မျိုးချစ်စိတ်လွန်ကဲခြင်း၏ သားကောင်များ ( သို့ ) ကေသုံးလုံးဂိုဏ်း

ကဏ္ဍ- International
၁၈၆၁ ခုနှစ်မှာ စတင်ခဲ့တဲ့ အမေရိကန်ပြည်တွင်းစစ်ဟာ လေးနှစ်ကြာခဲ့ပြီးတဲ့နောက် ၁၈၆၅ ခုနှစ်ရောက်တော့ ပြီးဆုံးခဲ့ပါတယ်။ အဲဒီအချိန်မြန်မာပြည်အနေနဲ့ ဆိုရင်တော့ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး အင်္ဂလိပ်တွေက အောက်မြန်မာပြည်တခုလုံးကို သိမ်းပိုက်ထားခဲ့တဲ့ မင်းတုန်းမင်း လက်ထက်ပေါ့။ အဲဒီ ၁၈၆၅ ခုနှစ်အမေရိကန် ပြည်တွင်းစစ်အပြီးမှာ Ku Klux Klan ဆိုတဲ့ နာမည်ခပ်ဆန်းဆန်းနဲ့ အဖွဲ့တခု ထွက်ပေါ်လာပါတယ်။ (KKK) ကေသုံးလုံး အဖွဲ့လို့လည်း အတိုကောက်ခေါ်တယ်ပေါ့။
 
ဒီအဖွဲ့ရဲ့ အဓိက ယုံကြည်ချက်က လူဖြူ လူမည်း အသားအရောင်ခွဲခြားမှုကို အရိုးထဲထိ စွဲနစ်နေအောင် လက်ခံထားခြင်းနဲ့ နီဂရိုးလူမည်းတွေ အားလုံးကို လူဖြူတွေရဲ့ လက်အောက်ခံ အခိုင်းအစေအဖြစ်သာ ထားရှိရမယ် ဆိုတာပါပဲ။ ဘုရားသခင်ဟာ လူမည်းတွေကို လူဖြူတွေအတွက် ဖန်ဆင်းခဲ့တယ်ဆိုတဲ့ အယူအဆမျိုးကို လက်ကိုင်ပြုထားသူတွေပေါ့။ ဒီလို ယုံကြည်ချက်တွေ ရည်ရွယ်ချက်တွေနဲ့ ကေသုံးလုံးအဖွဲ့ဟာ အမေရိကန်ပြည်တွင်းစစ်အပြီးမှာမှ အဖွဲ့တစ်ခုရယ်လို ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့ပေမယ့် တကယ်တန်းတော့ ဒီမတိုင်ခင် လွန်ခဲ့တဲ့ အနှစ် ၂၀ ခန့် ၁၈၄၀ ပြည့်နှစ်ဝန်းကျင်တွေမှာ ကတည်းက အမေရိကန်တောင်ပိုင်း တခွင်မှာ ဒီလိုမျိုးအလားသဏ္ဌာန်တူတဲ့ အဖွဲ့ငယ်လေးပေါင်း များစွာရှိခဲ့ပါတယ်။ ‘ Knights Of Golden Circle ‘ ဆိုတဲ့ အဖွဲ့ဟာ အဲ့ဒီအဖွဲ့ငယ်လေးပေါင်း များစွာထဲမှာ ထင်ရှားတဲ့ အဖွဲ့တခုရဲ့ နာမည်ပေါ့။
 
၁၈၆၁ ခုနှစ်မှာ အမေရိကန်ပြည်တွင်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့ချိန်မှာတော့ ဒီလိုအဖွဲ့ငယ်ပေါင်းများစွာဟာ အမေရိကန်တောင်ပိုင်းပြည်နယ် အစိုးရတပ်များနဲ့ ပူးပေါင်းပြီး မြောက်ပိုင်းပြည်တောင်စုအစိုးရတပ်တွေကို တိုက်ခိုက်ခဲ့ကြပါတယ်။ လေးနှစ်ကျော်လောက် တဖက်နဲ့တဖက် အသေအကြေတိုက်ခိုက်ခဲ့ကြပြီး ၁၈၆၅ ခုနှစ် စစ်ပွဲပြီးဆုံးသွားချိန်မှာတော့ တောင်ပိုင်းတပ်တွေ ရှုံးနိမ့်သွားပါတယ်။ ဒီလို တောင်ပိုင်းတပ်တွေရဲ့ ကျဆုံးခြင်းနဲ့အတူ သူတို့ဘက်က ကူညီပေးခဲ့တဲ့ ‘ Knights Of Golden Circle ‘ အဖွဲ့အပါအဝင် အခြားအဖွဲ့ငယ်ပေါင်းများစွာဟာလည်း ဖရိုဖရဲ ပြိုကွဲကာ ပျက်စီးသွားခဲ့ပါတယ်။
 
ဒီလိုအဖွဲ့တွေ ပျက်စီးသွားခဲ့ရပေမယ့်လည်း သူတို့ရဲ့ ယုံကြည်ချက်နဲ့ရည်ရွယ်ချက်တွေကတော့ လုံးဝ ပျောက်ကွယ်သွားခြင်းမရှိပါဘူး။ ပြည်တွင်းစစ်အပြီး ၇ လ အကြာ အမေရိကန်တောင်ပိုင်း တင်နက်ဆီပြည်နယ်က မြို့လေးတစ်ခုမှာ အသက် ၂၀ ကျော်နဲ့ ၂၅ ဝန်းကျင်လူငယ် ၆ ယောက်ဟာ ဒီယုံကြည်ချက်အမွေကို ဆက်ခံဖို့အတွက် ‘ Knights Of Circle ‘ ဆိုတဲ့ အမည်နဲ့ အဖွဲ့တခု စတင်ဖွဲ့စည်းခဲ့ပါတယ်။ သို့ပေမယ့်လည်း ဒီနာမည်ဟာ ဟိုအရင်ကရှိခဲ့တဲ့ ‘ Knights Of Golden Circle ‘ ဆိုတာနဲ့ ဆင်တူနေတဲ့ အတွက် အဖွဲ့ဝင်တစ်ယောက်ရဲ့ အကြံပြုချက်အရ ‘ Circle ‘ ဆိုတဲ့ စကားလုံးကို ‘ Kuklos ‘ ဆိုတဲ့ စကားလုံးနဲ့ အစားထိုးကာ ‘ Knights Of Kuklos ‘ ဆိုပြီး ပြောင်းလိုက်ပါတယ်။ အမှန်တော့ ‘ Kuklos’ ဆိုတာက ဂရိစကားလုံးဖြစ်ပါတယ်။ အင်္ဂလိပ်စကားလုံး ‘ Circle ‘ နဲ့ အဓိပ္ပာယ်ချင်း အတူတူပါပဲ။ အဲဒီကစပြီး သူတို့ကို ကူကလော့အဖွဲ့ဝင်တွေလို့ ခေါ်ကြရာကနေ နောက်တော့ ကူကလပ် ဆိုပြီးပြောင်းလဲ ခေါ်ဆိုခဲ့ကြပါတယ်။ အဲ့ဒီလို့ ဖွဲ့ပြီးတဲ့ နောက်မှာတော့ ဒီအဖွဲ့ဝင်တွေဟာ အင်မတန်ထူးထူးဆန်းဆန်းလုပ်ချင်ကြသလို ‘ K ‘ ဆိုတဲ့ စကားလုံးလည်း အင်မတန်နှစ်သက်လေတော့ ‘ Clan ‘ ( မိသားစု၊ စိတ်တူကိုယ်တူလူစု) ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို K နဲ့ပေါင်းကာ ‘ Ku Klux Klan ‘ ဆိုပြီး ခပ်ဆန်းဆန်းနာမည်တခုကို သတ်မှတ်ခေါ်ဆိုခဲ့ကြပါတယ်။ ဒီ ကူကလပ်ကလန်ဆိုတဲ့ ကေသုံးလုံးအဖွဲ့ဟာ K ဆိုတဲ့ စာလုံးကို ဘယ်လောက်ထိစွဲလမ်းကြသလဲ ဆိုရင် အဖွဲ့ရဲ့ သင်္ကေတကို K လို့ သတ်မှတ်ပါတယ်။ ပြီးတော့ ဥက္ကဋ္ဌကို ‘ Klailiff ‘ ၊ အတွင်းရေးမှူးကို ‘ Kligrapp ‘ ၊ ဘဏ္ဌာရေးမှူးကို Klabee ၊ စည်းရုံးရေးမှူးကို Kleagles ၊ အဖွဲ့ဝင်တွေရဲ့ သာရေးနာရေးတွေကို ဆောင်ရွက်တဲ့ ဓမ္မဆရာကို ‘Kludd’ ၊ စုံစမ်းရေးမှူးကို ‘ Klokans’ ၊ တာဝန်ခံကို ‘ Kladd’ ဆိုပြီး အလွန်ထူးဆန်းတဲ့ အခေါ်အဝေါ်တွေနဲ့ ခေါ်ဆိုကြသတဲ့။
 
ကေသုံးလုံးအဖွဲ့ဝင်တွေဟာ အသင်းသားအချင်းချင်းတောင် တစ်ယောက်နာမည်အရင်းကို တစ်ယောက် မသိရလေအောင် အသင်းကြီးကို အလွန်သိုသပ်စွာနဲ့ ဖွဲ့စည်းထားတာပါ။ လူ ၆ ယောက်နဲ့ စတင်ခဲ့တဲ့ ဒီအဖွဲ့ဟာ မူလဖွဲ့စည်းစဉ်က အကြမ်းဖက်မှုတွေကို မလုပ်ပဲ လူမည်းတွေကို ထိတ်လန့်တုန်လှုပ်သွားအောင် ခြောက်လှန့်စေဖို့သာ ရည်ရွယ်ခဲ့ပါတယ်။ သူတို့ဟာ မြင်းနက်ကြီးတွေ ဒုန်းစိုင်းစီးပြီး ရပ်ကွက်တွေထဲကို ‘ တောင်ပိုင်းပြည်နယ် အစိုးရတပ်သားတွေ သေလို့ ဖြစ်တဲ့ တစ္ဆေတွေ လာပြီဟေ့ ‘ လို့အော်ဟစ်လှည့်လည်ကြတဲ့အခါ လူမည်းတွေကတော့ သူတို့ကို တကယ်ပဲ လူဖြူတစ္ဆေတွေ ထင်ပြီး တထိတ်ထိတ် တလန့်လန့်နဲ့ နေကြရတယ်ပေါ့။ ခေါင်းကနေ ခြေဖျားအထိ အဖြူရောင် ဝတ်ရုံကြီးကို ခြုံထားပြီး လျှောက်အော်နေကြတာဆိုတော့ ဒီလူတွေကို တစ္ဆေတွေလို့ ထင်မယ်ဆိုလည်း ထင်လောက်စရာပါပဲ။
 
အဲ့လိုနေရင်း တဖြေးဖြေးနဲ့ အဖွဲ့ဝင် အင်အားတွေ လွန်စွာများပြားလာခဲ့ရာကနေ ၁၈၆၇ ခုနှစ်မှာတော့ တစ်မျိုးသားလုံးဆိုင်ရာ ညီလာခံကြီး ကျင်းပကာ ‘ The Invisible Empire ‘ ဆိုတဲ့ ကိုယ်ပျောက်အင်ပါယာထူထောင်ပြီး အဖွဲ့ချုပ်ကြီးရဲ့ ဥက္ကဋ္ဌကိုလည်း ‘ Grand Wizard ‘ လို့ ခပ်ကြောင်ကြောင် ရာထူးနာမည်ပေးခဲ့ကြပါတယ်။ အဲ့ဒီညီလာခံပြီးတဲ့ နောက်ပိုင်း အဖွဲ့ဝင်အင်အား ၅ သိန်းအထိ ရှိလာတဲ့ အချိန်မှာတော့ မူလ အကြမ်းမဖက်ခြောက်လှန့်ရေးလမ်းစဉ်ကနေ သွေဖည်သွားခဲ့ပြီး လူမည်းတွေအပေါ် မတရား အကြမ်းဖက်နှိပ်စက်မှုတွေကို လုပ်ဆောင်လာပါတော့တယ်။ လမ်းသွားနေတဲ့ လူမည်းတစ်ယောက်ကို အကြောင်းမဲ့ ရိုက်နှက်တာတွေ၊ လူမည်းတွေရဲ့ နေအိမ်တွေ ယာတောတွေကို မီးရှို့ဖျက်ဆီးပစ်တာတွေ၊ လူအုပ်နဲ့ ဝိုင်းဖမ်းပြီး သစ်ပစ်မှာ ဆွဲကြိုးချသတ်ပစ်တာတွေကို ပြုလုပ်လာကြပါတယ်။ အကယ်၍များ လူမည်းအမျိုးသားက လူဖြူအမျိုးသမီးတစ်ဦးကို ချစ်ကြိုက်မိခဲ့တာမျိုးကို သူတို့သိသွားခဲ့ရင် အဲ့ဒီလူမည်းတော့ မျိုးကန်းပြီပေါ့။ မျိုးကန်းတယ်ဆိုတာက စကားအဖြစ်ပြောတာ မဟုတ်ဘူး။ တကယ်လုပ်တာပါ။ အဲ့ဒီလူမည်းကို ဝိုင်းဖမ်း၊ ပြီးရင် ကိုယ်တုံးလုံးချွတ်၊ သူ့ရဲ့ အင်္ဂါဇာတ်ကို ဖြတ်ပစ်၊ ဝှေးဥကို နွားဝှေးသင်းသလို ထုပစ်သတဲ့။ အဲဒီလောက်နဲ့ မပြီးသေးဘူး။ နောက်ဆုံး ကြိုက်ကြိုက်ဆူနေတဲ့ ကတ္တရာစေးအရည်တွေကို ခေါင်းကနေ လောင်းချပြီး မသေမရှင်ဖြစ်နေချိန်မှာ လည်ပင်းကြိုးကွင်းစွပ်၊ သစ်ပင်ပေါ်ဆွဲတင်ပြီး သတ်ပစ်လိုက်တာပါပဲ။
 
ဒီလူမည်းအမျိုးသားနဲ့ချစ်ကြိုက်ခဲ့တဲ့ လူဖြူအမျိုးသမီးကိုလည်း အလွတ်မပေးခဲ့ပါဘူး။ သူမကိုတော့ ခေါင်းက ဆံပင်တွေ ပြောင်အောင်ရိတ်ပြီး ကိုယ်တုံးလုံးချွတ်နဲ့ အရပ်ထဲ လှည့်ခိုင်းပါတယ်။ သူမရင်ဘတ်နဲ့နောက်ကျောမှာ ‘ Nigger Lover ‘ ငမည်းချစ်သူ လို့ စာရေးထားပါသေးတယ်။ တခါတလေ အဲ့ဒီစာကို ဆေးနဲ့ရေးတာ မဟုတ်ပဲ အရည်ပြားပေါ်မှာ သံချွန်နဲ့ ထွင်းပြီးရေးတာမျိုးလည်းလုပ်သတဲ့။ လူတစ်ယောက် ရက်စက်နိုင်သမျှ ကမ်းကုန်အောင် လုပ်ပစ်တာမျိုးပါပဲ။ အသတ်ခံရတဲ့ လူမည်းရဲ့ အဓိက အပြစ်ကတော့ သူဟာ ဒီကမ္ဘာမြေကြီးပေါ်ကို အသားရောင်မည်းတဲ့ လူတစ်ယောက်အဖြစ် ရောက်ရှိလာခြင်းပေါ့။
 
