ဟလာလ်တံဆိပ်တပ်ထားလည်း သတိထား သွိုင်ယိဗ်သန့်ပြန်မှုမရှိရင် အလကား

ကဏ္ဍ – Myanmar Muslim Issue

(M.အောင်မြတ်ဦး)

အစ္စလာမ်သာသနာမှာ ကျင့်သုံးရတဲ့အေဘာဒသ်တွေဟာ သန့်ရှင်းစင်ကြယ်မှုရှိမှသာလျင် ပြုလုပ်လို့ရပါတယ်။ ဆွလာသ်ဝတ်ပြုမှုအတွက် ပထမဦးဆုံး ဝတ်ပြုမယ့်နေရာဟာ သန့်ပြန့်နေဖို့၊ ညစ်ပေနေတာမဖြစ်ဖို့လိုပြီး ဒုတိယအရေးကြီးဆုံးကတော့ ဝတ်ပြုမယ့်လူပုဂ္ဂိုလ်ရဲ့ခန္တာကိုယ်လည်း သန့်ရှင်းနေဖို့ အရေးကြီးပါတယ်။ အညစ်အကြေးတွေကနေ သန့်စင်နေမှ ဆွလာသ်ဆောက်တည်လို့ရပါတယ်။ အညစ်အကြေးဆိုတဲ့နေရာမှာ မြင်ရတဲ့အညစ်အကြေးတွေကနေ သန့်စင်နေဖို့လိုသလို မမြင်ရတဲ့နှလုံးသားထဲက အညှီအဟောက်တွေကကိုလည်း တစ်ဖြေးဖြေး သန့်စင်အောင်လုပ်ဖို့အရေးကြီးပါတယ်။

မွတ်စလင်တစ်ဦးအတွက် အစားအသောက် ကဏ္ဍမှာလည်း သန့်ပြန့်ပြီး ဟလာလ်ဖြစ်ပြီးသား အစားအသောက် တွေကိုပဲ စားခွင့်ရှိပါတယ်။ မွတ်စလင်တစ်ဦးဖြစ်ပြီဆို တွေ့သမျှ မြင်သမျှ အစားအသောက်မှန်သမျှကို စားခွင့်မရှိပါဘူး။ အသားနဲ့ပတ်သတ်တာတွေဆို ဟလာလ်ဟုတ်မဟုတ် စုံစမ်းပြီးမှ စားခွင့်ရှိသလို အသားမဟုတ်တဲ့ အစားအသောက်တွေမှာ သွိုင်ယိဗ်လို့ခေါ်တဲ့ သန့်ပြန့်မှုရှိမှသာ စားသောက်ခွင့်ရှိပါတယ်။

စားသောက်ဆိုင်တွေမှာစားမယ်ဆို ပိုလို့တောင်သတိထားရပါမယ်။ ကြက်သားဘယ်နားမှာ လည်လှီးလိုက်သလဲအထိ အသေးစိတ်လိုက်ကြည့်ဖို့သာသနာက မပြောထားပေမယ့် ကိုယ်စိတ်ချယုံကြည်ရတဲ့အထိ စုံစမ်းဖို့တော့လိုပါတယ်။ ကိုယ်စားမယ့် စားသောက်ဆိုင်၊ ကိုယ့်မိသားစုနဲ့ကလေးတွေကို ကျွေးမယ့် အစားအသောက်တွေ၊ စားသောက်ဆိုင်တွေဟာ ဟလာလ်နဲ့ သွိုင်ယိဗ် ဆိုတဲ့ စည်းကမ်းနှစ်ချက်နဲ့ညီရဲ့လားဆိုတာ အရင်ကြည့်ရပါမယ်။

ဟလာလ်ထောက်ခံချက်လက်မှတ်ထုတ်ပေးထားတဲ့ အဖွဲ့ အစည်းကိုလည်း တိတိကျကျသိဖို့ လိုပါမယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို မွတ်စလင်လူထု စိတ်ချမ်းသာအောင်၊ စိတ်ချယုံကြည်ရအောင်အထိ ကြိုးစားပြီး ဟလာလ်လက်မှတ်ထုတ်ပေးတဲ့ အဖွဲ့အစည်းဟာ ရန်ကုန်မြို့ မှာ လက်သုံးချောင်းမပြည့်ပါဘူး။ ဟလာလ်လက်မှတ် ထုတ်ပေးတဲ့အလုပ်ဆိုတာ အင်မတန်တာဝန်ကြီးပါတယ်။ အဖွဲ့အစည်းတစ်ခုကို အများမွတ်စလင်တွေကယုံလို့ အဖွဲ့အစည်းတံဆိပ်ကပ်ထားတဲ့ ဟလာလ်လက်မှတ်ချိတ်ဆွဲထားတဲ့ဆိုင်တွေဆို ယုံယုံကြည်ကြည်စားကြပြီဆိုရင် အဲဒီစားသောက်ဆိုင်တွေ၊ စားသောက်ကုန်တွေကို မျက်ခြေမပြတ် စစ်ဆေးနေဖို့လိုပါတယ်။ အနည်းဆုံး ခြောက်လတစ်ကြိမ်ဖြစ်စေ၊ တစ်နစ်တစ်ကြိမ်ဖြစ်စေ စစ်ဆေးဖို့လိုပြီး ရှောင်တခင်ဝင်ရောက်ကြည့်ရှုဖို့လည်း လိုအပ်ပါတယ်။

စစ်ဆေးတဲ့နေရာမှာလည်း ပြည်ပနိုင်ငံတွေက ဟလာလ်ထောက်ခံချက်ထုတ်ပေးတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး သူတို့ဆီကနေ နည်းပညာအကူအညီတွေ၊ စံချိန်စံညွှန်းသတ်မှတ်ချက်တွေကို သွားရောက်ပြီးဖြစ်စေ၊ ပညာရှင်တွေကို မြန်မာပြည်ကို ပင့်ဖိတ်ပြီးဖြစ်စေ ဆွေးနွေးဖလှယ်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း ဟလာလ်၊ ဟရာမ်ကဏ္ဍကို ကျွမ်းကျင်တဲ့ပညာရှင်တွေကို ခေါ်ယူတာဝန်ပေးပြီး ထိထိမိမိလုပ်မယ်ဆို တကယ်အကျိုးရှိပါမယ်။ သွားတော့စစ်ပါရဲ့၊ စစ်ဆေးတဲ့လူတွေက ဟလာလ်၊ ဟရာမ်ကဏ္ဍကို စိတ်မဝင်စားသူတွေ၊ စီးပွားရေးသမားတွေ စတဲ့လူတွေက တာဝန်ကျေရုံသက်သက်လောက်သာ လုပ်နေမယ်ဆို မွတ်စလင်လူထုကြားထဲမှာလည်း ဟလာလ်ထောက်ခံချက်ကိစ္စ အငြင်းအခုန်တွေဖြစ်နေကြဦးမှာပါပဲ။

ကျနော်တို့ဆီက လူထုကိုယ်စားပြုအဖွဲ့အစည်းတွေဟာ အထွေထွေကဏ္ဍတွေမှာ ပြည်ပနိုင်ငံတွေက အဖွဲ့အစည်းတွေ အထူးသဖြင့် မလေးရှား၊ အိန္ဒိယ၊ထိုင်းစတဲ့ ဒေသတွင်းနိုင်ငံတွေမှာ အောင်မြင်နေတဲ့ မွတ်စလင်အဖွဲ့အစည်းတွေနဲ့ အပြန်အလှန် ဆွေးနွေးဖို့အဆက်အသွယ်တွေထားပြီး နည်းပညာပိုင်း၊ ပညာရပ်ပိုင်း၊ အကြံညဏ်တွေရယူတာ မရှိသလောက်ပါပဲ။ ဒါမျိုးလေးတွေ ကျယ်ပြန့်လာရင် မွတ်စလင်လူထုလည်း အမြင်ကျယ်လာမယ်၊ ခေါင်းဆောင်တွေလည်း ဗဟုသုတတွေ တိုးပွားပြီး မောင်းနှင်အားကောင်းကောင်းနဲ့ကိုယ့်အဖွဲ့အစည်းတွေကို လည်ပတ်နိုင်ပါမယ်။

နောက်အဖွဲ့အစည်းတွေအနေနဲ့ ဆိုရှယ်နက်ဝေါ့ ပလက်ဖောင်းတွေကို အသုံးချပြီး မွတ်စလင်လူထုကို အချိန်နဲ့ တပြေးညီ အသိပေးဖို့လည်းလိုပါတယ်။ ရန်ကုန်မြို့ က နာမည်ကြီးစားသောက်ဆိုင်တစ်ဆိုင်ရဲ့ ဟလာလ်ထောက်ခံချက်နဲ့ပတ်သတ်ပြီး သုံးနှစ်လောက်အရင်ကတည်းကစလို့ အခုချိန်ထိ မွတ်စလင်တွေကြားထဲ အငြင်းပွားမှုတွေဖြစ်နေတုန်းပါ။ ဒါမျိုးကိစ္စတွေမှာ အဖွဲ့အစည်းတွေက ဆိုရှက်နက်ဝေါ့တွေကို အသုံးချပြီး ဖြေရှင်းပေးနိုင်ဖို့လည်း လိုပါတယ်။

ပေါ့ပေါ့ဆဆနဲ့အသပြာယူပြီး ဟလာလ်လက်ထောက်ခံချက်ထုတ်ပေးနေတဲ့ မွတ်စလင်အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ အလ္လာဟ်ကိုကြောက်ကြပါ။ ကိုယ့်အဖွဲ့အစည်းထောက်ခံချက်ကြောင့် ဟလာလ်စံချိန်စံညွှန်းမမှီတဲ့ ဆိုင်တွေမှာ မွတ်စလင်တွေစားနေကြပြီဆိုရင် ဒီရဲ့အပြစ်တွေဟာ ထောက်ခံချက်ထုတ်ပေးတဲ့ အဖွဲ့အစည်းက လူကြီးတွေမှာ သက်ရောက်ပါတယ်။ တချို့အဖွဲ့အစည်းတွေဆိုရင် ဟလာလ်ထောက်ခံချက်လက်မှတ်ထိုးပေးလိုက်တဲ့ တာဝန်ရှိသူက သူထောက်ခံပေးလိုက်တဲ့ အစားအသောက်တွေထုတ်လုပ်တဲ့စက်ရုံဘယ်နားရှိမှန်းတောင်မသိပါဘူး။ ရုံးခန်းမှာပဲထောက်ခံချက်လာယူတယ်။ ရုံးခန်းမှာပဲထောက်ခံပေးလိုက်တယ်။ ရုံးခန်းမှာပဲ ပိုက်ဆံယူလိုက်တယ်။ ကွင်းမဆင်းဘဲ ထောက်ခံထားတဲ့ စားသောက်ကုန်တွေနဲ့ပတ်သတ်ပြီး အလ္လာဟ့်ရှေ့တော်မှောက်မှာ အဖြေပေးရပါလိမ့်မယ်။ အဲဒီလို ပေါ့ပေါ့ဆဆပြုလုပ်တဲ့ အဖွဲ့ အစည်းတွေ လူပုဂ္ဂိုလ်တွေကို မွတ်စလင်တွေအနေနဲ့ ရဲရဲဝင့်ဝင့်ဆန့်ကျင်ရှူတ်ချဖို့နဲ့ အဖွဲ့အစည်းတွေကို တာဝန်မယူဖို့အထိ ဖိအားပေးဖို့လိုပါတယ်။
ဟလာလ်ထောက်ခံချက်ထုတ်ပေးတယ်ဆိုတာ အင်မတန်တာဝန်ကြီးတဲ့အလုပ်ပါ။ တချို့နိုင်ငံတွေမှာ ဒီအတွက် သီးသန့် သင်တန်းတွေရှိပါတယ်။ စနစ်တကျသင်တန်းပေးပါတယ်။

