမှာ အသက်အရွယ် အလွန်ကြီးရင့်နေပြီဖြစ်ခြင်းကြောင့် ဖြစ်ပါသည်’ ဟုပြောကြားလေသည်။

ထိုအခါ တမန်တော်မူစာသည် အဆိုပါအမျိုးသမီးများအား သနားထောက်ထားကာ မိမိကိုယ်တိုင် ထ၍ရေငင်ပြီး အဆိုပါအမျိုးသမီး (၂) ဦးတို့၏ တိရစ္ဆာန်များကို လျင်မြန်ဖျတ်လတ်စွာ ရေတိုက်လိုက်လေသည်”

သခင့်ရဲ့အ၀တ်အစားတွေဟာ သဲတွေ ဖုန်တွေနဲ့ ညစ်ပတ်ပေရေနေပြီ။ အစားအသောက်ကလည်း ပြတ်နေပြီ။ သူရောက်သွားတဲ့ အရပ်ဟာ သူ့အတွက် သူစိမ်းပြင်ပြင်။ သူ့စိတ်ထဲမှာ ၀ရမ်းပြေး၊ သူစိမ်းတရံစာလို့ ခံစားရပြီး စိတ်မချမ်းမမြေ့ဖြစ်နေရှာတော့တာပေါ့။

နောက်ဆုံးတော့ မူစာသခင်လည်း ကူညီခွင့်ရလိုက်တာကြောင့် ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့သလို အမျိုးသမီးနှစ်ဦးကလည်း ကျေးဇူးတင်ကြတာပေါ့။ အမျိုးသမီးငယ်လေးတွေက သိုးတွေကို အိမ်ဖက်ပြန်ကျောင်းသွားခဲ့ပြီး မူစာသခင်လည်း စောစောက သူနားနေတဲ့ သစ်ပင်အောက်ကို ပြန်သွားခဲ့ပါတယ်။ မူစာသခင်ဟာ အဲဒီအရပ်မှာ တစ်ဦးတည်းသော သူစိမ်းဖြစ်တယ်၊ အလုပ်အကိုင်လည်းမရှိ၊ အိမ်နဲ့လည်း အလှမ်းကွာဝေးလွန်းနေပါတယ်။ ပိုဆိုးတာက သူ့ဘ၀မှာ တစ်ကြိမ်တစ်ခါမှ ခက်ခဲကြမ်းတမ်းတဲ့အလုပ် မလုပ်ကိုင်ဖူးရှာဘူး။ နန်းတော်ထဲမှာ အစေခံတွေနဲ့ နေခဲ့ရပြီး အရာရာအဆင့်သင့်ရခဲ့သူလေ။ အာဏာ၊ ကြွယ်ဝချမ်းသာမှု၊ အစအရာရာ လွယ်ကူမှုတွေကို သူပြန်သတိရမိတယ်။ အခုတော့ ရုတ်ချည်းဆိုသလို သူလိုကိုယ်လိုသာမန်လူဖြစ်သွားပြီ။ ဒါပေမဲ့ သူကူညီလိုက်တဲ့ အမျိုးသမီးတွေဆီကနေ ဘာမှပြန်လည်တောင်းဆိုခြင်းမပြုခဲ့ဘူး။ ဒီခေတ် ပုရိသတွေလို “ကော်ဖီသွားသောက်ရအောင်၊ မုန့်သွားစားရအောင်” ဆိုတာမျိုးတွေ မကမ်းလှမ်းခဲ့ဘူး။ ရှင်းရှင်းပြောရရင် သူ့ခမျာ စားစရာ စွန်ပလွံသီးတောင်မရှိတော့ဘူး။

မူစာနဗီရဲ့တောင်းဆုဒိုအာ

ဃာဇီဆွာဟိဗ်က ဒီအကြောင်းအရာကို အောက်ပါအတိုင်း ဆက်လက်ရှင်းပြထားပါတယ်။

“ထို့နောက် တမန်တော်မူစာသည် ခရီးသည် အာဂန္တုတစ်ဦးပီပီ အနီးရှိသစ်ပင်တစ်ပင်၏ အရိပ်တွင် သွားရောက်ထိုင်ကာ ဆာလောင်မွတ်သိပ်လှသည့်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်၌ ‘အို… ကျွန်တော်မျိုး၏ အရှင်၊ ကျွန်တော်မျိုးသည် အရှင်မြတ် ကျွန်တော်မျိုးထံ ချပေးသနားတော်မူသည့် မည်သည့်ကောင်းမြတ်သော အရာကိုမဆို အထူးလိုလားတောင့်တနေရသူ ဖြစ်ပါသည် (ကုရ်အာန် ၂၈း၂၄)’ ဟု လျှောက်ထားပန်ကြားလေသည်။

အဆိုပါ အမျိုးသမီး (၂) ဦးတို့သည် တမန်တော်မူစာ၏ အပြုအမူနှင့် အရိပ်အာဝါသအောက်တွင် သွားရောက်ထိုင်နေသည်ကို ထောက်ချင့်၍ စေတနာမြင့်မြတ်လှသည့် ရပ်ဝေးမှရောက်ရှိလှသော ခရီးသည် အာဂန္တုတစ်ဦးဖြစ်ကြောင်းကို ရိပ်မိသွားကြလေသည်”

အထက်က အာယတ်တော်မှာပါတဲ့ ဒိုအာဟာ တော်တော်လေးကို လှပပါတယ်။ အဲဒီဒိုအာကြောင့် မူစာသခင်ဟာ အလုပ်ရခဲ့တယ်၊ အိမ်ရခဲ့တယ်၊ မိသားစုရခဲ့တယ်၊ သူလိုလားတောင့်တသမျှအရာမှန်သမျှကို တပြိုင်နက်ထဲ သိမ်းကြုံးပိုင်ဆိုင်သွားခဲ့တယ်။ အကယ်လို့ ကိုယ့်ဆီမှာ ဘာတစ်ခုမှ ကုန်းကောက်စရာမကျန်တော့ဘဲ အားကိုးစရာဆိုလို့ အလ္လာဟ်တစ်ပါးတည်းသာ ကျန်ရစ်ပြီဆိုရင် အဲဒီအရှင်တစ်ပါးတည်းနဲ့သာ လုံလောက်တယ်ဆိုတာကို နှလုံးသွင်းထားဖို့လိုပါတယ်။ အလ္လာဟ်အရှင်မြတ်ထံတောင်းဆုဒိုအာတောင်းခံခြင်းဟာ ဘ၀ ဖြတ်လမ်းတစ်ခု သို့မဟုတ် ဘ၀ တက်လမ်းတစ်ခုလို့တောင် တင်စားရပါလိမ့်မယ်။

ဇာတ်လမ်းစပြီ

တစ်ဖက်ကဖြစ်စဉ်ကို ကြည့်ပါဦး။ မိန်းမပျိုနှစ်ယောက်က သိုးတွေကို ရေတိုက်ပြီး အိမ်ကိုအရင်ထက် စောစီးစွာ ပြန်ရောက်နေကြတယ်။ ဖခင်ဖြစ်သူက ရေတွင်းကို အပိုင်စီးထားတဲ့လူတွေအကြောင်း သိပြီးသားကိုး။ အဲဒီလူတွေကို စောင့်ရင်း သမီးတွေဟာ အိမ်ပြန်နောက်ကျနေကျ ဆိုတာ သိထားပြီးဖြစ်ပါတယ်။ ဖြစ်အင်ကိုမေးတော့ မူစာသခင် ကူညီတဲ့အကြောင်းကို သမီးနှစ်ယောက်က ပြန်ပြောပြကြတယ်။ ဒါနဲ့ ဖခင်ဖြစ်သူက သမီးထဲက တစ်ယောက်ကို မူစာသခင့်ထံ ပြန်သွားဆီပြီး အဖေကတွေ့ဖို့ဖိတ်ခေါ်ကြောင်း ပြောခိုင်းလိုက်တယ်။

အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန် ၂၈း၂၅ မှာ အခုလိုဖော်ပြထားပါတယ်။ “ထို့နောက် ၎င်း (မိန်းမ) နှစ်ယောက်အနက် တစ်ယောက်သည် ထိုမူစာ၏ထံသို့ ရှက်ကြောက်စွာ လျှောက်လာပြီး ‘အသင်သည် ကျွန်ုပ်တို့အား ငဲ့ညှာ၍ (ကျွန်ုပ်တို့၏ တိရစ္ဆာန်များကို) ရေတိုက်ခဲ့သော အကျိုးကျေးဇူးကို အသင့်အားပြန်ဆပ်အံ့သောငှာ ကျွန်ုပ်၏ဖခင်သည် အသင့်အားခေါ်နေပါသည်’ ဟုပြောဆိုလေ၏။ …”

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အွမ္မရ် အိဗ်နေ့ခသ်သားဗ် သခင်ကြီးက “သူမက ခြုံထည်ကိုလုံခြုံအောင် လွှမ်းခြုံထားတယ်” လို့ဆိုပါတယ်။ အိဗ်နေ့ အဗီ ဟာသင်မ်သခင်ကလည်း အမိရ်အိဗ်နေ့ မိုင်မူးန်သခင် ပြောတာကို အခုလိုပြန်ပြောင်းပြောပြပါတယ်။ “အွမ္မရ်သခင်က အခုလိုပြောခဲ့တယ်။ သူမဟာ မျက်နှာကို လုံခြုံအောင် ဖုံးလွှမ်းထားပြီး ရှက်ရှက်ကြောက်ကြောက်နဲ့လမ်းလျှောက်လာတယ်။ သူမက သွားချင်တိုင်းသွား၊ လာချင်တိုင်းလာရဲလောက်အောင် ရဲတင်းတဲ့မိန်းကလေးမဟုတ်ဘူးလေ” တဲ့။

အထက်က အာယတ်တော်မှာပါတဲ့အတိုင်း “ကျွန်ုပ်၏ဖခင်သည် အသင့်အားခေါ်နေပါသည်” ဆိုတဲ့အချက်ကို ထောက်ရှုအားဖြင့် စာရိတ္တကောင်းမွန်တဲ့အမျိုးသမီးတစ်ယောက်ရဲ့လက္ခဏာကိုလည်း ပေါ်လွင်စေပါတယ်။ ဘာကြောင့်လဲဆိုရင် သူမဟာ သူစိမ်းအမျိုးသားတစ်ယောက်ကို တိုက်ရိုက်ဖိတ်ခေါ်ခြင်းမပြုခဲ့ပါဘူး။ အကယ်လို့ တိုက်ရိုက်ဖိတ်ခေါ်ခဲ့ရင် ဆန့်ကျင်ဖက်လိင်မှာ အတွေးအမျိုးမျိုးပေါက်သွားနိုင်တာကို အသေအချာသတိပြုမိတာ ထင်ရှားပါတယ်။ တိုက်ရိုက်ဖိတ်ခေါ်မယ့်အစား “အသင့်အားကျေးဇူးပြန်ဆပ်အံ့သောငှာ ကျွန်ုပ်၏ဖခင်သည် အသင့်အားခေါ်နေပါသည်” လို့ ပြောခဲ့ပါတယ်။

မျက်လွှာလေးကိုချလို့

စွန်ပလွံလည်းမရှိ၊ ကော်ဖီစေ့လည်း နတ္ထိ၊ မိတ်ဆွေဆိုတာက ဝေလာဝေး၊ လက်ဗလာဖြစ်နေတဲ့ မူစာလေးဟာ ဖိတ်ခေါ်မှုကို လက်ခံခဲ့ပြီး မိန်းမပျိုလေးကို သူ့အနောက်ကနေ လိုက်လျှောက်ဖို့ ညွှန်ကြားခဲ့တယ်။ သူမအိမ်ကို လမ်းညွှန်ခိုင်းတဲ့ နည်းလမ်းကိုလည်းကြည့်ပါဦး။ သခင့်အနောက်ကနေ မိန်းမပျိုလေးကို သူမအိမ်ရှိရာဖက် ခဲနဲ့ ပစ်ပေါက်ပြီး ညွှန်ပြခိုင်းခဲ့တယ်။ မိန်းမပျိုကို အရှေ့ကလျှောက်ခိုင်းပြီး နောက်ပိုင်းအလှကို အရသာခံမကြည့်တတ်တဲ့ ယောက်ျားကောင်းတို့ရဲ့ ကိုယ်ကျင့်တရားကို မူစာသခင်ဟာ လက်တွေ့ပြသ ကျင့်သုံးခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို ပြန်တွေးကြည့်ပါ။ မူစာသခင်ဟာ အိမ်ရှေ့မင်းသားဖြစ်ခဲ့တယ်။ မိန်းမတွေကျလောက်တဲ့ လက်ရုံးရည်နဲ့ နှလုံးရည်ကို ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့လည်း ဒီနေ့မွတ်စလင်အမျိုးသားတိုင်းမှာ ရှိရမယ့် ကိုယ်ကျင့်တရားတစ်ခုဖြစ်တဲ့ မျက်လွှာကို ချထားခြင်း ဆိုတဲ့ အပြုအမူကို မူစာသခင်ကျင့်သုံးပြခဲ့ပါတယ်။ အလ္လာဟ် အရှင်မြတ်က ကျနော်တို့ နမူနာယူစရာ ဒီလို သူရဲကောင်းကြီးတွေ အဆင်သင့်ပြသထားပေမယ့် ကျနော်တို့အဖြစ်ကတော့ ဟိုလူဒီလူကို သူရဲကောင်းတင်နေကြပါတယ်။ မူစာသခင်ကအရှေ့ကသွားပြီး မိန်းမပျိုကို အနောက်က လိုက်ခိုင်းတယ်ဆိုတာ သခင့်ဖက်က အတ္တကြီးတာ၊ အထက်စီးဆန်တာမဟုတ်ပါဘူး။ အမှန်တော့ မိန်းမပျိုဟာ သူမရဲ့ ညီမအဖော်မပါလာဘူး၊ တစ်ဦးထဲဖြစ်တဲ့အတွက် သူမဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ လိုအပ်တယ်၊ သူမကို လမ်းတစ်လျှောက်မှာ စောင့်ရှောက်ဖို့လိုအပ်တယ်ဆိုတဲ့ ယောက်ျားကောင်းတို့ရဲ့ လက္ခဏာတွေကို ထုတ်ဖော်ပြသခဲ့ကြတာဖြစ်ပါတယ်။

သူမဖခင်နဲ့ဆုံပြီ

မူစာသခင်က မိန်းမပျိုရဲ့ ဖခင်ဖြစ်သူဆီ သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ဖခင်ဖြစ်သူက မူစာသခင်ဘာကြောင့် သူ့ရဲ့နေပြည်တော်ကနေ ထွက်ပြေးလာသလဲဆိုတာကို မေးမြန်းခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျမ်းတော်မြတ်ကုရ်အာန်ထဲ ၂၈း၂၅ မှာ “… ထို့နောက်မူစာသည် ၎င်း၏အထံသို့ ရောက်လာခဲ့ပြီး ဖြစ်ကြောင်းကုန်စင်ကို ၎င်း၏ရှေ့ဝယ်ပြောပြသောအခါ ၎င်းက ‘အသင်သည် မစိုးရိမ်လေနှင့်။ အသင်သည် မတရားသောသူတို့ (၏ ဘေးရန်)မှ လွတ်မြောက်ခဲ့လေပြီ’ ဟု ပြောဆိုလေ၏”

ဒီအာယတ်တော်နဲ့ ပတ်သက်ပြီး ဆရာကြီး ဃာဇီဟာရှင်ဆွာဟိဗ်က သူ့ရဲ့ကုရ်အာန်ဘာသာပြန်ထဲမှာ အောက်ပါအတိုင်း ရေးသားထားပါတယ်။

(အဆိုပါ အမျိုးသမီး ၂-ဦး၏ ဖခင်ကြီးမှာ အခြားမဟုတ်၊ အများမုဖတ်စ်စစ်ရ်များ၏ ယူဆချက်အရ တမန်တော် ရှုအိုက်ဗ်ပင်ဖြစ်သည်၊)။ တမန်တော်ရှုအိုက်ဗ်၏ သမီးတော်တစ်ဦးသည် ဖခင်ကြီး၏ ညွှန်ကြားချက်အရ တမန်တော်မူစာထံသို့ ကာယိနြေ္ဒကြီးစွာဖြင့် ရောက်ရှိလာပြီး ဖခင်ကြီးက ဖိတ်ခေါ်ကြောင်း၊ ကျေးဇူးဆပ်လိုကြောင်း ပြောပြလေသည်။ ထိုအခါ တမန်တော်မူစာသည် သမီးတော်အား ‘အသင်မ နောက်မှလိုက်ပါလေ။ ကျွန်ုပ်ရှေ့ကသွားမည်’ ဟုဆိုကာ တမန်တော်ရှုအိုက်ဗ်ထံသို့ ရောက်ရှိလာခဲ့လေသည်။ ထို့နောက် မိမိ၏ဖြစ်ကြောင်း ကုန်စင်ကို ပြောပြရာ တမန်တော်ရှုအိုက်ဗ်က ‘အသင် မစိုးရိမ်လင့်၊ အသင်သည် မတရားကျူးကျော်စော်ကားသူများ၏ ဘေးရန်မှ လွတ်မြောက်ပြီ’ ဟု ပြောဆိုလိုက်လေသည်။ ယင်းသို့ ပြောဆိုခြင်းမှာ မဒ်ယန်သည် ဖိရ်အောင်န်စိုးမိုးသည့် အီဂျစ်နိုင်ငံ၏ လက်အောက်မဟုတ်ခြင်းကြောင့်ဖြစ်သည်။ ဤသို့ဖြင့် တမန်တော်မူစာသည် ဆုတောင်းပြည့်သွားခဲ့သည်သာမက တမန်တော်ရှုအိုက်ဗ်နှင့်အတူ နေထိုင်ခွင့်လည်း ရခဲ့ပေသည်။

ကုရ်အာန်ထဲ ၂၈း၂၆ မှာ အခုလိုဆက်လက်ဖော်ပြထားပါတယ်။ “ထို (မိန်းမ) နှစ်ဦးအနက် မိန်းမတစ်ဦးက ‘အို-ဖခင်၊ အသင်ဖခင်သည် ဤသူအား (သူရင်းငှားအဖြစ်) ငှားထားပါ။ ဧကန်မလွဲ အသင်ဖခင်သည် (သူရင်းငှားအဖြစ်) ငှားအံ့သောသူတို့တွင် ခွန်အားရှိသူ၊ ယုံကြည်စိတ်ချအပ်သောသူသည် အကောင်းဆုံးပင်ဖြစ်ပါသည်” ပြောဆိုလေ၏။

