မွတ်စလင်တွေအတွက် အရေးပါတဲ့ အမှတ်လက္ခဏာ သို့မဟုတ် ဟိဂ်ျရီပြက္ခဒိန်

ကဏ္ဍ – Quran

G.T.I ကျော်မင်းနိုင် (မြေနီကုန်း)

အမှန်စင်စစ်လမျး၏ အရေအတွက်သည် အလ္လာဟ်အရှင်မြတ်၏ထံတော်တွင် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်၌ လာရှိသည့်အတိုင်း မိုးကောင်ကင်များနှင့် ပထဝီမြေကို ထိုအရှင်မြတ်ဖန်ဆင်းတော်မူသည့် နေ့မှစ၍ ဆယ့်နှစ်လသာဖြစ်ချေသည်။ ၎င်း (ဆယ့်နှစ်လ) အနက်မှ လေးလသည် ထူးမြတ်သော လများပင်ဖြစ်ကြပေသည်။ ဤသည်ဖြောင့်မတ်မှန်ကန်သော ဒီးန်သာသနာတော်က (ညွှန်ကြားပြသသောလမ်းစဉ်) ပင်ဖြစ်လေသည်။ ကုရ်အာန် (၉း၃၆)

နှစ်ဟောင်းလို့နှစ်သစ်ကူးတော့မယ်။ ဟိဂ်ျရီ ၁၄၃၈ မှ ၁၄၃၉ခုနှစ်ကိုရောက်တော့မယ်။ အစ္စလာမ်ပြက္ခဒိန်ကို “ဟိဂ်ျရီပြက္ခဒိန်” လို့ခေါ်တယ်။ တမန်တော်မြတ်ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် ဟိဂ်ျရာသ်ရွှေ့ပြောင်းခဲ့တာကို ညွှန်းထားတာဖြစ်တယ်။ “ဟိဂ်ျရ်” ရဲ့အဓိပ္ပာယ်ဟာ အရဗီလိုလွှတ်ခြင်းကို ခေါ်တယ်။ “ဟိဂ်ျရသ်” ဆိုတာ အစ္စလာမ့်ဝေါဟာဖြစ်တယ်။ အီမာန်ကိုထိနိးသမ်းဖို့ သို့မဟုတ် သာသနာဖြန့်ဖြူးဖို့ရည်ရွယ်ပြီး မိမိနေထိုင်ရာအရပ်ကို စွန့်လွှတ်တာကို “ဟိဂ်ျရသ်” လို့ခေါ်တယ်။ ရွှေ့ပြောင်းနေထိုင်သူများဆို ဒီခေတ်မှာရေပန်းစားနေတဲ့အသုံးအနှုံးတစ်ခုပါ။ နိုင်ငံတိုင်းမှာရှိနေတယ်။ တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှာ ပိုများပါတယ်။ ဒါတွေက စီးပွားရေးနဲ့ နိုင်ငံရေးခိုလှုံမှုအတွက် နေရပ်ဒေသကို စွန့်ခွာကြတဲ့သူတွေပါ။ သူတို့ကို “မုဟာဂျီရီန်း” လို့ခေါ်တာ “ဟိဂ်ျရသ်” လိုမြင့်မြတ်တဲ့ကိစ္စနဲ့ လားလားမှမအပ်စပ်ပါဘူး။

“ဟိဂ်ျရသ်” လုပ်ငြခ်းက တမန်တော်များရဲ့ စွန္နသ်ဓလေ့တော်ဖြစ်ပါတယ်။ “ဟိဂ်ျရသ်” မလုပ်ခဲ့တဲ့ နဗီတမန်တော်မရှိသလောက်ပါပဲ။ ဟဇရသ်အိဗ်ရာဟီးမ်၊ ဟဇရသ်မူဆာနဲ့ ဟဇရသ်လူးသ်အလိုင်းဟိစ္စလာမ် စတဲ့ နဗီများ “ဟိဂ်ျရသ်” လုပ်ခဲ့ကြောင်းကုရ်အာန်ကျမ်းတော်မြတ်ထဲမှာပါပါတယ်။ ဒါပေမဲ့လည်း သမိုင်းမှာကျွန်တော်တို့ တမန်တော်ရဲ့ “ဟိဂ်ျရသ်” လောက် ဘယ်နဗီရဲ့ ဟိဂ်ျရသ်မှ အဲဒီလောက်မကျော်ကြားခဲ့ပါဘူး။

ခရစ်သက္ကရာဇ် ၅၇၁ ခုနှစ်မှာ တမန်တော်မြတ် ဖွားသန့်စင်တော်မူခဲ့ပါတယ်။ သက်တော် ၄၀ ပြည့်ခဲ့တဲ့ သက္ကရာဇ် ၆၁၁ ခုနှစ်မှာ နဗူဝသ်ဘွဲ့ကို ရရှိခဲ့ပါတယ်။ ကိုယ်တော်မြတ်ရဲ့ သစ္စာ၊ သမာဓိနဲ့ ပြည့်စုံမှု၊ စာရိတ္တကောင်းတွေဟာ မက္ကာဟ်မြို့တော်မှာ သင်းပျံ့မွှေးကြိုင်ခဲ့ပါတယ်။ ကိုယ်တော်မြတ် ငယ်စဉ်တောင်ကျေးဘဝနဲ့ လူငယ်ဘဝတို့ဟာ မက္ကာဟ်မြို့တော်မှာပဲ ကုန်ဆုံးခဲ့ပါတယ်။ သို့သော်လည်း နဗီဖြစ်ပြီးနောက် ကိုယ်တော့်ကို ဒုက္ခမျိုးစုံကိုနည်းပေါင်းစုံနဲ့ပေးခဲ့ကြတယ်။ ဒါပေမဲ့ ကိုယ်တော်မြတ်ရဲ့ သစ္စာ၊ သမာဓိ၊ စာရိတ္တနဲ့ပတ်သက်ပြီး အပြစ်ရှာဖို့ ထောက်ကွက်တစ်ကွက်မှမရခဲ့ပါဘူး။

၁၃ နှစ်တိုင်အောင် မက္ကာဟ်မြို့တော်မှာ သာသနာဖက်ကို ဖိတ်ခေါ်ကြိုးပမ်းခဲ့ပါတယ်။ ဒီ ၁၃ နှစ်လုံးလုံး နေ့ည သောကပွားပြီး လူတွေကို အမှန်တရားဘက်ကို ဖိတ်ခေါ်မှုကိုပဲ တစ်စိုက်မတ်မတ်လုပ်ဆောင်ခဲ့တယ်။ လမ်းတွေမှာ၊ ဈေးတွေမှာပတ်ပြီး “ဒအ်ဝဟ်” ဖိတ်ခေါ်ခဲ့တယ်။ အိမ်တိုင်းစေ့ကိုသွားပြီး လူတွေရဲ့ နှလုံးသားတံခါးဖွင့်ဖို့ နေ့မအားညမနားဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုအားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ပေမယ့် လက်ခံခဲ့တဲ့သူက အနည်းအကျဉ်းပါပဲ။ နေ့လည်နေ့ခင်းမှာ နေရောင်ခြည်ထင်ရှားနေသလို အမှန်တရားက ထင်းနေပေမယ့် ဘိုးဘွားစဉ်ဆက် အယူသီးကိုးကွယ်မှုတွေကို မစွန့်လွှတ်နိုင်သူတွေက ဒုနဲ့ဒေး။ ဒီကြားထဲ တမန်တော်မြတ်ကို ပေးခဲ့တဲ့ ဒုက္ခတွေကလည်း အဖုံဖုံပါပဲ။ မွတ်စလင်တွေဟာ တစ်လုပ်စားဖို့တောင် အနိုင်နိုင်ဖြစ်ခဲ့ပါတယ်။ ကိုယ်တော်မြတ်ကိုယ်တိုင်နဲ့ မိသားစုအပါအဝင် သစ်ရွက်၊ သစ်ဖုတွေစားခဲ့ရတယ်။ ခန္ဓာကိုယ်ပေါ်မှာ ကုလားအုတ်အစာအိမ်နဲ့ မစင်တင်ခြင်းကိုခံခဲ့ရတယ်။ လည်ပင်းကို ကြိုးကွင်းစွပ်ပြီးလုပ်ကြံဖို့ ကြိုးစားတာခံခဲ့ရသေးတယ်။ လမ်းမှာ ဆူးညှောင့်တွေချခဲ့ကြတယ်။ စောင်းချိတ်ပြောဆိုတာတွေ၊ နောက်ပြောင်ပြောဆိုတာတွေ၊ ရူးသွပ်နေသူ၊ ပယောဂဆရာလို့ စွပ်စွဲပြောဆိုခဲ့တာတွေရင်ဆိုင်ခဲ့ရတယ်။