ဒီလိုမင်းမဲ့စရိုက်ဆန်စွာနဲ့ ပရမ်းပတာ လုပ်ချင်တိုင်းလုပ်နေတာကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဘာမှ မပြောဘူးလား ဒီအတိုင်းကြည့်နေကြသလား လို့မေးရင်တော့ ဟုတ်ပါတယ် လို့သာဆိုရပါလိမ့်မယ်။ တကယ်ပါ။ ဒီအတိုင်းတော့ ကြည့်မနေပါဘူး။ ဟိုဘက် လှည့်နေကြတာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်က ရဲအရာရှိတွေ၊ အမှုထမ်းတွေ အားလုံးဟာ လူဖြူတွေသာ ဖြစ်တဲ့ အပြင် သူတို့ကိုယ်တိုင်ကလည်း လူမည်းတွေကို ခါးခါးသီးသီးမုန်းတီးစွာနဲ့ အသားအရောင်ခွဲခြားမှုစနစ်ကို လက်ခံယုံကြည်သူများဖြစ်လို့ပါပဲ။ ဒီလို ရမ်းချင်တိုင်း ရမ်းခွင့်ရနေတဲ့ ကေသုံးလုံးအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေဟာ နောက်ပိုင်းမှာ အထက်မှာ ဖော်ပြခဲ့တဲ့ အဖြစ်အပျက်တွေထက် ပိုမိုလွန်ကဲတဲ့ အလွန်အင်မတန်မှ ဆိုးဝါးရက်စက်မှုတွေကို ကျူးလွန်ပြုလုပ်ခဲ့ကြပါတယ်။ ( ဥပမာရေးပြစရာ အဖြစ်အပျက်တွေ အများကြီး ရှိတာမို့ စာရှည်သွားလိမ့်ပါမယ်) ချုံ့ပြောရရင် ၁၈၆၅ ခုနှစ်က စပြီး သောင်းကျန်းလာခဲ့တဲ့ ကေသုံးလုံးအဖွဲ့ကြီးဟာ ဒုတိယ ကမ္ဘာစစ်မတိုင်ခင် ၁၉၃၀ ခုနှစ်ဝန်းကျင်လောက် ရောက်မှသာ အင်အားပြိုကွဲခဲ့ပါတယ်။ ဒါတောင် နောက်ဆုံး ကေသုံးလုံးအဖွဲ့ဟာ ဒီနာမည်နဲ့ ဘယ်လိုမှ ရပ်တည်လို့ မရနိုင်တော့တဲ့ အဆုံးမှာ ဥက္ကဋ္ဌဖြစ်သူက Knights Of the Great forest ဆိုပြီး နာမည်နောက်တမျိုးနဲ့ အသက်ဆက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ သို့ပေမယ့် အရင်လို အောင်မြင်မှု မရတော့ပါဘူး။ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာတော့ လုံးဝပျောက်ကွယ်သွားတော့တယ်။
 
Ku Klux Klan ဆိုတဲ့ ကေသုံးလုံးအဖွဲ့ဆိုတာ အဖွဲ့အစည်းတစ်ခုရဲ့ နာမည်မျှသာ မဟုတ်ဘဲ လူ့အဖွဲ့အစည်းတခုက လူအများရဲ့ စိတ်ခံစားမှုအခြေအနေကို ဖော်ပြတဲ့ နာမည်တစ်ခုလည်း ဖြစ်တယ်လို့ ၁၉၂၅ ခုနှစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌတစ်ဦးပြောခဲ့ဖူးတဲ့ အတိုင်း ဒီနေ့ လူ့အဖွဲ့အစည်းမှာလည်း ဒီလိုမျိုး အလားသဏ္ဌာန်တူတဲ့ စိတ်ခံစားမှုတွေ ၊ အယူအဆတွေ ရှိနေနိုင်ဦးမလားပေါ့။
 
(လင်းဆက်ရေးသည်)

ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၄) ကို Download ရယူရန် –

Mediafire – http://bit.ly/2mE2MPq
pCloud – http://bit.ly/2m6cB5B
Dropbox – http://bit.ly/2lqzmnz