မဒ်ယန်က မိသားစုသစ်

“ငါ့သမီးနှစ်ယောက်ထဲက တစ်ယောက်ကို မင်းနဲ့လက်ထပ်ပေးချင်တယ်” လို့ သမီးရှင်ဖခင်က မူစာသခင်ကို ကမ်းလှမ်းတယ်။ “ငါ့ရဲ့သိုးအုပ်ကို (၈) နှစ်တိတိ ကျောင်းပေးနိုင်မှ သမီးနှစ်ယောက်ထဲက တစ်ယောက်နဲ့ လက်ထပ်ပေးမှာနော်။ အကယ်လို့ မင်းအနေနဲ့ (၁၀) နှစ် ထိအောင် ကူညီပြီး ကျောင်းပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့” လို့ ဖခင်ဖြစ်သူက ဆက်ပြောတယ်။

အီမာမ်ဘူခါရီသခင်က ဆအီဒ်အိဗ်နေ့ ဇူဘိုင်းရ်သခင်ပြောတာကို အခုလိုဆင့်ပြန်တယ်။ “ဟီရာဟ်မျိုးနွယ်စုထဲက ဂျူးတစ်ယောက်က ကျနော့်ကို အခုလိုလာမေးတယ်။ အဲဒီကမ်းလှမ်းချက်နှစ်ခုထဲကမှ မူစာက ဘယ်တစ်ခုကို ဆောင်ရွက်ပေးခဲ့သလဲ ဆိုတော့ ကျနော်ကလည်း မသိဘူး။ အရဗ်ပညာရှင်တွေဆီ သွားပြီးမေးပါရစေလို့ပြောလိုက်တယ်။ နောက်တော့ ကျနော်လည်း အိဗ်နေ့အဗ္ဗားစ်သခင်ဆီကိုသွားပြီးမေးတယ်။ သခင်က ကာလရှည်လုပ်ပေးရမယ့် သဘောတူညီချက် (၁၀နှစ် တိုင်ကူညီခဲ့တယ်) ကို သူဖြည့်ဆည်းပေးခဲ့ပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ နဗီတမန်တော်ဟာ အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် အကောင်းဆုံးသော ကိုယ်ကျင့်တရားနဲ့ လုပ်ဆောင်တော်မူကြတယ်” လို့ သိရပါတယ်။

အဲဒီသဘောတူညီချက်ပြီးဆုံးသွားတဲ့နောက်မှာ အလ္လာဟ်အရှင်မြတ်ဘက်တော်ကနေ နဗီတမန်တော်ဘွဲ့ထူးကို ချီးမြှင့်ခဲ့ပြီး အီဂျစ်ပြည်ကို တစ်ကျော့ပြန်သွားဖို့ စေခိုင်းတော်မူခဲ့တယ်။ ဖိရ်အောင်န်ကို အစ္စလာမ်သာသနာတော် လက်ခံလာအောင် ဒအ်ဝသ်ပေးဖိတ်ခေါ်ဖို့နဲ့ ဘနီအစ္စရာအီလ်မျိုးနွယ်စုကို သူကောင်းပြုပေးဖို့ တောင်းဆိုရမယ့် တာဝန်တွေနဲ့ပေါ့။

သင်ခန်းစာ

ဆိုခဲ့တဲ့ ကြည်နူးဖွယ်ရာဇာတ်လမ်းလေးကနေ ကနေ သင်ယူစရာသင်ခန်းစရာတွေကတော့ အများကြီးပေါ့။ အဲဒီထဲက တစ်ခုကတော့ ဖခင်ကြီးဟာ သူ့သမီးကို မူစာနဲ့လက်ထပ်ပေးဖို့အတွက် ဘာသာရေးရိုသေကိုင်းရှိုင်းသလား၊ အကျင့်သီလ ဖြောင့်မတ်မှန်ကန်သလားဆိုတာကို အဓိကဦးစားပေး ဆုံးဖြတ်ခဲ့ပါတယ်။ အစ္စလာမ်သာသနာကလည်း အလားတူညွှန်ပြထားပါတယ်။ BMW တစ်စီးရှိမှတို့ ကွန်ဒိုပိုင်မှတို့၊ လစဉ်ဝင်ငွေ သိန်း ဆယ်ဂဏန်း၊ ရာဂဏန်းရှိမှတို့ မပြောခဲ့ပါဘူး။

နဗီတမန်တော်ချုပ် မုဟမ္မဒ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ကလည်း ကခုလိုမိန့်တော်မူခဲ့ပါတယ်။

“အကယ်လို့ ဘာသာရေးကိုင်းရှိုင်းတဲ့ သူမွန်တစ်ဦးက တစ်စုံတစ်ဦးရဲ့ သမီးကို လက်ထပ်ဖို့ ခွင့်တောင်းခဲ့သည်ရှိသော်၊ အိမ်ထောင်ရက်သားချပေးပါလေ။ ဒီခွင့်တောင်းမှုကို ငြင်းဆန်ခြင်းဟာ အကျိုးဖျက်ဆီးမှုဖြစ်သလို ကမ္ဘာပေါ်က အကြီးကျယ်ဆုံးသော စာရိတ္တပျက်ပြားမှုလည်းဖြစ်တယ်”

ကံမကောင်းစွာနဲ့ပဲ… ဒီနေ့ခေတ်မှာတော့ လူငယ်လေးတစ်ဦးက အမျိုးသမီးတစ်ဦးကို အိမ်ထောင်ပြုဖို့ တောင်းရမ်းတော့မယ်ဆိုရင် သူ့ရဲ့ငွေရေးကြေးရေးအခြေအနေကလွဲရင် တခြားဘယ်အရာကိုမှ မကြည့်ကြတော့တဲ့ အခြေအနေတစ်ခုကိုရောက်နေပါပြီ။ “ငါ့သမီးကို ပျော်အောင်ထားဖို့ မင်းမှာပိုက်ဆံလုံလုံလောက်လောက်ရှိရဲ့လား” ဆိုတဲ့ မေးခွန်းတွေကို စီးမေးနေကြပါပြီ။ ကျနော်တို့တတွေဟာ အရ်ရဇ်ဇားက် ကို မေ့နေကြပါတယ်။ အမှန်တော့ လုပ်သင့်တာက တောင်းရမ်းသူလူငယ်ဟာ အလ္လာဟ်အရှင်မြတ်ပေါ်မှာ ဘယ်လောက်ထိ ခ၀ပ်ရိုသေမှုရှိသလဲ၊ အကျင့်သီလ ဘယ်လောက်မွန်မြတ်သလဲဆိုတာကို ကြည့်ရမှာပါ။ အဲဒီအချက်တွေကသာ မိမိသမီးဖြစ်သူကို ပျော်အောင်ထားနိုင်မှာဖြစ်ပါတယ်။

စကားချပ် – ခေတ်ကာလအလိုက် လျော်ညီတဲ့လိုအပ်ချက်တွေ ပြည့်စုံ/မစုံကိုတော့ အသေအချာစိစစ်ဖို့လိုပါတယ်။ ခေတ်မီဖို့ပြောတာမဟုတ်ပါ။

မေတ္တာသက်ဝင် လက်ထပ်ချင်

တမန်တော်မူစာသခင်တို့ ဇနီးမောင်နှံစုံတွေ့ခဲ့ကြတဲ့ အဖြစ်အပျက်ဟာ အကောင်းဆုံးသော လူမှုကျင့်ဝတ် ဥပမာ တစ်ခုလည်းဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်အပေါ် အမျိုးသားတစ်ယောက်က ဘယ်လို စံနမူနာတွေနဲ့ တန်ဖိုးထားဆက်ဆံရမလဲဆိုတာကိုလည်း ကွက်ကွက်ကွင်းကွင်း ပေါ်လွင်စေပါတယ်။ ပေရှည်တဲ့ စကားတွေ၊ အဆုံးမသတ်နိုင်တဲ့ ငြင်းခုန်မှုတွေ၊ တည်ဖို့ခက်ပြီး အဆုံးမသတ်တဲ့ ကတိက၀တ်တွေ၊ ဘောလီးဝုဒ်နဲ့ ဟောလီးဝုဒ်ဒရာမာတွေထဲကလို မိုးရေထဲလမ်းလျှောက်တာတွေ၊ မြက်ခင်းပေါ်ကခုန်ပြေးလွှားတာတွေ တစ်ခုမှ မပါခဲ့ပါဘူး။ မူစာသခင်တို့ရဲ့အချစ်ဇာတ်လမ်းဟာ အလ္လာဟ်အရှင်မြတ်ဘက်တော်ကနေ တိုက်ရိုက်ကောင်းချီး ပေးသနားခြင်းခံခဲ့ရပါတယ်။ သူတို့ရဲ့အချစ်ဇာတ်လမ်းဟာ Relationship တစ်ခုဘယ်လိုတည်ဆောက်သင့်သလဲ ဆိုတာရဲ့ ဥပမာတစ်ခုလည်းဖြစ်ပါတယ်။

ခပ်ပေါ့ပေါ့လူတွေကတော့ အချစ်ဟာ နာကြင်မှုတွေသာပေးတယ်လို့ ဆိုကြလိမ့်မယ်။ သို့ပေမယ့် “အချစ်စစ်အချစ်မှန်ကို အလ္လာဟ်အရှင်မြတ်ဘက်တော်ကနေ ကောင်းချီးပေးခံရပြီဆိုရင် ဘယ်သောအခါမှ နာကြင်ခံစားရမှာမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာဆိုတာ ဇနီးမောင်နှံတွေကို အလ္လာဟ်အရှင်မြတ်ဘက်တော်ကနေ ချီးမြှင့်ပေးသနားတော်မူတဲ့ ကောင်းချီးမင်္ဂလာဖြစ်ပါတယ်။ အကယ်လို့ အချစ်ဟာ နာကြင်စေပြီဆိုရင်တော့ ဒါဟာ မကောင်းဆိုးဝါး ရှိုင်တွာန်ရဲ့အဖျက်အမှောင့်လို့သာ ခံယူရမှာပါ။ ဇနီးမောင်နှံနှစ်ဦးရဲ့ချစ်ခြင်းမေတ္တာမှာ အလ္လာဟ်အရှင်မြတ်ဘက်တော်က ကောင်းချီးသာမရှိခဲ့ဘူးဆိုရင် နှစ်ဖက်လုံးအတွက် အဆုံးသတ်လည်း လှပမှာမဟုတ်ပါဘူး။

တစ်ယောက်နဲ့တစ်ယောက် မေတ္တာသက်ဝင်ကြပြီဆိုရင် ရှေ့ကိုလှမ်းဖို့ လိုအပ်တဲ့ခြေလှမ်းတွေ လှမ်းရပါလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီး တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က အခုလိုမိန့်ထားပါသေးတယ်။

“လူနှစ်​ဦးတစ်​ဦးကိုတစ်​ဦး​မေတ္တာသက်​ဝင်​ကြသူများ၌​ နေကာဟ်​မှရရှိ​သော​မေတ္တာသက်​ဝင်​မူမျိုး ငါကိုယ်တော်မမြင်​​”

ချစ်သူနှစ်ဦးအလိုချင်အတောင့်တဆုံးကလည်း ဒါပဲမဟုတ်ပါလား။

——————–

စက်တင်ဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၀) ဟာ 5 MB သာရှိတာကြောင့် အလွယ်တကူပေါ့ပေါ့ပါးပါး အခမဲ့ Download ရယူနိုင်မှာပါ။ ကဏ္ဍစုံလင်တဲ့ ရသစုံ ဉာဏ်အလင်းမဂ္ဂဇင်းကို ဖတ်ဖို့ အောက်ဖော်ပြပါ Mediafire သို့မဟုတ် pCloud ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ရယူလိုက်ပါ။

Mediafire – http://bit.ly/2xGZNs6
pCloud – http://bit.ly/2xLG8J1