လင်းရောင်ခြည်ရောက် ဉာဏ်အလင်း

နယူးရီးယားညနေပိုင်း (၃၁.၁၂.၂၀၁၆) က Facebook ပေါ်မှာရင်းနှီးနေတဲ့ ဗန်းမော်မြို့က ကို သူရဇော်က Messenger မှာ စာချန်ထားခဲ့တယ်။

“အစ်ကို၊ စာစောင်ကိစ္စပြောစရာရှိလို့ပါ” တဲ့။

ကျနော့်အကျင့်အတိုင်း Message တွေကိုချက်ချင်းဖွင့်မကြည့်ဖြစ်ဘဲ နောက်တစ်နေ့ နေ့လည်လောက်မှ ဖွင့်ကြည့်မိတယ်။

ကျနော်လည်း “ပြောပါခင်ဗျာ။ လိုင်းပေါ်မရှိလည်း စာချန်ခဲ့လို့ရပါတယ်။ ဖုန်းဆက်ချင်လည်း စာစောင်ထဲမှာ ဖုန်းနံပါတ်ပေးထားပါတယ်” လို့ စာပြန်လိုက်တယ်။

သူက စာစောင်ရချင်တာ။ Print ရချင်တာတဲ့။ အမှန်တော့ ဉာဏ်အလင်းကို စလုပ်ကတည်းက အပြင်မှာမထုတ်ဘူး။ မရောင်းဘူး။ အလကားဖတ်လို့ရအောင် အခမဲ့ Download ယူပြီး ဖုန်း၊ Tablet, PC, Laptop တို့မှာပဲ အလွယ်တကူဖတ်လို့ရတဲ့ Version နဲ့ ထုတ်ခဲ့တာကိုး။ ကျနော်လည်း အဲဒီအတိုင်းရှင်းပြလိုက်တယ်။

ကိုသူရဇော်က ဗန်းမော်မြို့မှာ “လင်းရောင်ခြည်” ဆိုတဲ့နာမည်နဲ့ စာကြည့်တိုက်ဖွင့်ထားတာ ကျနော်အမှတ်ရတယ်။ အဲဒီအချိန်မှာပဲ သူက “စာကြည့်တိုက်မှာထားဖို့ပါ။ ခွင့်ပြုချက်တောင်းတာပါ” လို့ ကမ်းလှမ်းလာခဲ့တယ်။

သူခွင့်ပြုချက်တောင်းတာကိုမြင်ပြီးအတော်လေးဝမ်းသာသွားမိတယ်။ ဟုတ်တယ်လေ။ ကိုယ်တွေအပင်ပန်းခံထားတဲ့ဟာကို ဂရုတစိုက် Print ထုတ်ပြီး စာကြည့်တိုက်မှာပါ ထားဦးမယ်ဆိုတော့ ၀မ်းသာတာပေါ့။

ဒါနဲ့ ကျနော်လည်း စကားကိုမယုတ်မလွန်ဖြစ်သွားအောင် “ရပါတယ်။ ထုတ်ပြီးထားလို့ရပါတယ်။ အများအကျိုးအတွက် ဖတ်စေချင်တဲ့ စေတနာနဲ့ Print ထုတ်ပါ၊ ရပါတယ်။ ဒါပေမဲ့ စီးပွားဖြစ်တော့ လုံးဝမလုပ်ဖို့ ကျနော့်ကို ကတိပေးပါ” လို့ ကတိတောင်းလိုက်တယ်။ သူကလည်း ကတိပေးကြောင်းပြောပါတယ်။ နှစ်ယောက်လုံးဝမ်းသာကြတာပေါ့။