တချို့မွတ်စ်လင်ဆိုင်တွေမှာ ဟလာလ်ထောက်ခံချက်တော့ရှိပါရဲ့၊ ညစ်ပတ်တာက ကမ်းကုန်ပါပဲ။ ဥရောပနိုင်ငံတွေမှာ ချက်ပြုတ်ကြော်လှော်တဲ့နေရာတွေကို ဆိုင်ရှေ့မှာထားပြီး စားသောက်သူတွေကို ဆွဲဆောင်ပါတယ်။ ရန်ကုန်က နာမည်ကြီး မွတ်စလင်စားသောက်ဆိုင်တွေ၊ နောက် အဝေးပြေးလမ်းမတွေပေါ်က မွတ်စလင်စားသောက်ဆိုင်တွေရဲ့ နောက်ဖေးမီးဖိုချောင်ထဲဝင်သွားရင် ပျို့တက်သွားနိုင်ပါတယ်။ အကဲဆတ်သူတွေဆိုရင် အော်ဂလီပါဆန်ပြီး အန်ပါထွက်သွားနိုင်ပါတယ်။ သွဟာရသ်မရှိ၊ သန့်ရှင်းမှုမရှိဘဲ ချက်နေပြုတ်နေတာတွေက ခရီးသွားမွတ်စလင်တွေကို ရေရှည်မှာ ဟလာလ်မဟုတ်တဲ့ဆိုင်တွေမှာ သွားရောက်စားသုံးဖို့နှင်လွှတ်နေတာနဲ့တူပါတယ်။ ဒါတွေကို ကြီးကြပ်ပေးရမှာက သက်ဆိုင်ရာမြို့တွေ၊ နယ်တွေက မွတ်စလင်အဖွဲ့အစည်းတွေကပဲဖြစ်ပါတယ်။

မွတ်စလင်လူထုဟာ အဖွဲ့ကြီးတွေ၊ အဖွဲ့အစည်းတွေကို အားမလိုအားမရဖြစ်နေရတဲ့ထဲမှာ ဒီလိုကိစ္စတွေအပါအဝင်ပါပဲ။ ဒီလိုကိစ္စတွေကြောင့်ပါ။ ပြစ်တင်ဝေဖန်တယ်လို့ မမြင်ဘဲ အကြံပေးတယ်လို့ သဘောထားပြီး ဖိဖိစီးစီးလုပ်မယ်ဆိုရင် မွတ်စလင်လူထုရဲ့နှလုံးသားထဲက ထွက်မယ့် ဒုအာတွေကို ရပါမယ်။

မွတ်စလင်တွေအနေနဲ့လည်း အပြင်မှာ စားသောက်တော့မယ်ဆိုရင် နာမည်ရပြီးသားစားသောက်ဆိုင်တွေနဲ့ စစ်မှန်တိကျတဲ့ မွတ်စလင်အဖွဲ့ အစည်းတွေကနေ ဟလာလ်ထောက်ခံချက်လက်မှတ်ရှိပြီးသား စားသောက်ဆိုင်တွေမှာပဲ စားကြပါ၊ ကြက်၊ အမဲ၊ ဆိတ်အစရှိတဲ့ အသားတွေကိုပဲ ဟလာလ်ကြည့်ရမှာမဟုတ်ပါဘူး။ ငါးတွေ ပင်လယ်စာတွေကိုလည်း သွဟာရသ်ရှိမရှိ၊ သန့်သန့်ပြန့်ပြန့်ဟုတ်မဟုတ်စတဲ့ ကဏ္ဍတွေကိုလည်း ထောက်ရှုဖို့ လိုကြောင်း ဉာဏ်အလင်းမှ တဆင့် တိုက်တွန်းအပ်ပါတယ်။

ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၉) သြဂုတ်လထုတ်ကို Download ရယူရန်

Mediafire – http://bit.ly/2w2D4r2
pCloud – http://bit.ly/2vuKWhs