သွာအိဖ်မြို့သားတွေ အစ္စလာမ်ကိုလက်ခံလေမလားဆိုပြီး အဲဒီကိုလည်း သွားခဲ့သေးတယ်။ သွာအိဖ်မြို့သားတွေက မက္ကာဟ်မြို့သားတွေထက်တောင် ပိုမိုကြမ်းတမ်းခဲ့ကြတယ်။ ငြင်းခဲ့ရုံတင်မက လူမိုက်တွေကို နှောင့်ယှက်ဖို့နောက်က လွှတ်လိုက်ပါသေးတယ်။ ခဲနဲ့ပေါင်၊ ဖုန်ထအောင်လုပ်၊ နောက်ပြောင်ကျီစယ်ပြီး သွေးသံရဲရဲဖြစ်အောင် လုပ်လိုက်ကြပါတယ်။ ဖိနပ်တော်မှာ သွေးခဲသွားခဲ့တယ်။ ဒူးတော်မှာလည်း ဒဏ်ရာရလိုက်သေးတယ်။ လမ်းမလျှောက်နိုင်လို့ ဟဇရသ်ဇိုက်ဒ်ဘင်န်ဟာရိစဟ်က ပခုံးနဲ့ထမ်းလိုက်ရတယ်။ ခြံတစ်ခြံမှာခေတ္တအနားယူခဲ့တယ်။ ကြေကွဲနေတဲ့ နှလုံးသားမျက်ရည်ဖြိုင်ဖြိုင်ကျကာ အရှင့်ဖက်ကိုအာရုံပြုပြီး ရင်နင့်စွာဒိုအာတောင်းခဲ့တယ်။

“အိုအရှင် ကျွန်တော်မျိုးချည့်နဲ့သူပါ။ လူတွေနဲ့ရင်ဆိုင်ဖို့မတတ်စွမ်းနိုင်သူပါ။ အရှင်က အကြင်နာဆုံးပါ။ အားကိုးရာမဲ့နေသူတွေကို ခိုလှုံမှုပေးတာအရှင်ပါ။ ဘယ်သူတွေလက်ထဲကျွန်တော့်ကိုအပ်လိုက်တာလဲ အိုအရှင်။ ရန်သူတွေဘယ်လိုဒုက္ခပေးပေး အလ္လာဟ်စိတ်မဆိုးရင် ဘာကိုမှမမှုပါ။ အေးချမ်းသာယာမှုကိုသာလိုလားပါတယ်” စတဲ့ဆုတောင်းမှုတွေကို လုပ်ခဲ့ပါတယ်။

မက္ကာဟ်မြို့နဲ့သွာအိဖ်မြို့မှာ စိုက်တဲ့အီမာန်မျိုးစေ့ဟာ မဒီနာဟ်မြို့မှာ ရှင်သန်ကြီးထွားခဲ့ပါတယ်။ ဟဂ်ျလ်ုဖို့ မဒီနာဟ်မြို့သားတွေ မက္ကာဟ်မြို့ကိုလာလေ့ရှိကြတယ်။ ကိုယ်တော်မြတ်ရဲ့ ဒအ်ဝသ်ဖိတ်ခေါ်မှုကို သူတို့ဂရုစတိုက်နားထောင်ခဲ့ကြတယ်။ မျက်စိပိတ်၊ နားပိတ်အမှန်တရားကို ဇွတ်ငြင်းတဲ့အကျင့်မရှိသူတွေဖြစ်လို့ နားကတစ်ဆင့်နှလုံးသားကို ရောက်ရှိသွားတယ်။ အီမာန်ယူလာပြီး အီမာန်ရှင်တွေကိုပါ ခိုလှုံမှုပေးမယ်လို့ ကတိပေးခဲ့ကြတယ်။

တစ်ဖက်မှာ မက္ကာဟ်မြို့ကြီးဟာ အီမာန်ရှင်တွေအတွက် နယ်ကျဉ်းသထက်ကျဉ်းလာခဲ့တယ်။ တစ်ချို့မွတ်စလင်တွေကို လည်ပင်းမှာ ကြိုးတပ်ပြီး ပူပြင်းလှတဲ့ သဲသောင်ပြင်မှာ ဒရွတ်တိုက်ဆွဲတာခံခဲ့ကြရတယ်။ လျှံတက်နေတဲ့ မီးခဲပေါ်တင်ပြီးဆွဲခဲ့ကြတယ်။ ခန္ဓာကိုယ်က စီးကျလာတဲ့သွေးတွေကြောင့် မီးပါငြိမ်းသွားခဲ့ရတဲ့အထိပါပဲ။ တစ်ချို့က မီးခိုးမှိုင်းတိုက်ခြင်းခံခဲ့ရတယ်။ တစ်ချို့က ကြင်နာမှုမဲ့ပြီး ရက်စက်စွာသတ်ဖြတ်ရှဟီးဒ်လုပ်တာခံခဲ့ရတယ်။

ဒီလိုတွေခံနေရပေမယ့် သည်းခံမှုခန္တီပါရမီကိုဆွဲကိုင်ခဲ့ကတယ်။ နောက်ဆုံးအလ္လာဟ်အရှင်ရဲ့ အမိန့်ကျရောက်လာတယ်။ မက္ကာဟ်မြို့ကိုစွန့်ခွာပြီး မဒီနာဟ်မြို့ကိုရွှေ့ပြောင်းရမယ်တဲ့။ ဒါနဲ့မွတ်စလင်တွေဟာ တဖြည်းဖြည်းနဲ့ မဒီနာဟ်ကိုရောက်လာခဲ့ကြတယ်။ မက္ကာဟ်မြို့တော်က မပြောင်းနိုင်သေးသူတွေပဲ ကျန်ခဲ့တော့တယ်။ တမန်တော်မြတ်ကြီးကလည်း အရှင့်အမိန့်မရသေးလို့ မျှော်နေရတယ်။ ရန်သူတွေက ကိုယ်တော့်ကိုသတ်ဖို့ကြံစည်ကြတယ်။ မျိုးနွယ်စုတိုင်းက တစ်ဦးစီ စုပေါင်းပြီး ကိုယ်တော်မြတ်အိမ်ကိုဝိုင်းလိုက်ကြတယ်။ အလ္လာဟ်အရှင်မြတ်အသိပေးလိုက်လို့ တမန်တော်မြတ်က ကုရ်အာန်ကျမ်းလာ တစ်ချို့အာယတ်တွေကို ရွတ်ဖတ်တော်မူခဲ့ပြီး မြေတစ်ဆုပ်ကို ရန်သူဘက် ပစ်ကာ အေးဆေးတည်ငြိမ်စွာအိမ်ပြင်ကို ထွက်လာတော်မူခဲ့တယ်။ ပုန်းလျှိုးကွယ်ဝှက်ရင်း ရက်အနည်းငယ်ကြာပြီးနောက် မဒီနာဟ်မြို့တော်ကို ရောက်ရှိလာခဲ့တယ်။ လမ်းမှာရန်သူတွေအမျိုးမျိုး နှောင့်ယှက်ခဲ့ပေမယ့် အလ္လာဟ်အရှင်မြတ်အလိုတော်နဲ့ချောချောမောမောပဲ မဒီနာဟ်ကိုရောက်ခဲ့ပါတယ်။

တမန်တော်မြတ်ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် မဒီနာဟ်မြို့ကိုကြွချီလာရာမှာ လူကြီးလငယ်၊ ကလေးမကျန် အမျိုးသား၊ အမျိုးသမီးနဲ့ ကျွန်တွေအဆုံး သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါတယ်။ နှုတ်လျှာက ကြိုဆိုဂုဏ်ပြုတဲ့ ကဗျာတွေကို သီကုံးပြီး ဆိုခဲ့ကြတယ်။ မက္ကာဟ်မြို့မှာ နယ်ကျဉ်းသွားပေမယ့် မဒီနာဟ်မြို့သားတွေက နှလုံးသားလမ်းခင်းပေးခဲ့ကြတယ်။ ရွှေ့ပြောင်းလာသူတွေကို မဒီနာဟ်မြို့သားတွေက အိုးအိမ်နေရာထိုင်ခင်း၊ လယ်ယာစည်းစိမ်တွေပါ ခွဲဝေပေးခဲ့ကြတယ်။ မေတ္တာနဲ့ ဆက်ဆံခဲ့ကြတယ်။ လူ့သမိုင်းမှာ မကြုံစမူးအနစ်နာခံမှုတွေ စတေးမှုတွေနဲ့ ယုယပိုက်ထွေးခဲ့ကြတယ်။ မက္ကာဟ်မြို့သားတွေရဲ့အနစ်နာခံမှု၊ စတေးခဲ့မှုတွေဟာလည်း မနည်းလှပါဘူး။ အိုးအိမ်စွန့်ခွာ၊ ဇာတိချက်မြှုပ်ဆွေမျိုးအသိုင်းအဝိုင်းနဲ့ တစ်ဘဝလုံးကို ကျောခိုင်းပြီး ကိုယ့်အတွက်စိမ်းနေပြီး အနာဂတ်မရေရာတဲ့ ပန်းတိုင်ကို ဦးတည်ခဲ့ရရှာတယ်။ ဒါကြောင့် တမန်တော်မြတ်က နေရပ်စွန့်ခွာရွှေ့ပြောင်းလာသူများကို “မုဟာဂျိရ်”၊ မဒီနာသားများကို “အန်ဆွာရ်” လို့ ကင်ပွန်းတပ်ခဲ့တယ်။ “မုဟာဂျိရ်” အဓိပ္ပာယ်က ဒီးန်အတွက်နေရာစွန့်ခွာရွှေ့ပြောင်းသူဖြစ်ပြီး “အန်ဆွာရ်” ရဲ့ အဓိပ္ပာယ်က အီမာန်ရှင်တွေကို ကူညီတဲ့သူဖြစ်ပါတယ်။ မွတ်စလင်တွေမှာ ဒီလူတန်းစားနှစ်မျိုးကလွဲပြီး တတိယအမျိုးအစားမရှိပါဘူး။ လူမျိုးစွဲ၊ ဒေသစွဲ၊ တိုင်းပြည်စွဲစတဲ့အစွဲတွေနဲ့ လူတန်းစားခွဲခြားတာကို အလ္လာဟ်အရှင်မြတ်က မနှစ်သက်ပါဘူး။

“ဟိဂ်ျရသ်” ရွှေ့ပြောင်းမှုဟာ တမန်တော်မြတ်ကြီးနဲ့ ဆွဟာဗဟ်များရဲက ဒီန်းသာသနာကိုထိန်းသိမ်းဖို့ အနစ်နာခံစတေးခဲ့ခြင်းကို ပြန်ပြောင်းသတိရစေပါတယ်။ နောက်တစ်ဖက်မှာ အစ္စလာမ်ရဲ့ အောင်လံတံခါန်လွှင့်ထူစေပြီး အောင်မြင်မှုတွေတသီတတန်းရရှိမှုရဲ့ နိဒါန်းလည်းဖြစ်ပါတယ်။ ဒါဟာ မက္ကာဟ်မြို့တော်က မဒီနာဟ်မြို့တော်ကိုရွှေ့ပြောင်းတဲ့ခရီးတင်မဟုတ်ပါဘူး။ အနှိပ်စက်ခံဘဝကနေ လွတ်မြောက်မှုဆီသို့၊ အားအင်ချည့်နဲ့မှုကနေ အင်အားတောင့်တင်းခိုင်မာမှုဆီကို ပြောင်းရွှေ့မှုတစ်ရပ်ဖြစ်တယ်။ ဒီအဖြစ်အပျက်ဟာ မျှော်လင့်ချက်ကင်းနေသူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်ပါတယ်။ စိတ်ဓာတ်ကျနေသူတွေအတွက် အားတက်ဖွယ်ရာ မီးရှုးတန်ဆောင်ပါ။ ဒီန်းကို ထိန်းသိမ်းဖို့ ဒီန်းမြင့်မားဖို့ ပေးခဲ့ရတဲ့ စတေးမှုတွေကို သတိရစေပါတယ်။

ဟရသ်အုမရ်ခလီဖဟ်ဖြစ်နေချိန်ဖိုင်တွဲတစ်တွဲရောက်လာတယ်။ အဲဒီဖိုင်မှာ နေ့ရက်ပါပေမယ့် ခုနှစ်မပါဘူး။ အဲဒါနဲ့ တို့မွတ်စလင်တွေအတွက် ကိုယ်ပိုင်ပြက္ခဒိန်ရှိရမယ်လို့ ဟဇရသ်အုမရ်က စိတ်ကူးပေါ်လာတယ်။ တိုင်ပင်ဖော်တိုင်ပင်ဖက်တွေနဲ့ တိုင်ပင်ဆွေးနွေးတယ်။ ဟဇရသ်အလီရဲ့ မရှ်ဝါရဟ်အတိုင်း “ဟိဂ်ျရသ်” ရွှေ့ပြောင်းခဲ့တဲ့အဖြစ်အပျက်ကိုအခြေခံပြီး ခုနှစ်သတ်မှတ်ခဲ့တယ်။ လတွေကို အစ္စလာမ်မတိုင်မီအရဗ်တွေရဲ့ ထုံးစံအတိုင်းပဲ ရေတွက်ခဲ့တယ်။ မုဟရ်ရမ်လကစပြီး ဇုလ်ဟိဂ်ျဂျဟ်လမှာ ဆုံးမယ်။ ခုနှစ်သက္ကရာဇ်ကို တမန်တော်မြတ်ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် ဟိဂ်ျရသ်လုပ်ခဲ့တဲ့နှစ်က စပြီးရေတွက်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။

ခုနှစ်သက္ကရာဇစ်ကလည်း လူမျိုးတစ်မျိုးရဲ့အမှတ်အသားပါပဲ။ အဲဒီလူမျိုးရဲ့သမိုင်းကြောင်းနဲ့ ဆက်နွှယ်နေတယ်။ ဟိဂ်ျရီခုနှစ်ကိုပဲကြည့်ကြည့်ပါ။ လတွေဟာများသေားအားဖြင့် မွတ်စလင်တွေရဲ့ အိဗာဒသ်ခဝပ်ဆည်းကပ်မှုတွေနဲ့ ပတ်သက်နေတယ်။ အခြားလူမျိုးတွေရဲ့ ခုနှစ်ပြက္ခဒိန်တွေဟာလည်း အဲဒီအတိုင်းပါပဲ။ လတွေလို ရက်တွေလည်း အလားတူပါပဲ။ ဥပမာ Monday က “လရဲ့နေ့”။ Sunday က “နေ့ရဲ့နေ့” ကိုပဲ သုံးသပ်ကြည့်ပါ။ ဂရိတွေဟာ နေနဲ့လကို ရက်သတ်မှတ်ပြီး ကိုးကွယ်ကြတာကို ထင်ဟပ်စေပါတယ်။ အဲဒီလိုပဲ လတွေရဲ့ အမည်သတ်မှတ်တဲ့နေရာမှာလည်း အလားတူပါပဲ။ ဒါကြောင့် ဟဇရသ်အုမရ်ဟာ အဲဒီခေတ်က သုံးနေတဲ့ ပြက္ခဒိန်ကို လက်မခံခဲ့ဘူး။

အချုပ်အားဖြင့် အစ္စလာမ်ပြက္ခဒိန်ဟာ မွတ်စလင်တို့ရဲ့ အမှတ်အသားလက္ခဏာပါ။ ဟိဂ်ျရီခုနှစ်ကို သုံးစွဲရမှာ ကျွန်တော်တို့ရဲ့တာဝန်ပါ။ နောင်လာမယ့် မျိုးဆက်သစ်တွေကို ဟိဂ်ျရီခုနှစ်ရဲ့ နောက်ခံသမိုင်းကြောင်းနဲ့အရေးပါမှုကို လက်ဆင့်ကမ်းပါ။ အာလင်မ်သာသနာ့ပညာရှင်များက ရေးကြပါတယ်။ ဟိဂ်ျရီခုနှစ်ကိုသုံးစွဲခြင်းနဲ့ မွတ်စလင်တွေသုံးစွဲလာဖို့ကြိုးပမ်းရမှာ ဖရ်ဇေကိဖယာဟ်ဖြစ်ပါတယ်တဲ့။ သဘောက အွမ္မသ်ထုတစ်ရပ်လုံးရဲ့ တာဝန်ပါ။ ဒီခုနှစ်ပြက္ခဒိန်က ကျွန်တော်တို့ကို “ဟိဂ်ျရသ်” ရဲ့သခင်ခန်းစာယူဖွယ်ရာနဲ့ မွတ်စလင်တွေရဲ့ အမှတ်အသားလက္ခဏာကိုပေါ်လွင်စေပါတယ်။ အလ္လာဟ်အရှင်မြတ် ကျင့်သုံးနိုင်စွမ်းချီးမြှင့်တော်မူပါစေ။

စက်တင်ဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၀) ဟာ 5 MB သာရှိတာကြောင့် အလွယ်တကူပေါ့ပေါ့ပါးပါး အခမဲ့ Download ရယူနိုင်မှာပါ။ ကဏ္ဍစုံလင်တဲ့ ရသစုံ ဉာဏ်အလင်းမဂ္ဂဇင်းကို ဖတ်ဖို့ အောက်ဖော်ပြပါ Mediafire သို့မဟုတ် pCloud ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ရယူလိုက်ပါ။
Mediafire – http://bit.ly/2xGZNs6