IS ခေါင်းဆောင် ဘဂ္ဂဒါဒီ ဆီရီးယား၌ သေဆုံးခဲ့ပြီဟု ရုရှားကြေညာ

ဒါအိရှ် (Daesh) သို့မဟုတ် ISIS ၏ အဖွဲ့ခေါင်းဆောင် အဗူဘက္ကရ် အလ်ဘဂ္ဂဒါဒီသည် ဆီရီးယားနိုင်ငံမြောက်ပိုင်း ရက္ကာမြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်စဉ်အတွင်း သေဆုံးခဲ့ဖွယ်ရှိသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့တွင်ပြောကြားလိုက်သည်။
 
လွန်ခဲ့သော မေ ၂၈ ရက်တွင် ရုရှားတိုက်လေယာဉ်များသည် ဒါအိရှ်ခေါင်းဆောင်များ အစည်းအဝေးလုပ်နေသော စခန်းတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သောကြောင့် စစ်သွေးကြွအယောက် ၃၀၀ ဝန်းကျင်သေဆုံးခဲ့ဖွယ်ရှိပြီး ယင်းအနက် စစ်မြေပြင်တပ်မှူး အယောက် ၃၀ ခန့်လည်း ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ခုတွင်ဖော်ပြထားသည်။
 
“ခိုင်မာတဲ့ ရင်းမြစ်အစုံကနေ ရရှိတဲ့အချက်အလက်တွေအရ အဲဒီတွေ့ဆုံဆွေးနွေးပွဲကို ဒါအိရှ်ခေါင်းဆောင် အိဗ်ရာဟီးမ် အဗူဘက္ကရ် အလ်-ဘဂ္ဂဒါဒီလည်း တက်ခဲ့တယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း သူသေဆုံးသွားပါပြီ” လို့ ယင်းထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။
ဖမ်းဆီးသတ်ဖြတ်နိုင်ပါက ကန်ဒေါ်လာ ၂၅ သန်း ဆုကြေးငွေချီးမြှင့်ခံရမည်ဟု ကြေညာခံထားရသော ဘဂ္ဂဒါဒီသည် အီရတ်နှင့် ဆီရီးယားတွင် နှစ်နှစ်ကျော်ကြာ စစ်ဆင်ရေးဆင်နွှဲလျက်ရှိသော အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ လက်ချက်မှ လွတ်မြောက်ရန် ရှောင်ကွင်းနိုင်ခဲ့သူဖြစ်သည်။
 
အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘဂ္ဂဒါဒီသေဆုံးသွားပြီဟူသော ကောလဟလများမှာ ပျံ့နှံ့ခဲ့ဖူးပြီး ယခုအချိန်ထိအောင် ဆက်လက်ပျံ့နှံ့လျက်ရှိသော်လည်း သက်သေအထောက်အထားများမှာမူ ထွက်လာခဲ့ခြင်းမရှိချေ။
Ref: Middleeastmonitor
ဉာဏ်အလင်း