လန်ဒန်ဗလီအကြမ်းဖက်ခံရမှုသည် ရွံရှာစက်ဆုပ်ဖွယ်ဟု ယူကေဝန်ကြီးချုပ်ပြော

တနင်္လာနေ့အစောပိုင်း ညသန်းခေါင်ယံလွန်ချိန်တွင် လန်ဒန်ရှိဗလီဝတ်ကျောင်းတော်တစ်ခုမှ ဝတ်ပြုပြီးထွက်လာကြသော မွတ်စလင်များအား ပစ်မှတ်ထားကာ ဗန်ကားဖြင့်ဝင်တိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရက်သည် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသည်ဟု ဗြိတိသျှ ဝန်ကြီးချုပ် ထရီစာမေက ပြောကြားလိုက်သည်။ ယင်းအကြမ်းဖက်မှုဖြစ်စဉ်အတွင်း လူ ၁၀ ဦး ဒဏ်ရာရခဲ့ပြီး နှစ်ဦးမှာ စိုးရိမ်ရသည်။

ဗန်ကားသည် မွတ်စလင်စောင့်ရှောက်ရေးဂေဟာနှင့် လန်ဒန်မြောက်ပိုင်း ဖင်းစ်ဘူရီပါ့ခ်ဗလီအနီးတွင် ဝတ်ပြုပြီးထွက်လာသော မွတ်စလင်များကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ကားမောင်းသူ အကြမ်းဖက်သမားမှာ အသက် ၄၈နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့များလာရောက်ဖမ်းဆီးချိန်အထိ ဒေသခံများက ထိန်းသိမ်းထားခဲ့ကြသည်။ ၎င်းက ဖမ်းခံရပြီးနောက်တွင် မွတ်စလင်အများအပြားအား သတ်ဖြတ်လိုကြောင်း အော်ဟစ်သောင်းကျန်းခဲ့သေးသည်။

“ဒီနေ့မနက် ကျမတို့နိုင်ငံရဲ့မြို့တော်လမ်းမပေါ်မှာ နောက်ထပ် အကြမ်းဖက်လုပ်ရပ်တစ်ခုနဲ့အတူနိုးထလာခဲ့သည်။ တစ်လအတွင်းနှစ်ကြိမ်မြောက်ဖြစ်ပြီး အရင်ဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေအတိုင်းပဲ ရွံရှာစက်ဆုပ်ဖွယ်ရာကောင်းပါတယ်” လို့ ဝန်ကြီးချုပ် မေ က ဒေါင်းနင်းလမ်းရုံးခန်းတွင် သတင်းထောက်များကို ပြောခဲ့သည်။

ထို့အပြင် သူမက “မွတ်စလင်တွေကို သူတို့ရဲ့ဝတ်ပြုဆောင်အနီးမှာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ” ဟု အခင်းဖြစ်ပွားရာဗလီသို့ သွားရောက်အေးပေးစဉ်က ပြောကြားခဲ့သည်။

လန်ဒန်မြို့တော်ဝန် ဆဒီးက်ခန်းကလည်း ယခုတိုက်ခိုက်မှုသည် လန်ဒန်မြို့ကြီးအားဆိုးဆိုးဝါးဝါးအကြမ်းဖက်လိုက်ခြင်းဖြစ်သည်ဟု ပြောကြားလိုက်သည်။

ယင်းဗလီဝတ်ကျောင်းတော်တွင် ဝတ်ပြုသူအများစုမှာ မြောက်နှင့် အနောက်အာဖရိကနွယ်ဖွားများဖြစ်ကြပြီး ရမဇာန်ဥပုသ်လမြတ် ညဘက်ဝတ်ပြုမှုအပြီးတွင် အကြမ်းဖက်ခံရခြင်းဖြစ်သည်။ လန်ဒန်တံတားတိုက်ခိုက်မှုအပြီးတွင် မွတ်စလင်များကိုပစ်မှတ်ထားသည့် အမုန်းတရားအခြေခံသော ရာဇဝတ်မှုများ မြင့်တက်လာသောကြောင့် ဗလီဝတ်ကျောင်းတော်များလုံခြုံရေးအတွက် တပ်ဖွဲ့ဝင်များ ပိုမိုချထားပေးမည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

Video Copy From – Daily Mail

#ဉာဏ်အလင်း

ရမဇာန်အထူးထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM