သမိုင်းဝင်မိသားစုကိုသတိရကြ

ကဏ္ဍ – Quran

(M.အောင်မြတ်ဦး)

မိမိကိုယ်ကို မိမိပင် လူမိုက်လူ့ဗာလဖြစ်စေသောသူမှအပ အဘယ်သူသည် နဗီတမန်တော်အီဗ်ရာဟီမ်(အ)၏ သာသနာမှ မျက်နှာလွှဲဖယ် တိမ်းရှောင်သွားနိုင်ပါမည်နည်း။ စင်စစ်တမူကား ငါအရှင်မြတ်သည် ထိုနဗီတမန်တော် အီဗ်ရာဟီမ်(အ)အား ချစ်မြတ်နိုး၍ ဤလောက၌ နဗီတမန်တော်အဖြစ်ဖြင့် ရွေးချယ်ချီးမြှင့်တော်မူခဲ့လေပြီ။ တဖန်နောင်တမလွန်ဘဝ၌လည်း ထိုနဗီတမန်တော်သည် ပါရမီရှင်သူမွန်သူမြတ်များအနက်မှ မလွဲဧကန်ဖြစ်လတ္တံ။
(ဂါဝီကဏ္ဍ – ၂း၁၃၀)

ဇိလ်ဟဂ်ျလရောက်ပြီဆိုရင် သမိုင်းဝင်မိသားစုကို အားလုံးအမှတ်တရရှိကြပါတယ်။ ဇိလ်ဟဂ်ျလဟာ အစ္စလာမ့်ရဲ့လတွေထဲမှာ အလွန်မွန်မြတ်တဲ့လတစ်လဖြစ်ပြီး များစွာသော ဒီးန်ရဲ့အမိန့်ပညတ်ချက်တွေဟာ ဇိလ်ဟဂ်ျလမှာသာ ပြုလုပ်ရပါတယ်။ အခြားလတွေမှာ ဒီကျင့်စဉ်တွေကို ဆောက်တည်လို့မရပါဘူး။ ထူးခြားချက်ကတော့ ဇိလ်ဟဂ်ျလမှာ ပြုလုပ်ရတဲ့ အမိန့်တွေဟာ အဲဒီသမိုင်းဝင်မိသားစုနဲ့ပတ်သတ်ပြီး သူတို့ကို လွှမ်းဆွတ်သတိရပြီး ကျင့်ကြံရတာဖြစ်ပါတယ်။

ဒီသမိုင်းဝင်မိသားစုလေးဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအရင်က အီရတ်နိုင်ငံမှာ အခြေချနေထိုင်ရင်း ဆိုးသွမ်းမိုက်မဲတဲ့ ဘုရင်နမ်ရူးဒ်ရဲ့ရက်စက်ကြမ်းကြုတ်မှုများကြောင့် အိမ်ထောင်ဦးစီးဖြစ်သူ နဗီတမန်တော်အိဗ်ရာဟိမ်ဟာ မိသားစုကိုခေါ်ဆောင်ပြီး အီဂျစ်ပြည်ကိုရောက်ရှိခဲ့ပါတယ်။ တမန်တော်အိဗ်ရာဟိမ်ဟာ ဒုတိယဇနီးသည် ဟာဂျေရဟ်သခင်မနဲ့အီဂျစ်မှာ လက်ထပ်ခဲ့ပါတယ်။ ဟာဂျေရဟ်သခင်မနဲ့ အတူပေါင်းသင်းနေထိုင်ရင်း သားတော်မောင် အစ္စမာအိလ်ကို ဖွားမြင်ခဲ့ပါတယ်။ အခု ဖခင် အိဗ်ရာဟိမ်ရယ် သားလေးရယ် ဇနီးသည် ဟာဂျေရဟ်သခင်မရယ် သုံးယောက်ဟာ အလ္လာဟ်အရှင်အမြတ်အမိန့်တော်အရ ကန္တာရထဲက ဝါဒီရေ့ဂိုင်ရေ့ဇီဇရအ်(ခြောက်ကပ်ကပ်လွင်ပြင်)လို့ ကုရ်အာန်ကျမ်းတော်မြတ်ကသုံးနှုံးထားတဲ့ မက္ကာဟ်ဆိုတဲ့အရပ်ဒေသကိုရောက်ရှိခဲ့ပါတယ်။

နဗီတမန်တော်အိဗ်ရာဟိမ်ဟာ အလ္လာဟ်အရှင်အမြတ်ရဲ့အမိန့်တော်အရ မိမိသားတော်မောင်နဲ့ဇနီးသည်ကို လူသူမရှိ၊ ငှက်သတ္တဝါမရှိ၊ ရေတစ်ပေါက်မရှိ၊ မြက်တစ်ပင်မရှိတဲ့ လွင်တီးခေါင်ပြင်မှာ ထားရစ်ခဲ့ပြီး ဂျေရုစလင်ကို ပြန်လာခဲ့ပါတယ်။ ဟာဂျေရဟ်သခင်မက ကြေကွဲဆို့နင့်ခဲ့ပေမယ့် အလ္လာဟ့်အမိန့်တော်အရလုပ်နေတာလို့သိရပြီးတဲ့နောက်မှာတော့ ဒုက္ခတွေကို ကျေကျေနပ်နပ်ခံယူခဲ့ပါတယ်။ ပါလာတဲ့သားရေအိတ်ထဲက သောက်ရေကိုသောက်၊ မုန့်အခြောက်တွေကိုစားသုံးပြီး ရက်အနည်းငယ်နေထိုင်ပြီးတဲ့နောက်မှာတော့ ယူလာတဲ့ စားစရာသောက်စရာတွေလည်း ကုန်ခမ်းသွားပါတော့တယ်။ မိခင်ကိုယ်တိုင် ဘာမျှမစားရတော့ ကလေးကိုလည်း နို့ချိုတိုက်ကျွေးဖို့ အဟာရမလုံလောက်တော့ပါဘူး။ နောက်ဆုံးတော့ အမေကော ကလေးပါ ဆာလောင်ငတ်မွတ်ခဲ့ရပါတယ်။

နို့ချိုမသောက်ရတဲ့ အစ္စမာအိလ်လေးခမျာ ခြေစုန်ပေါက်ပြီးငိုပါတော့တယ်။ အမေဖြစ်သူက ကလေးငိုတာကိုမကြည့်ရက်တော့ဘဲ အနီးအနားမှာရှိတဲ့ ဆွဖာတောင်နဲ့ မရ်ဝါတောင်ပေါ်ကို ပြေးတက်လိုက်ပြေးဆင်းလိုက်နဲ့ သောက်ရေတစ်ပေါက်ရလိုရငြား ရှာဖွေခဲ့ပါတယ်။ နောက်ဆုံးတော့ အလ္လာဟ်အရှင်မြတ်ရဲ့ကွဒ်ရသ်တော်နဲ့ သဘာဝနဲ့ဆန့်ကျင်စွာ အစ္စမာအိလ်ရဲ့ခြေဖဝါးအောက်ကနေ ဇမ်ဇမ်ရေ ပန်းထွက်လာပါတယ်။ အခု ဇမ်ဇမ်ရေကိုဝဝလင်လင်သောက်သုံးပြီး ရက်တွေကိုကုန်ဆုံးစေခဲ့ပါတယ်။

စာမေးပွဲတစ်ခုပြီးရုံပဲရှိပါသေးတယ်၊ အလ္လာဟ်အရှင်မြတ်က နဗီတမန်တော်အိဗ်ရာဟိမ်တို့ မိသားစုကို နောက်ထပ်စာမေးပွဲတစ်ခု ထပ်မံစစ်ဆေးခဲ့ပါတယ်။ ယခုတစ်ကြိမ်စာမေးပွဲကတော့ မိမိသားကို မိမိလက်နဲ့ ဇဘဟ်ပြုလည်လှီးရမှာဖြစ်ပါတယ်။ ဒုတိယအကြိမ်ဂျေရုစလင်ကနေ တမန်တော်အိဗ်ရာဟိမ်ဟာ မိသားစုကိုကြည့်ရှုဖို့နဲ့သားတော်မောင်ကို အရှင့်အမိန့်အရ ဇဘဟ်ပြုလုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မက္ကာဟ်မြို့ကိုရောက်ရှိလာပါတယ်။ ဇနီးသည်က ခင်ပွန်းကိုတွေ့တာနဲ့စကားတွေဖောင်ဖွဲ့ ပြောချင်ပေမယ့် အချိန်အနည်းငယ်သာတွေ့ခွင့်ရပြီး အဖေဖြစ်သူက သားလေးလက်ကိုဆွဲကာ မီနာကွင်းပြင်ကိုခေါ်ဆောင်လာပြီး ဇဘဟ်ပြုဖို့ ထွက်သွားခဲ့ပါတယ်။ လမ်းခုလတ်မှာ ရှိုင်သာန်မိစ္စာကောင်က လိုက်လံနှောင့်ယှက်တဲ့အတွက် တမန်တော်အိဗ်ရာဟိမ်က သုံးကြိမ်တိတိ ရှိုင်သာန်ကို ခဲနဲ့ပေါက်နှင်ထုတ်ခိုင်းခဲ့ပါတယ်။ နောက်ဆုံး အရှင့်အမိန့်အရ ဇဘဟ်ပြုလုပ်ခဲ့ပေမယ့် သားတော်မောင် ဇဘဟ်ပြုခြင်းမခံရဘဲ ဂျန်နသ်က သားကောင်ကို အလ္လာဟ်အရှင်မြတ်က အစားထိုးပေးခဲ့ပါတယ်။

အင်မတန်ခက်ခဲကြမ်းတမ်းတဲ့ စာမေးပွဲပြီးတဲ့အခါမှာတော့ အခု အလ္လာဟ်က ဒီသားအဖနှစ်ယောက်ကို ဗိုင်သွလ်လာနဲ့ ကအ်ဘဟ်ဝတ်ကျောင်းတော်ကို ဆောက်လုပ်စေခဲ့ပါတယ်။ ၎င်းနောက် ဒီသားအဖနှစ်ဦး ဆောက်လုပ်ထားတဲ့ ဗလီဝတ်ကျောင်းတော်ကို လာရောက်ဖို့အတွက် အလ္လာဟ်အရှင်မြတ်ဟာ ကေယာမသ်နေ့ထိ ပေါက်ဖွားလာမယ့်လူသားတွေကို ဖရဇ်ွအဖြစ်သတ်မှတ်ခဲ့ပါတယ်။

ဟဂ်ျမှာပြုကျင့်ရတဲ့ကျင့်စဉ်တွေအားလုံးဟာ ဒီမိသားစုကို အမှတ်ရပြီး ပြုလုပ်ကြရပါတယ်။ ဆွဖာနဲ့မရ်ဝါကြား စအီပြေးတယ်ဆိုတာ ဟာဂျေရဟ်သခင်မ ရေရှာဖို့ ပြေးလို့ဖြစ်လာတာပါ။ ဇမ်ဇမ်ရေဆိုတာ တမန်တော်အစ္စမာအိလ်ရဲ့ခြေထောက်အောက်ကနေ ထွက်ပေါ်လာတာပါ။ ဟာဂျီတွေခေတ္တဆိုင်းငံရတဲ့ မီနာဆိုတာ အစ္စမာအိလ်ကို ဇဘဟ်ပြုခဲ့တဲ့ကွင်းပြင်ပါ။ ရှိုင်သာန်ကို ခဲပေါက်ရတယ်ဆိုတာလည်း တမန်တော် အစ္စမာအိလ်ပေါက်ခဲ့လို့ ပေါက်ရတာပါ။ ဟဂ်ျခရီးစဉ်တစ်ခုလုံးဟာ ဒီသမိုင်းဝင်မိသားစုရဲ့သမိုင်းဝင်အဖြစ်အပျက်တွေကို အမှတ်တရဖြစ်စေပါတယ်။

ကုရ်ဘာနီရဲ့အမလ်ကလည်း ဒီမိသားစုကို အမှတ်တရအနေနဲ့ ပြုလုပ်ကြရတာပါ။ ကျနော်တို့က သားကောင်ကိုလည်လှီးရပြီး အိဗ်ရာဟိမ်နဗီကတော့ မိမိသားလေးကို လည်လှီးခဲ့တာပါ။

ဒီ မိသားစုရဲ့စွန့်လွှတ်မှု၊ စတေးမှု၊ အရှင့်အမိန့်တွေအပေါ် စောဒကမတက်မှုနဲ့ အမိန့်နာခံမှုတွေရဲ့ကြီးကျယ်တဲ့ ဖြစ်ရပ်တွေကို ကမ္ဘာအဆုံးထိရောက်လာမယ့်လူသားတွေဟာ တစ်နစ်မှာတစ်ခါ ဇိလ်ဟဂ်ျလရောက်ပြီဆိုရင် အသိအမှတ်ပြုပြီး သူတို့လုပ်ခဲ့တဲ့အတိုင်း ပြုလုပ်ကြရပါတယ်။

ဒီမိသားစုလေးဟာ ကမ္ဘာ့ဘာသာကြီးသုံးခုဖြစ်တဲ့ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဂျူးဘာသာကို သက်ဝင်ယုံကြည်ကြတဲ့ လူတွေအားလုံးရဲ့စံပြရှေ့ဆောင်ဖြစ်ပြီး ဘာသာကြီးသုံးခုလုံးမှာ တမန်တော်အိဗ်ရာဟိမ်နဲ့ တမန်တော်အစ္စမာအိလ်ဟာ အထွတ်အမြတ်ထားရာဖြစ်ပါတယ်။

ဟဂ်ျနှင့် ကုရ်ဗာနီအထူးထုတ် ဉာဏ်အလင်းအတွဲ(၁) အမှတ်(၉) ကို Download ရယူရန်။
 
Mediafire – http://bit.ly/2w2D4r2