ဆော်ဒီနဲ့ ဆက်သွယ်မယ့်ရထားလမ်းဖောက်လုပ်ဖို့ အစ္စရေးစီစဉ်

ဉာဏ်အလင်း

ဆော်ဒီအာရေးဗျနဲ့ အစ္စရေးနိုင်ငံတို့အကြား ကုန်ပစ္စည်းနဲ့ ခရီးသည်များ ကူးလူးသွားလာနိုင်ဖို့အတွက် ရထားလမ်းတစ်ခုတည်ဆောက်သွားဖို့ အစ္စရေးအစိုးရက ပြင်ဆင်လျက်ရှိကြောင်း Al-Araby Al-Jadeed သတင်းဌာနက လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ဖော်ပြသွားပါတယ်။

ဒီစီမံကိန်းအတွက် ၂၀၁၉ ခုနှစ် နိုင်ငံတော်ဘတ်ဂျက်ထဲက ကန်ဒေါ်လာ ၄.၅ သန်းကို အသုံးပြုသွားမှာဖြစ်ကြောင်းနဲ့ ဒီစီမံကိန်းအကောင်အထည်ဖော်ဖို့ လွန်ခဲ့တဲ့ သုံးနှစ်အရင်ကတည်းက အတည်ပြုခဲ့ပြီးဖြစ်ကြောင်းကို လန်ဒန်အခြေစိုက် အစ္စရေးသတင်းဌာန Yedioth Ahronoth က ဖော်ပြခဲ့ပါတယ်။

ကနဦးစီမံကိန်းကတော့ ဘီဆန်မြို့မှာ ရထားဘူတာတစ်ခုတည်ဆောက်ပြီး အဲဒီဘူတာကနေ ဂျော်ဒန်၊ အီရတ်နဲ့ ဆော်ဒီအာရေးဗျကို ဆက်သွယ်မယ့် ရထားလမ်းတစ်ခုဖောက်လုပ်သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အစ္စရေးထုတ်ကုန်တွေကို ဟိုက်ဖာဆိပ်ကမ်းကနေတစ်ဆင့် ဂျော်ဒန်နိုင်ငံကို ဖြတ်သန်းပြီး အီရတ်၊ ဆော်ဒီနဲ့ တခြားပင်လယ်ကွေ့နိုင်ငံတွေကို တင်ပို့လျက်ရှိကြောင်း၊ လက်ရှိဆီးရီးယားမှာစစ်ပွဲဖြစ်နေတာကြောင့် ဖော်ပြပါနိုင်ငံတွေအနေနဲ့ ဆီရီးယားကုန်သွယ်ရေးလမ်းကြောင်းအစား အစ္စရေးဆိပ်ကမ်းတွေကို အားကိုးနေရကြောင်း Yedioth Ahronoth သတင်းဌာနက ရေးသားထားပါတယ်။

အစ္စရေး သယ်ယူပို့ဆောင်ရေးဝန်ကြီး Yisrael Katz ကတော့ အဲဒီရထားလမ်းကို “ငြိမ်းချမ်းရေးလိုင်း” လို့ နာမည်ပေးထားကြောင်းသိရပါတယ်။ အစ္စရေးရထားကော်မရှင်ဟာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ဖို့ ကျွမ်းကျင်သူတွေပါဝင်တဲ့အဖွဲ့တစ်ခုဖွဲ့စည်းထားပြီးဖြစ်သလို နိုင်ငံတကာမှာ အစ္စရေးရဲ့ အရှိန်အဝါကိုမြှင့်တင်ဖို့အတွက် ဥရောပနဲ့ အရှေ့အလယ်ပိုင်းကို ဆက်သွယ်မယ့် ရထားလမ်းတွေတိုးချဲ့ဖောက်လုပ်သွားမှာဖြစ်ကြောင်း အစ္စရေးသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Ref: Middleeastmonitor

——————————-
 
8 MB သာ ရှိတဲ့ တစ်နှစ်ပြည့် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၂) ကို အခမဲ့ Download ရယူရန် –
 
Mediafire – http://bit.ly/2C2F9Vu