ဟာရွန်နဲ့ ကြက်ပေါက်ကလေး

ကဏ္ဍ – Story
မောင်လေးညီမလေးတို့ ရေ….
 
နွေရာသီကျောင်းပိတ်ရက်မှာပေါ့ကွယ်။ ဟာရွန်နဲ့ သူ့အစ်မ ဟန်နာတို့ဟာ ဝိတိုရိယတောင်ရဲ့မြောက်ဘက်က လယ်တောလေးမှာနေထိုင်တဲ့ သူတို့ရဲ့အဖိုးအဖွားဆီကို အလည်သွားကြသတဲ့။ ဟာရွန်ဟာ အဖိုးအဖွားပိုင်တဲ့ လယ်တောအနောက်မှာရှိတဲ့ တောအုပ်ထဲမှာကစားရတာကိုသိပ်ကြိုက်နေလေရဲ့။
 
တစ်နေ့မှာ ဟာရွန်က လက်ရည်စမ်းဖို့တောထဲကို လောက်လေးခွယူလာပြီး အထပ်ထပ်လေ့ကျင့်ရင်း ပစ်ကြည့်သတဲ့။ အဲဒီလိုခဏခဏလေ့ကျင့်နေပေမယ့် သူပစ်ချင်တဲ့ ပစ်မှတ်ကို မထိသေးဘူးဖြစ်နေတော့ စိတ်ရှုပ်လာတာကြောင့် မနက်စာလက်ဖက်ရည်သောက်ဖို့ အိမ်ဖက်ကို ပြန်လှည့်လာခဲ့တယ်။
အဲဒီလိုပြန်လာနေတုန်း ရေအိုင်နားမှာ အမေဖြစ်သူကြက်မကြီးနဲ့ လမ်းကွဲပြီး ခြေဦးတည့်ရာလျောက်သွားနေတဲ့ ကြက်ပေါက်လေးတစ်ကောင်ကို လှမ်းတွေလိုက်တယ်။ အဲဒီကြက်တွေဟာ အဖွားပိုင်တာပါ။ ပျင်းပျင်းရှိနေတဲ့ ဟာရွန်က လောက်လေးခွကို ကြက်ပေါက်လေးဆီတည့်တည့်ချိန်လိုက်တယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို သတိလက်လွတ်ဖြစ်သွားပြီး ချိန်ဆွဲထားတဲ့ လက်က လွတ်ထွက်ပြီး ကြက်ပေါက်လေးရဲ့ခေါင်းတဲ့တဲ့ကို ခဲမှန်ကာ နေရာမှာတင်သေသွားရှာတယ်။ ဟာရွန်က တော်တော်လန့်သွားပြီး ဝမ်းနည်းမျက်ရည်တွေကျလာတယ်။ ဒါနဲ့ လုံခြုံတဲ့နေရာကိုအသေအချာရွေး၊ တွင်းနက်နက်တူးပြီး ကြက်ကလေးကို သေသေသပ်သပ်မြေမြှုပ်လိုက်တယ်။ ကျောက်တုံးလေးနှစ်တုံးနဲ့ သစ်ကိုင်းခြောက်လေးတွေကိုပါ မြေပုံရဲ့အပေါ်မှာ အမှတ်အသားအနေနဲ့ ဟန်မပျက်တင်ခဲ့လိုက်ပါသေးတယ်။
 
ဟာရွန်ရဲ့ဖြစ်အင် အစအဆုံးကို မီးဖိုချောင်ပြတင်းပေါက်ကငေးနေတဲ့ အစ်မ ဟန်နာက မြင်လိုက်ပေမယ့် ဘယ်သူ့ကိုမှပြန်မပြောဘူးလို့ ဆုံးဖြတ်လိုက်တယ်။ နောက်တစ်နေ့ညစာစာပြီးတဲ့အချိန်မှာ သူတို့အဖွားက အရမ်းပင်ပန်းနေတာကြောင့် ဟန်နာကို ညစာစားထားတဲ့ ပန်းကန်ခွက်ယောက်တွေ ဆေးပေးဖို့ ခိုင်းလိုက်တယ်။ ဟန်နာက “ဟာရွန်က ဒီညစာက အရမ်းအရသာရှိပြီးစားကောင်းတယ်လို့ပြောတယ်။ ဒီတော့ သူ့ကိုပန်းကန်ဆေးခိုင်းလိုက်ရင်မကောင်းဘူးလား” လို့ ပြန်ပြောလိုက်ပြီး “ကြက်ပေါက်လေးအကြောင်း မမေ့နဲ့” လို့ ဟာရွန်ကို ကပ်တိုးလေးပြောလိုက်တယ်။
 
