ပဉ္စမမဏ္ဍိုင် ကျေပွန်ပါ

ကဏ္ဍ – Hadith
(M.အောင်မြတ်ဦး)
တတ်နိုင်ပါလျက် ဟဂ်ျမပြုဘဲ သေဆုံးသွားခြင်းသည် ယဟူးဒ် နဆ်ွရာ ၏ သေဆုံးခြင်းမျိုးဖြစ်သည်။ (သစ်ရ်မီဇီကျမ်း)
အစ္စလာမ်ရဲ့မဏ္ဍိုင်တစ်ခုဖြစ်တဲ့ ရိုဇဟ်ဥပုသ်စောင့်ထိန်းပြီးတဲ့အခါမှာ ပဉ္စမမဏ္ဍိုင် ဟဂ်ျ ကျင့်စဉ်ကိုဆောက်တည်ရပါတယ်။ အီဒွလ်ဖိသ်ရ်ဝါကျွတ်အီးဒ်ပြီးနောက်ရက်ကစပြီး ဟဂ်ျရာသီစတင်ပြီဖြစ်ပါတယ်။
ဟဂ်ျကျင့်စဉ်ဟာ လူတိုင်းအပေါ်မှာတာဝန်မရှိပါဘူး။ အာယသ်တော်မှာတင်ပြထားသလို တတ်နိုင်သူတွေအပေါ်မှာပဲ ဖရဇ်ွတာဝန်ထိုက်ပါတယ်။ ဆွဟာဗီတစ်ဦးက ကိုယ်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ကို တတ်နိုင်တယ်ဆိုတာ ဘာကိုခေါ်တာလဲလို့ မေးတဲ့အခါ ကိုယ်တော်က အစီးအနင်းအဆင်ပြေခြင်း၊ စားဖို့သောက်ဖို့ အဆင်ပြေခြင်းဖြစ်တယ်လို့ မိန့်ကြားပါတယ်။ ဖေကဟ်ပညာရှင်တွေကတော့ ကျန်ရစ်ခဲ့မယ့် မိသားစုရဲ့စားဝတ်နေရေးကိုပါ တစ်ခါတည်းတွက်ချက်ပြီးပေးခဲ့ရမယ်လို့ သတ်မှတ်ထားပါတယ်။
ဟဇရသ်အဘူဟိုရိုင်ရဟ် (ရသွေ့) ရဲ့ဆင့်ပြန်ချက်တစ်ခုမှာတော့ တမန်တော်မြတ်က အကြင်သူတစ်ဦးတစ်ယောက်ဟာ ဟဂ်ျကာလတစ်လျှောက် အကုသိုလ်ဂုနာဟ်တွေ မဖွယ်မရာစကားတွေ အလုပ်တွေကို ရှောင်ကြဉ်ပြီး နေမည်ဆိုပါက ဟဂ်ျက ပြန်လာတဲ့အခါ မိခင်ဝမ်းဗိုက်ထဲက ကျွတ်သကဲ့သို့ အပြစ်တွေကနေ ကင်းစင်နေမှာဖြစ်တယ်လို့ မိန့်ကြားထားပါတယ်။
တတ်နိုင်ပါလျက် ဟဂ်ျမပြုလုပ်ဘူးဆိုရင်တော့ အင်မတန်အပြစ်ကြီးပါတယ်။ တချို့နေ့ရွှေ့ညရွှေ့ ပြုလုပ်ကြတယ်။ လာမယ့်နှစ်သွားမယ် နောက်နှစ်သွားမယ်ဆိုပြီး ကွယ်လွန်သွားတဲ့အချိန်ထိ တစ်ကြိမ်တစ်ခါမျှ ကအ်ဗာအ်ဝတ်ကျောင်းတော်ကြီးကို ဖူးမျှော်ခွင့်မရလိုက်တဲ့ မွတ်စ်လင်သူဌေးတွေ ဒုနဲ့ ဒေးရှိပါတယ်။
ငွေကြေးတတ်နိုင်သူတွေ အမြန်ဆုံးဟဂ်ျအတွက် စီစဉ်ကြပါ။ ရှောင်ဝလ်လမှာကတည်းက ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်။ ပတ်စ်ပို့လုပ်တာ၊ အေးဂျင့်အပ်တာ စတဲ့ နိဒါးန်အလုပ်တွေကို စထားလိုက်မယ်ဆိုရင် အရှင့်ဘက်က လွယ်ကူမှုကိုချီးမြှင့်ပါမယ်။ ဖရဇ်ွဟဂ်ျက တစ်သက်မှာ တစ်ခါပဲလုပ်ရတာဖြစ်တဲ့အတွက် ခရီးစဉ်အသေးစိတ်ကို စေ့စေ့ငုငု စုံစမ်းမေးမြန်းပြီးမှ အေးဂျင့်တွေကို အပ်ကြပါ။ မြန်မာပြည်ရဲ့ အပေါဆုံးစာရင်းထဲမှာ ဟဂ်ျအေးဂျင့် ကုမ္ပဏီတွေလည်းပါ ပါတယ်။
အပြောတမျိုး အလုပ်တမျိုးလုပ်တဲ့ အေးဂျင့်တွေလည်းရှိပါတယ်။ ငွေကိုလျှော့ယူပြီး ဟိုရောက်မှ နေစရာမရှိလို့ တောင်ပြေးရ မြောက်ပြေးရ နဲ့ သူများဟိုတယ်အောက်တွေ အခန်းဘေးတွေမှာ နာရီပေါင်းများစွာ ကြန့်ကြာသွားတတ်ပါသေးတယ်။
မြန်မာပြည်ကတည်းက ဒါတွေကို နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီး သေချာလုပ်ဖို့ လိုပါတယ်။ ဟဂ်ျအေးဂျင့်တွေဆိုတာ စီးပွားရေးလုပ်နေတာပါ။ ဘာသာရေးက ၂၀%ပါ။ ဆိုတော့ ဒီသူဌေးတွေကတော့ မြင့်မြတ်တဲ့နယ်မြေမှာ မလိမ်လောက်ပါဘူး အဆင်ပြေမှာပါဆိုပြီး ကိုယ်က လိုက်သွားပေမယ့် ဟိုရောက်တဲ့အခါကျမှ ဟရမ်နယ်နိမိတ်ထဲ နမာဇ်တစ်ကြိမ်မျှ ဗလီမှာမဖတ်တဲ့ အေးဂျင့်တွေနဲ့လည်း ဆုံရတတ်ပါတယ်။
ကိုယ့်ဖရဇ်ွဟဂ်ျကိုတန်ဖိုးထားပါ။ လက်တည့်မစမ်းကြပါနဲ့။ အထူးသဖြင့် နယ်ဘက်တွေက ဟာဂျီလောင်းတွေအနေနဲ့ အထူးဂရုစိုက်ပြီးပြင်ဆင်ပါ။ ဝါရင့်လူဟောင်းတွေနဲ့ တိုင်ပင်ပါ။ ကိုယ့်မှာရှိတဲ့ ပိုက်ဆံလေးတွေနဲ့ ချွေးနဲစာစုပြီး သွားနေတဲ့အတွက် ဟဂ်ျဖရဇွ် အလဟသ မဖြစ်ရအောင် ဂရုစိုက်ပါလို့ ဉာဏ်အလင်းက တဆင့် ၂၀၁၇ခုနှစ်ရဲ့ဟာဂျီလောင်းများကို အကြံပေးအပ်ပါတယ်။
ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ
Mediafire – http://bit.ly/2umlRbf