သမိုင်းထဲက ဒီနေ့ သို့မဟုတ် အီရတ်အပေါ်ကျူးလွန်ခဲ့သည့် အမေရိကန်၏ကျူးကျော်စစ်

၂၀၀၃ ခုနှစ် မတ်လ ၁၉ ရက်နေ့ မှာ အမေရိကန်ပြည်ထောင်စုနဲ့အတူ ဗြိတိန်အဓိကပါဝင်တဲ့ ညွှန့်ပေါင်းမဟာမိတ်အဖွဲ့က အီရတ်နိုင်ငံအပေါ် ကျူးကျော်စစ်စတင်ဆင်နွှဲခဲ့ပါတယ်။ အီရတ်ကျူးကျော်စစ်ဟာ ဒီကနေ့မှာ ၁၄ နှစ်တိုင်ခဲ့ပါပြီ။
 
အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်မှာ ပေါက်ကွဲမှုတွေစလျင်စခြင်း အမေရိကန်သမ္မတ ဂျော့ခ်ျ ဒဗလျူ. ဘုရှ်က ရုပ်သံကနေ “လက်တလောအချိန်မှာပဲ အမေရိကန်နဲ့ ညွှန့်ပေါင်းအဖွဲ့တွေဟာ အီရတ်နိုင်ငံကို လက်နက်ဖြုတ်ဖို့၊ အီရတ်ပြည်သူတွေလွတ်လပ်ဖို့၊ ကမ္ဘာကြီးကို ကြောက်ခမန်းလိလိအန္တရာယ်ကနေ ကာကွယ်ဖို့အတွက် ကနဦး စစ်ဆင်ရေးစတင် ဆင်နွှဲပါပြီ” လို့ ကြေညာခဲ့ပါတယ်။
သမ္မတဘုရှ်နဲ့ သူ့ရဲ့အကြံပေးအဖွဲ့ဟာ အီရတ်အပေါ်ဆင်နွှဲတဲ့ ကျူးကျော်စစ်ကို အတွေးအမြင် ယူဆချက် သက်သက် အပေါ်မှာပဲ အခြေခံခဲ့တာပါ။ အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန်ဟာ အဖျက်စွမ်းအားပြင်းလက်နက် (Weapons of Mass Destruction) တွေ ပိုင်ဆိုင်နေပြီ သို့မဟုတ် ပိုင်ဆိုင်ဖို့ကြိုးစားနေတယ် ဆိုတဲ့ လက်တွေ့မပြနိုင်တဲ့ အထင်အမြင်သက်သက်နဲ့ ထင်ရာစိုင်းခဲ့တယ်လို့ ဆိုရမှာပါ။
 
ဆက်ဒမ်ဟူစိန် အီရတ်နိုင်ငံကို စွန့်ခွာဖို့အတွက် အမေရိကန်ကပေးထားတဲ့ အချိန် မိနစ် ၉၀ နောက်ပိုင်းမှာတော့ တိုက်ပွဲဟာ အရှိန်ပြင်းပြင်းနဲ့ တဟုန်းဟုန်း တောက်လောက်ပါတော့တယ်။ ဘုရှ်ပြောတဲ့ ပထမဦးဆုံး ပြစ်မှတ်တွေကတော့ စစ်ဘက်ဆိုင်ရာအရေးပါတဲ့ ပြစ်မှတ်တွေလို့ဆိုပါတယ်။ အဲဒီပြစ်မှတ်တွေကို ယူအက်စ် ဖိုက်တာ ဗုံးကြဲလေယာဉ်တွေနဲ့ ပါရှန်ပင်လယ်ကွေ့မှာ ကျောက်ချထားတဲ့ စစ်သင်္ဘောတွေကနေ တိုမာဟော့ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီလိုပစ်ခတ်တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဘဂ္ဂဒက်အခြေစိုက် အီရတ်ပြည်ထောင်စုရေဒီယိုက “မကောင်းဆိုးဝါးကောင်တွေ၊ ဘုရားသခင်ရဲ့ရန်သူတော်တွေ၊ အမိမြေနဲ့ လူသားမျိုးနွယ်ရဲ့ ရန်သူတော်တွေဟာ ငါတို့ရဲ့အမိမြေနဲ့ ပြည်သူတွေအပေါ် ရုန့်ရင်းကြမ်းတမ်းပြီး မိုက်မဲလှတဲ့ ရန်လိုတိုက်ခိုက်မှုတွေကျူးလွန်နေပါပြီ” လို့ ကြေညာခဲ့ပါတယ်။
 
အမေရိကန်ကျူးကျော်တိုက်ခိုက်ပြီးမကြာခင်မှာပဲ ဆက်ဒမ်ဟူစိန်က ပုန်းရှောင်သွားပါတယ်။ ပြည်သူတွေကို အသံတိတ်ခွေကနေတစ်ဆင့်သာ မိန့်ခွန်းတွေ မကြာမကြာခြွေပါတယ်။ ရက်သတ္တသုံးပတ်အတွင်းမှာပဲ အမေရိကန်ဦးဆောင်တဲ့ စစ်တပ်ဟာ ဆက်ဒမ်အစိုးရကို ဖြုတ်ချခဲ့သလို အီရတ်မြို့ကြီးအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်ထိ အပြစ်မဲ့ပြည်သူသေဆုံးမှုဟာ အဆမတန်မများသေးပါဘူး။
 
၂၀၀၃ ခုနှစ် မေလ ၁ ရက်နေ့မှာတော့ သမ္မတဘုရှ်က အီရတ်မှာ မိမိတို့ရဲ့ အဓိက စစ်ဆင်ရေးတွေ အဆုံးသတ်သွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အမေရိကန်ဟာ အီရတ်အပေါ် စစ်ရေးအရ အနိုင်ယူလိုက်တယ်ဆိုပေမယ့် အချိန်တိုအတွင်း သူပုန်ထမှုကြီးပေါ်ပေါက်လာခဲ့ပါတယ်။ အင်တမန်အင်အားကောင်းလှတဲ့ သူပုန်ထမှုကြီးဟာ အရှိန်အဟုန်အပြင်းပြင်းနဲ့ ကျူးကျော်သူတွေကို လက်စားချေတိုက်ခိုက်ခဲ့တာကြောင့် အမေရိကန်နဲ့ ညွှန့်ပေါင်းစစ်သားတွေ အမြောက်အမြားသေဆုံးပြီး အထိနာခဲ့ရသလို သူပုန်စစ်သားတွေနဲ့ အပြစ်မဲ့ပြည်သူအများအပြားလည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။
 
တစ်ချိန်ထဲမှာ ဆက်ဒမ်ဟူစိန်ကို ဖမ်းဆီးရမိရေးအတွက် အမေရိကန်စစ်သားတွေက အပူတပြင်းလိုက်လံရှာဖွေခဲ့ပြီးနောက် သူ့ရဲ့ဇာတိ တီကရစ်မြို့နဲ့ ကိုးမိုင်သာကွာဝေးတဲ့ အရပ်က ၆-၈ ပေလောက်နက်တဲ့ မြေအောက်တွင်းထဲမှာ ပုန်းအောင်းနေတဲ့ ဆက်ဒမ်ကို လက်ရဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ကိုလာဖမ်းသူတွေကို ဆက်ဒမ်က ခုခံခြင်းမရှိခဲ့တာကြောင့် ဒဏ်ရာအနာတရ မရခဲ့ပါဘူး။ ဆက်ဒမ်ဟူစိန်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပါအ၀င် ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ တရားရုံးက ၂၀၀၅ ခုနှစ် အောက်တိုဘာလမှာစွဲချက်တင်လိုက်ပါတယ်။
 
၂၀၀၄ ခုနှစ် ဇွန်လမှာ ဆက်ဒမ်အစိုးရပြုတ်ကျပြီးပြီးချင်း ယာယီအစိုးရတစ်ရပ်ကို အာဏာပေးထားခဲ့ပြီး နောက်ပိုင်းမှာ အီရတ်ကြားဖြတ်အစိုးရကို အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် ဇန်န၀ါရီလမှာ အီရတ်ပြည်သူတွေဟာ အီရတ်အမျိုးသားလွှတ်တော်အတွက် အမတ် ၂၇၅ ဦးကို ရွေးချယ်ခဲ့ကြပါတယ်။ အဲဒီနှစ်အောက်တိုဘာမှာပဲ အခြေခံဥပဒေအသစ်ကို အတည်ပြုခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် နိုဝင်ဘာလမှာတော့ ဆက်ဒမ်ဟူစိန်ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ကြိုးပေးကွပ်မျက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ကြိုးမိန့်ကို အယူခံဝင်ခဲ့ပေမယ့် ပယ်ချခံရပြီး ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ သေဒဏ်စီရင်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ အမေရိကန်ပြည်ထောင်စုနဲ့ ညွှန့်ပေါင်းအဖွဲ့တွေ ကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့အကြောင်းပြချက်ဖြစ်တဲ့ အဖျက်စွမ်းအားပြင်းလက်နက် တစ်စုံတစ်ရာကိုမှ အီရတ်မှာ ရှာမတွေ့ခဲ့ကြပါဘူး။
ဉာဏ်အလင်း
 
ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၄) ကို Download ရယူရန် –
Mediafire – http://bit.ly/2mE2MPq
pCloud – http://bit.ly/2m6cB5B
Dropbox – http://bit.ly/2lqzmnz