ဟာရွန်တစ်ယောက်အရမ်းကို ထိတ်လန့်သွားတယ်။ ဒီကြက်ကလေးအကြောင်း သူ့အစ်မဘယ်လိုသိသွားတာလဲ။ တကယ်လို့ သူဟာ ဟန်နာပြောတဲ့အတိုင်းမလုပ်ရင် သူ့ကျူးလွန်ခဲ့တဲ့ လုပ်ရပ်ကို သူ့အဖွားနဲ့ပြန်တိုင်လိမ့်မယ်ဆိုတာ သိတော့ ပန်းကန်တွေဆေးလိုက်ရတယ်။ နောက်နေ့ရောက်တော့ ကလေးတွေက မြင်းလိုက်စီးချင်ပေမယ့် အဖွားက ဟန်နာကို ချောကလတ်ကိတ်ဖုတ်ဖို့ မီးဖိုချောင်မှာ ကူရမယ်လို့ပြောလိုက်တယ်။ ဒါပေမဲ့ ဟန်နာက စကားစကိုဖြတ်ပြီး “ရပါတယ်အဖွားရယ်။ ဟာရွန်က အဖွားမီးဖိုထဲမှာ ပင်ပန်းနေတာမကြည့်ရက်လို့ ကူညီချင်နေရှာတယ်။ အဲဒီတော့ သူ့ကိုအဖွားခေါ်ထားလိုက်။ ဟန်နာကတော့ အဖိုးနဲ့ အတူတူမြင်းသွားစီးလိုက်ဦးမယ်နော်” လို့ ပြောလိုက်တယ်။ ပြီးတော့ ဟာရွန်နားကပ်ပြီး “ကြက်ပေါက်လေးကိစ္စမမေ့နဲ့နော်” လို့ပြောပြီး ခြိမ်းခြောက်ရင်း အဖိုးနောက်က မြင်းလိုက်စီးဖို့ ထွက်သွားပါတော့တယ်။ ဟာရွန့်ခမျာတော့ အဖွားကိုကိတ်မုန့်ဖုတ်တာကူညီရင်း အိမ်မှာကျန်နေခဲ့ရတာပေါ့။
ဒီလိုနဲ့ ရက်ပေါင်းတော်တော်ကြာတဲ့အထိ ဟန်နာအနိုင်ယူနေတာကို သည်းမခံနိုင်တော့အဆုံးမှာ ဟာရွန်က သူဟာကြက်ကလေးကို သတ်လိုက်မိကြောင်း အဖွားကို ဝန်ခံလိုက်ပါတော့တယ်။ အဖွားက သူ့ကိုကြင်ကြင်နာနာ ဖက်လိုက်ပြီး သူ့လက်ကိုဆုပ်ကိုင်ရင်း “မြေးလေးရယ်။ အဖွားအိမ်နားမှာ အဝတ်လျော်နေရင်း မြေလေးအဖြစ်အပျက်အစအဆုံးကို သေချာမြင်လိုက်ပါတယ်ကွယ်။ ဒါပေမဲ့ မြေးကိုချစ်တော့ အဖွားက ခွင့်လွှတ်တယ်။ မြေးလေးအဲဒီနေ့က အရမ်းဝမ်းနည်းပြီးနောင်တရနေတာမြင်ပေမယ့် မြေးကိုယ်တိုင်အဖွားကို ဘယ်တော့အသိပေးမလဲစောင့်နေတာ။ ပြီးတော့ ဟန်နာက မြေးလေးကို ဘယ်အချိန်ထိ ဒီကြက်ပေါက်လေးကိစ္စနဲ့ ခြိမ်းခြောက်ပြီး အနိုင်ကျင့်မလဲဆိုတာကိုလည်း သိချင်လို့ အဖွားက မသိချင်ယောင်ဆောင်နေတာပါကွယ်” လို့ ပြောလိုက်ပါတော့တယ်။
 
ဆုံးမစာ
 
မွတ်စလင်တွေဟာ အမှားတစ်ခုခုကျူးလွန်မိသွားရင် ခွင့်လွှတ်ဖို့ တောင်းခံရပါတယ်။ အကယ်လို့ အလ္လာဟ်အရှင်မြတ်တားမြစ်ထားတဲ့အမိန့်တစ်ခုခုကိုကျူးလွန်ဖောက်ဖျက်မိပြီဆိုရင် သောင်ဝ်ဘာ (အမှားဝန်ခံခြင်း) ပြုလုပ်ကြရပါတယ်။
 
သောင်ဝ်ဘာမှာ အဆင့်လေးဆင့်ရှိပါတယ်။ ပထမဆုံးအနေနဲ့ ကျူးလွန်မိတဲ့ပြစ်မှုကို ဝန်ခံရပါတယ်။ ဒုတိယအနေနဲ့ ကိုယ့်လုပ်ရပ်ကို နောင်တရ ရပါမယ်။ တတိယအနေနဲ့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ခွင့်လွှတ်ပေးဖို့အတွက် တောင်းခံရပါမယ်။ စတုတ္ထအချက်အနေနဲ့ အဲဒီပြစ်မှုမျိုးကို နောက်တစ်ကြိမ်မကျူးလွန်တော့ဘူးလို့ ကတိပြုရပါမယ်။
 
လူအချင်းချင်း ပြစ်မှုကျူးလွန်မိပြီဆိုရင်တော့ ဒီလောက်နဲ့မရပါဘူး။ တခြားလူတစ်ယောက်ပိုင်တဲ့ အရာဝတ္ထုတစ်ခုကို သူမသိဘဲ သို့မဟုတ် သူ့ခွင့်ပြုချက်မရှိဘဲ ယူလိုက်ပြီဆိုရင် ပြန်ပေးဖို့ တာဝန်ရှိပါတယ်။ နောက်ပြီး သူ့ကိုတောင်းပန်ရပါတယ်။ ဒီလိုမှမဟုတ်ဘဲ ငါလုပ်လိုက်တာသူမသိလောက်ပါဘူးလေဆိုပြီး ကိုယ့်အပြစ်ကို ဖုံးကွယ်ထားတာမျိုးလုပ်သင့်ပါဘူး။ လူအချင်းချင်းတောင်းပန်ရုံသာမကဘဲ ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်ထံမှာလည်း ကိုယ်ကျူးလွန်မိတဲ့လုပ်ရပ်အပေါ် အမှားဝန်ချတောင်းပန်ခြင်းလုပ်ရဦးမှာပါ။
 
တောင်းပန်တတ်ဖို့သင်ယူပါ၊ ခွင့်လွှတ်ဖို့သင်ယူပါ။ သင့်စိတ်နှလုံးကို အေးချမ်းစေပါလိမ့်မယ်။
(K.နိုက်တင်ဂေးလ်)
 
ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။
Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM