စင်ကာပူ၏ ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် သမိုင်းသစ်ရေးထိုးလိုက်ပြီဖြစ်သော အစ္စလာမ်ဘာသာဝင် ဟလီမာဟ်ယာကွဗ်

ကဏ္ဍ – Profile

(စတီဗင်)

မဒမ် ဟလီမာဟာကွဗ်ကို စင်ကာပူရွေးကောက်ပွဲကော်မရှင်က သမ္မတလောင်းအဖြစ် စက်တင်ဘာ ၁၁ ရက်မှာ အတည်ပြုပေးလိုက်ပါတယ်။ သူ့ရဲ့ပြိုင်ဘက်နှစ်ဦးဟာ အရည်အချင်းမပြည့်မှီတာကြောင့် ရွေးကောက်ပွဲကော်မရှင်ရဲ့ဖြုတ်ချတာခံခဲ့ရပြီးနောက် သူမဟာ လွတ်လွတ်ကျွတ်ကျွတ် သမ္မတဖြစ်လာခဲ့ပါတယ်။

အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ ဟလီမာယာကွဗ်ဟာ စင်ကာပူလွှတ်တော်ဥက္ကဋ္ဌအဖြစ် သုံးနှစ်ကျော်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပါပြီ။ စက်တင်ဘာ ၁၄ ရက်ကစလို့ စင်ကာပူသမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။

သူမရဲ့ဘဝဇာတ်ကြောင်းကို တစ်ချက်လောက်ငှဲ့စောင်းကြည့်ရအောင်ပါ။

၁၉၅၄၊ သြဂုတ် ၂၃ – သူမကို စင်ကာပူနိုင်ငံ Queen လမ်းက မိသားစုနေအိမ်မှာမွေးဖွားခဲ့ပြီး မွေးချင်းငါးယောက်အနက် အငယ်ဆုံးဖြစ်ပါတယ်။

၁၉၆၂ – သူမအသက် ၈ နှစ်အရွယ်မှာ ဒရဝမ်အလုပ်လုပ်တဲ့ ဖခင်ဖြစ်သူကွယ်လွန်ခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ လမ်းဘေးဆိုင်လိုင်စင်မရခင် Shenton Way မှာ လက်တွန်းလှည်းလေးနဲ့ အင်ဒိုနီးရှားထမင်းကျော် nasi padang ကို လှည့်လည်ရောင်းချရင်း ဘဝကိုရုန်းကန်ခဲ့ရပါတယ်။ သူအမေရဲ့စီးပွားရေးကို ဟလီမာက ဝင်ရောက်ကူညီပေးတဲ့အနေနဲ့ သန့်ရှင်းရေးလုပ်ပေးခြင်း၊ အိုးခွက်ပန်းကန်များဆေးပေးခြင်း၊ စားပွဲများသုတ်သင်ပေးခြင်းနဲ့ စားပွဲထိုးခြင်း အစရှိတဲ့အလုပ်တွေကို လုပ်ခဲ့ပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်နှောင်းပိုင်း – စင်ကာပူတရုတ်အမျိုးသမီးကျောင်းမှာ ပညာသင်ကြားခဲ့ပြီး အဲဒီကျောင်းရဲ့ အနည်းငယ်သော မလေးလူမျိုးကျောင်းသူတွေထဲမှာ ဟလီမာလည်းအပါအဝင်ဖြစ်ခဲ့ပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်များ – နောက်တော့ သူမဟာ Tanjong Katong အမျိုးသမီးကျောင်းနဲ့ စင်ကာပူတက္ကသိုလ်မှာ ပညာဆက်လက်သင်ကြားခဲ့ပြီး ဥပဒေဘွဲ့ရယူနိုင်ခဲ့ပါတယ်။

၁၉၇၈ – National Trades Union Congress (NTUC) မှာ ဥပဒေအရာရှိအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ ကျော် အဲဒီမှာတာဝန်ထမ်းဆောင်ရင်း လက်ထောက်အထွေထွေညွှန်ကြားရေးမှူးအဖြစ်ရာထူးတိုးမြှင့်ခြင်းခံခဲ့ရပါတယ်။

၁၉၈၀ – သူမရဲ့တက္ကသိုလ်ကျောင်းသူဘဝ ငယ်ချစ်ဦး မစ္စတာ မိုဟမ္မဒ် အဗ္ဗဒွလ္လာဟ် အလ်-ဟဗ်ရှီနဲ့ လက်ထပ်ခဲ့ပါတယ်။ ခင်ပွန်းသည်ဟာ စီးပွားရေးသမားတစ်ဦးဖြစ်ပါတယ်။ ဟလီမာယာကွဗ်တို့ ဇနီးမောင်နှင်မှာ သားသမီးငါးဦးထွန်းကားခဲ့ပြီး အငယ်ဆုံးက အသက် ၂၆ နှစ်ရှိကာ အကြီးဆုံးက ၃၅ နှစ်ဖြစ်ပါတယ်။

၂၀၀၁ – ဝန်ကြီးချုပ်ဟောင်း ဂိုချောက်ထောင်ရဲ့တိုက်တွန်းမှုနဲ့အတူ နိုင်ငံရေးလောကထဲကို သူမခြေစချခဲ့ပြီး အဲဒီအချိန်ကစလို့ ရွေးကောက်ပွဲကြီးလေးခုမှာယှဉ်ပြိုင်အနိုင်ရခဲ့သူလည်းဖြစ်ပါတယ်။ Jurong GRC နဲ့ Marsiling-Yew Tee GRC အမတ်တွေအဖြစ်ဝန်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

၂၀၁၁ – လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့် အားကစားရေးရာဝန်ကြီးဌာန ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၁၃ – စင်ကာပူနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး လွှတ်တော်ဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပါတယ်။

၂၀၁၅၊ စက်တင်ဘာ ၁၁ – ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ မဲပေးတဲ့နေ့မှာ အသက် ၉၀ အရွယ် မိခင်ဖြစ်သူ ကွယ်လွန်ခဲ့ပါတယ်။ မဒမ်ဟလီမာက မိခင်ကွယ်လွန်တဲ့နေ့ဟာ သူမဘဝရဲ့ ဝမ်းနည်းစရာအကောင်းဆုံးအချိန်အခိုက်အတန့်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၂၀၁၇၊ စက်တင်ဘာ ၁၁ – စင်ကာပူနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရဖို့ သေချာခဲ့ပါတယ်။

ရရှိခဲ့တဲ့ဆုများ

၂၀၀၁ – Berita Harian/ McDonald Achiever of the Year Award

၂၀၀၃ – Her World Woman of the Year Award

၂၀၁၁ – AWARE Heroine Award

၂၀၁၄ – Singapore Council of Women’s Organization’s Singapore Women’s Hall of Fame