ဂျိုဟိုးမင်းသမီး၏ ကြင်ယာဖက်ဖြစ်လာမည့် အစ္စလာမ်သို့ကူးပြောင်းခဲ့သူဒပ်ခ်ျလူမျိုးသတို့သားလောင်းက အစ္စလာမ်သည် မိမိအားတည်ငြိမ်စေကြောင်း ဖွင့်ဟပြောကြား

မလေးရှားနိုင်ငံ ဂျိုဟိုးရဲ့ မင်းသမီး Tunku Tun Aminah Maimunah Iskandaraiah နှင့် စေ့စပ်ထားသော ခင်ပွန်းလောင်းဖြစ်သူ ဒပ်ခ်ျနွယ်ဖွားအမျိုးသားဟာ ၂၀၁၅ ခုနှစ်မှာ အစ္စလာမ်ဘာသာကိုကူးပြောင်းခဲ့ပြီးနောက် ဤဘာသာတရားသည် မိမိအားတည်ငြိမ်စေကြောင်း ဖွင့်ဟပြောကြားလိုက်သည်။

Mr Dennis Muhammad Abdullah ဟု မွတ်စလင်အမည်ပြောင်းလဲမှည့်ထားသည့် မင်းသမီး၏ ကြင်ယာဖက်သတို့သားလောင်းက ၎င်းသည် ၂၀၁၄ ခုနှစ် အမ်စတာဒမ်မြို့မှာနေကတည်းက အစ္စလာမ်နှင့် ရင်းနှီးမှုရှိလာခဲ့ကြောင်းပြောကြားသည်။ သူသည် အမ်စတာဒမ်တွင်နေကတည်းက မွတ်စလင်သူငယ်ချင်းများထံမှ အကြံဉာဏ်များရယူခဲ့ပြီး အစ္စလာမ်အကြောင်းကို သင်ယူခဲ့သည်ဟုဆိုသည်။ ထို့အပြင် ဗလီသို့ ခေါ်ဆောင်သွားရန်လည်း သူငယ်ချင်းများအားတောင်းဆိုခဲ့သေးသည်ဟု သိရသည်။

“ကျနော့်နှလုံးသားက သာသနာတော်ကိုလက်ခံဖို့အသင့်ရှိနေပါတယ်။ သာသနာကိုလက်ခံဖို့နဲ့ သာသနာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို လက်လှမ်းမှီအောင်သင်ယူရာမှာ အခက်အခဲမရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်ကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ကျနော်အစ္စလာမ်လက်ခံတာကို မိဘတွေကိုယ်တိုင်က ဖေးဖေးမမရှိကြပါတယ်” ဟု သူကပြောသည်။

၂၀၁၅ ခုနှစ် မေလ ၃၁ ရက်တွင် Pejabat Kadi Johor Baru တွင် အစ္စလာမ်လက်ခံခဲ့သည့် မစ္စတာ ဒင်းနစ်က အခုလိုဆက်ပြောခဲ့သည်။ “ဂျိုဟိုးအုပ်ချုပ်ရေးမှူး ဆူလတန်အိဗ်ရာဟီးမ် အိဗ်နေ့ အလ်မရ်ဟူးမ် ဆူလတန် အစ်ကန်ဒါကလည်း သူ့သမီးတော် မင်းသမီးနဲ့ လက်ဆက်ပေးဖို့ သဘောတူပြီး ကောင်းချီးမင်္ဂလာချီးမြှင့်ခဲ့ပါတယ်။ ဒါ့အပြင် အစ္စလာမ်နဲ့ပတ်သက်လို့ ပိုပြီးနက်နက်နဲနဲလေ့လာဖို့လည်း ကျနော့်ကိုတိုက်တွန်းထားပါတယ်”

ဒါ့အပြင် မစ္စတာ ဒင်းနစ်သည် ၂၀၁၅ ခုနှစ် ရမဇာန်လမှစ၍ တစ်လလုံးဆွိယာမ်ဉပုသ်ဆောက်တည်ခဲ့ပြီး သရာဝီဆွလားသ်ကို ဗလီတွင်ဝတ်ပြုခဲ့သည်။ အစ္စလာမ်လက်ခံပြီးချိန်မှာစ၍ ဘာသာရေးသင်တန်းများတက်ရောက်ကာ ကုရ်အာန်ကျမ်းမြတ်ထဲမှာ စူရာဟ်အခန်းအတိုလေးများကို အလွတ်ကျက်မှတ်ခဲ့သေးသည်။

ဂျိုဟိုးမင်းသမီးနှင့် မစ္စတာဒင်းနစ်တို့သည် လာမည့် တနင်္လာနေ့တွင် နေကာဟ်ပြုထိမ်းမြားလက်ထပ်ကြတော့မည်ဖြစ်သည်။

ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ
 
Mediafire – http://bit.ly/2umlRbf