ဒီအကြောင်းအရာလေးကို မဂ္ဂဇင်းထဲထည့်ပြီး မျှဝေချင်လို့ သူ့စာကြည့်တိုက်ကို ဓာတ်ပုံရိုက်ပို့ဖို့ ပြောလိုက်တော့ နောက်တစ်ရက်မှာပဲ ပုံတွေရောက်လာတယ်။ ပုံထဲမှာမြင်တဲ့အတိုင်းပဲလေ။ အတွဲ(၁) အမှတ်(၁)ရော၊ အတွဲ(၁) အမှတ်(၂) ရော၊ ထွက်ပြီးသားနှစ်စောင်လုံးကို “လင်းရောင်ခြည်” စာကြည့်တိုက် တံဆိပ်တုံးတွေထုပြီး ထားထားပေးတယ်။

နောက်တော့ စာကြည့်တိုက်အကြောင်းစကားစပ်မိကြတယ်။ ကိုသူရဇော်က စာကြည့်တိုက်က စာအုပ်စင်တွေကို ၂၉ ရက်နေ့ (ဒီဇင်ဘာ ၂၀၁၆) ကမှ အသစ်ပြန်လုပ်ထားတာဖြစ်ကြောင်း၊ တစ်ကိုယ်တည်းရုန်းကန်နေရတဲ့ပုံစံဖြစ်နေကြောင်း၊ သူတို့မြို့က လူတွေဟာ စီးပွားရေးနဲ့ သဗ်လီးဂ်ကိုပဲ အာရုံရောက်နေကြကြောင်း၊ အဲဒီ နှစ်ခုကလွဲပြီးကျန်တဲ့ကိစ္စ သိပ်စိတ်မ၀င်စားကြကြောင်း ရင်ဖွင့်လာပါတယ်။

အမှန်တကယ်ပြောရရင် စာကြည့်တိုက်တစ်ခုလည်ပတ်အောင်ထူထောင်ဖို့ဆိုတာလည်းလွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ ကျနော်လည်း သူ့ကိုအားကျရပါတယ်။ စာကြည့်တိုက်တစ်ခုကို ကိုယ်တိုင် ကိုယ်ထူကိုယ်လည်ပတ်အောင်လုပ်ဖို့ဆိုတာ မလွယ်ဘူးမဟုတ်လား။ ဒီခေတ်ကြီးမှာ စာအုပ်စာပေဖတ်တဲ့လူက အင်မတန်ရှားပါးသွားတာမဟုတ်လား။ ရသစာပေဖတ်ဖို့ သမ္မတကြီးတောင် တိုက်တွန်းယူရတဲ့အထိပါပဲ။ ရန်ကုန်မှာဆိုရင်လည်း စာအုပ်ဖတ်သူများလာအောင် စာအုပ်ဈေးတန်းဖွင့်လိုက်ပြီ။ စာအုပ်ပွဲတော်တွေကိုလည်း ခေါင်းစဉ်အမျိုးမျိုးတပ်ပြီးမကြာမကြာကျင်းပနေရတယ်။ လူမှုကွန်ရက်မီဒီယာကြီးစိုးလာတဲ့ဘေးထွက်ဆိုးကျိုးအဖြစ် စာအုပ်စာပေဖတ်သူအင်မတန်နည်းပါးသွားတယ်။ တချိန်က တန်းစီတိုးနေရတဲ့ စာအုပ်အငှားဆိုင်တွေဆိုရင် မရှိသလောက်ဖြစ်သွားပြီ။

ဒီတော့ ဗန်းမော်သူ ဗန်းမော်သားတွေအနေနဲ့ ကိုယ့်မြို့သားတွေ စာအုပ်စာပေဖတ်ရှုလေ့လာဖို့အရေး ကြိုးစားနေသူ ကိုသူရဇော်ရဲ့ “လင်းရောင်ခြည်” စာကြည့်တိုက်လေးကို တစ်ဖက်တစ်လမ်းက ၀န်းရံပေးကြပါဦးလို့ ဉာဏ်အလင်းကပဲတစ်ဆင့် မေတ္တာရပ်ခံတောင်းဆိုလိုက်ရပါတယ်။

(စတီဗင်ရေးသည်)

ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၃) ကို Download ရယူရန် –
Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE