ရိုဟင်ဂျာအရေး ၀င်ရောက်စွက်ဖက်မည်မဟုတ်ဟု သမ္မတဦးထင်ကျော်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ် အာမခံ

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက မွတ်စလင်လူနည်းစုအပေါ် အုပ်စုဖွဲ့မုဒိမ်းကျင့်မှု၊ လူသတ်မှုများ ကျယ်ကျယ်ပျံ့ပျံ့လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသည့် ကုလသမဂ္ဂအစီရင်ခံစာပေါ်ထွက်လာပြီး နောက်တစ်နေ့၌ပင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင် က ရိုဟင်ဂျာအရေးကိစ္စကြီးထွားစေရန် ၀င်ရောက်စွက်ဖက်လိမ့်မည်မဟုတ်ဟု မြန်မာသမ္မတ ဦးထင်ကျော်အားပြောကြားခဲ့ကြောင်း ကမ္ဘောဒီယားမီဒီယာ ဖနွမ်းပင်ပိုစ်က ရေးသားခဲ့သည်။
 
ငြိမ်းချမ်းရေးနန်းတော်၌ စနေနေ့က ပြုလုပ်ခဲ့သည့်တွေ့ဆုံဆွေးနွေးပွဲအတွင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က သမ္မတဦးထင်ကျော်အား “ရိုဟင်ဂျာကိစ္စကို နိုင်ငံတကာအရေးဖြစ်အောင်လုပ်ဆောင်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားက သဘောမတူပါဘူး။ ဒီကိစ္စကို မြန်မာပြည်တွင်းရေးလို့ပဲ မှတ်ယူပါတယ်။ အာဆီယံပဋိဉာဏ်စာတမ်းမှာ အဖွဲ့နိုင်ငံအချင်းချင်း တစ်နိုင်ငံရဲ့အတွင်းရေးကို နောက်တစ်နိုင်ငံက ၀င်ရောက်မစွက်ဖက်ဖို့ တားမြစ်ထားပါတယ်” ဟု ပြောကြားခဲ့ကြောင်း ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး Khieu Kanharith က သူ၏ Facebook တွင်ရေးသားခဲ့သည်။
 
အာရှဆိုင်ရာလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ ဒုတိယဒါရိုကတာ ဖိလ်ရောဘတ်ဆင် က ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ သဘောထားမှတ်ချက်သည် လူ့အခွင့်အရေးချိုးဖောက်နေသည့် ခေါင်းဆောင်အချင်းချင်း ဖေးမကူညီချင်းသာဖြစ်ကြောင်း ထောက်ပြဝေဖန်ခဲ့သည်။ “၀န်ကြီးချုပ် ဟွန်ဆင်က အဲဒီလိုပြောမှာပေါ့။ သူကိုယ်တိုင် သူ့နိုင်ငံထဲမှာ အတိုက်အခံပါတီဝင်တွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူတွေကို ခပ်မြန်မြန်အရှိန်မြှင့်ပြီး ဖြိုခွင်းမှု ကျူးလွန်နေတာကိုး” ဟု ဝေဖန်ခဲ့သည်။
 
တစ်ဖက်တွင်ပြန်ကြည့်မည်ဆိုပါက အာဆီယံ ပဋိဉာဏ်စာတမ်း၌ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အချုပ်အခြာအာဏာကို လေးစားရန်ဆိုထားသလို သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံအတွင်းမှ ပြည်သူများငြိမ်ငြိမ်းချမ်းချမ်း တရားမျှတစွာနှင့် သဟဇာတဖြစ်သည့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရှိစေရမည်ဖြစ်ကြောင်းနှင့် (ယင်းအနေအထားကိုပျက်ပြားစေမည့်) ခြိမ်းခြောက်မှုမှန်သမျှကို ထိထိရောက်ရောက်တုံ့ပြန်ရမည်ဖြစ်ကြောင်းကိုလည်း တိုက်တွန်းထားသေးသည်ဟု ဖနွမ်းပင်ပိုစ်က ထောက်ပြထားသည်။
ဉာဏ်အလင်း
ဓာတ်ပုံ – ဟွန်ဆင်နှင့်အတူတွေ့ရသည့် ဦးထင်ကျော်
 
Ref: phnompenhpost
 
ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၃) ကို Download ရယူရန် –
Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE