ကွယ်လွန်သွားပြီဖြစ်တဲ့ ဆော်ဒီက အသက်အကြီးဆုံး သက်ရှည်ဘိုးဘိုးရဲ့ လျှို့ဝှက်ချက်

ဉာဏ်အလင်း
 
အသက် ၁၄၇ နှစ်အရွယ်ရှိ ရှိုက်ခ် အလီ အလ်-အလခ်မီဟာ အဘ်ဟာမြို့မှာ လွန်ခဲ့တဲ့ရက်သတ္တပတ်က အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူသွားခဲ့ပါပြီ။ အသက်အကြီးဆုံးဆော်ဒီအမျိုးသားကြီးဟာ သူ့ကိုယ်တိုင်ရွေးချယ်ထားတဲ့ အာဟာရတွေကိုသာစားသုံးပြီး ကားစီးရတာကို မနှစ်သက်ပါဘူး။ သူနေထိုင်ရာမြို့ကနေ မက္ကာဟ်ကို ခြေကျင်တောင်သွားတတ်သူတစ်ယောက်ဖြစ်ပါတယ်။
 
ရှိုက်ခ် အလ်-အလခ်မီဟာ ဘုရင် အလီဘင်န်မိုဟမ္မဒ် ဘင်န် အာအိဒ်၊ အဗ္ဗဒွလ္လာဟ်ဗင်န်မိုဟမ္မဒ် ဘင်န် အာအိဒ်နဲ့ ဟဆန်ဘင်န် အာအိဒ်တို့လက်ထပ်ကိုပါမှီခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူအသက် ၃၈ နှစ်အရွယ်မှာ အာစိရ်ဒေသကို ဆော်ဒီပိုင်နက်အဖြစ် ဘုရင် အဗ္ဗဒွလ်အဇီးဇ်က ကြေညာခဲ့ပါတယ်။ မိသားစုဝင်တစ်ဦးဖြစ်သူ ယာဟ်ယာ အလ်-အလခ်မီက ရှိုက်ခ်ဟာ သူ့ရဲ့ကိုယ်ပိုင်ခြံထွက် သဘာဝ ကောက်ပဲသီးနှံများ၊ ဂျုံ၊ ပြောင်း၊ မုယောနဲ့ ပျားရည်များကိုသာ အမြဲလိုလိုစားသုံးတယ်လို့ ပြောပါတယ်။ အသားဆိုရင်လည်း သူ့ခြံထွက် တိရိစ္ဆာန်တွေကိုစားသုံးပြီး ပွဲတော်တွေမှာ စားသုံးခြင်းကိုရှောင်ရှားသလို အသင့်စားအစားအသောက်တွေကိုဆို ထိကိုမထိပါဘူးတဲ့။ ဒါ့အပြင် ရှိုက်ခ်ဟာ ကျမ်းမြတ်ကုရ်အာန်ကိုအမြဲတစေဖတ်ရွတ်နေတတ်ပြီး လမ်းလျှောက်ရာမှာလည်း ဘယ်သူ့ကိုမှ အားမကိုးဘူးလို့ ယဟ်ယာက ပြောပြပါတယ်။ ရှိုက်ခ်မှာ သားတစ်ဦးနဲ့ သမီးတစ်ဦးထွန်းကားခဲ့ပေမယ့် သားဖြစ်သူကတော့ ကွယ်လွန်သွားခဲ့ပါပြီ။ သူအလ္လာဟ်အရှင်မြတ်အမိန့်တော်မခံယူခင်မှာ အခုလိုပြောခဲ့ပါတယ်။
 
“အတိတ်ကာလက ဘဝဟာလှပခဲ့တယ်။ ဒီနေ့မှာတော့ အရာဝတ္ထုတွေနဲ့ လူသားတွေဟာ တော်တော်လေးပြောင်းလဲကုန်ကြပြီ။ ကျနော့်ခေတ်ကမျိုးဆက်တွေတစ်ယောက်မှမကျန်တော့တာကြောင့် လူတွေကြားမှာနေရတာ အထီးကျန်လှပါတယ်” လို့ ရင်ဖွင့်သွားခဲ့ပါတယ်။ မကြာသေးခင်က ဦးနှောက်လေဖြတ်မှုတစ်ခုကြုံခဲ့ရပြီးနောက် အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူသွားတာဖြစ်ပါတယ်။
 
ကိုးကား – Al Arabiya English
 
——————————-
 
8 MB သာ ရှိတဲ့ တစ်နှစ်ပြည့် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၂) ကို အခမဲ့ Download ရယူရန် –
 
Mediafire – http://bit.ly/2C2F9Vu
pCloud – http://bit.ly/2DNx1sy

Leave a Reply

Your email address will not be published. Required fields are marked *