စပ်စုစိန်တွေရဲ့ မေးခွန်းတွေကိုဘယ်လိုရှောင်မလဲ

ကဏ္ဍ – Lifestyle

(မျိုးအိနြေ္ဒပို)

တစ်ခါတစ်ရံမှာ တစ်ယောက်ယောက်က သင့်ဖုန်းကို ခွင့်ပြုချက်မရှိယူကိုင်ပြီး စာအဝင်အထွက်တွေကို ယူဖတ်လေ့ရှိတတ်ပါတယ်။ တစ်ခေါက်မှာ တရားသူကြီးတစ်ယောက်ရဲ့ မင်္ဂလာဆောင်ပွဲတက်ဖို့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်အဖိတ်ခံရတယ်။ တခြားအဖိတ်ခံရတဲ့ ဧည့်ပရိသတ်အားလုံးနီးပါးက လူသိများတဲ့ပညာရှင်တွေချည်းပဲ။ သူငယ်ချင်းဖြစ်သူက သူတို့ကြားထဲဝင်ထိုင်ပြီး စကားတွေဖောင်ဖွဲ့ပြောနေလေရဲ့။ အားရပါးရစကားပြောနေတုန်း သူငယ်ချင်းက သူ့ရင်ဘတ်အိတ်ကပ်ထဲထည့်ထားတဲ့ ဖုန်းက အနှောင့်အယှက်ဖြစ်နေတာကြောင့် ဖုန်းကိုထုတ်ပြီး သူ့ဘေးက စားပွဲတစ်လုံးပေါ်လှမ်းတင်ထားလိုက်တယ်။ သူ့ဘေးနားထိုင်နေတဲ့ ပညာရှင်တစ်ယောက်ကလည်း သူနဲ့ အတော်ကြီးကို စိတ်ဝင်တစားစကားပြောနေခဲ့တယ်။ စကားပြောနေတုန်း အဲဒီပညာရှင်က သူ့အကျင့်အတိုင်းဖြစ်မှာပေါ့။ သူငယ်ချင်းဖြစ်သူချထားတဲ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်ချိန်မှာ ပညာရှင်ရဲ့ မျက်နှာထားချက်ချင်းပြောင်းသွားတာကို သူသတိထားမိလိုက်တယ်။ ပြီးတော့ ဖုန်းကို သူ့နေရာနဲ့သူပြန်ချသွားတယ်။ သူငယ်ချင်းဖြစ်သူက အဲဒီပညာရှင်ရဲ့အဖြစ်ကိုကြည့်ပြီး မရယ်မိအောင် တော်တော်ဂရုစိုက်နေရတာတွေ့ရတယ်။

မင်္ဂလာဧည့်ခံပွဲပြီးတော့ အိမ်ပြန်ဖို့ ကားပေါ်ရောက်တာနဲ့ သူငယ်ချင်းဘေးမှာ ကျွန်တော်ဝင်ထိုင်လိုက်တယ်။ ထုံးစံအတိုင်းဖုန်းကို သူ့ဘေးမှာ ချထားလေရဲ့။ မင်္ဂလာဆောင်မှာတုန်းက အဖြစ်အပျက်ကို ကျွန်တော်က သတိထားမိတာကြောင့် ဟို ပညာရှင်လုပ်တဲ့အတိုင်း သူ့ဖုန်းကိုကောက်ကိုင်လိုက်ပြီး ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်ချိန်မှာတော့ ကျွန်တော်သဘောပေါက်သွားပြီး ခွက်ထိုးခွက်လန်ရယ်မိပါတယ်။ ကျွန်တော်ဘာကြောင့် အဲဒီလိုရယ်လိုက်ရလဲ သိလား?

လူတော်တော်များများက ဖုန်းအပြင်စာမျက်နှာမှာ စာတန်းတိုတွေရေးထားတတ်ကြတယ်။ တစ်ချို့ကလည်း ကိုယ့်နာမည်ကိုယ်ရေးထားပြီး တစ်ချို့ကလည်း ဘာသာရေးနဲ့သက်ဆိုင်တာတွေရေးထားတတ်ကြတယ်။ ကျွန်တော့်သူငယ်ချင်းက ဘာရေးထားလဲဆိုတော့ “ဖုန်းပြန်ချထားလိုက်စမ်း၊ စပ်စုစိန်” တဲ့။

တစ်ချို့လူတွေက တခြားလူတွေရဲ့ကိုယ်ရေးကိုယ်တာကိစ္စကို စပ်စုရတာဝါသနာထုံလေ့ရှိကြတယ်။ အဲဒီစပ်စုတဲ့ဝါသနာဟာ ကြာတော့ အကျင့်တစ်ခုလိုဖြစ်သွားပြီး ဘယ်လောက်တောင် ဆိုးဝါးတတ်လဲဆိုရင် သင့်ကားထဲဝင်ထိုင်လိုက်ပြီဆိုတာနဲ့ ကားအရှေ့အံထဲမှာ ဘာထည့်ထားသလဲဆိုတာ မပြောမဆိုကောက်ဖွင့်ကြည့်တတ်တဲ့ထိအောင်ပဲ။ တစ်ချို့အမျိုးသမီးစပ်စုစိန်တွေကျတော့ တခြားလူရဲ့အိတ်ထဲမှာ ဘာပစ္စည်းတွေပါလဲ၊ ဘာနှုတ်ခမ်းနီ၊ ဘာမိတ်ကပ်တွေလဲဆိုတာကို ကိုင်ကြည့်ချင်ကြပါသေးတယ်။ တစ်ချို့ကျပြန်တော့ ဖုန်းဆက်ပြီး ဘယ်ရောက်နေလဲမေးတတ်ပါတယ်။ ဒါက ပြဿနာမဟုတ်သေးဘူး။ ပိုဆိုးတာက ကိုယ့်ဘက်က “အလုပ်ကိစ္စတစ်ခုလုပ်နေတယ်” လို့ပြောလိုက်ရင် “ဘယ်မှာလဲ၊ ဘယ်သူနဲ့အတူရှိနေလဲ” ဆိုတာကိုပါ ဆက်တိုက်မေးကြတော့တယ်။ ကျွန်တော်တို့ပေါင်းသင်းရတဲ့လူတစ်ချို့မှာ အဲဒီအမူအကျင့်တွေရှိတတ်ပါတယ်။ ဆိုတော့… အဲဒီလိုလူစားမျိုးတွေကို ဘယ်လိုဆက်ဆံကြမလဲ။

အသင့်အနေနဲ့ အရေးအကြီးဆုံး မဖြစ်မနေ လုပ်သင့်တဲ့အချက်က အဲဒီလိုလူမျိုးတွေနဲ့ မဆုံဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ဖို့ပါ။ ဒီလိုရှောင်တဲ့အခါ သင့်ကိုအပြစ်မမြင်ဖို့နဲ့ တစ်ဖက်လူစိတ်မကောင်းမဖြစ်ဖို့ကိုတော့ ဂရုစိုက်ပါ။ သဘောက အထာနပ်ဖို့လိုပါတယ်။ ပြဿနာတစ်စုံတစ်ရာမဖြစ်အောင် ရှောင်ရှားဖို့လည်းလိုပါတယ်။ ရန်သူတိုးလာခြင်း၊ မိတ်ဆွေဆုံးရှုံးခြင်းဆိုတဲ့အချက်တွေကို ဖြစ်ချင်ဖြစ်ပါစေတော့ဆိုပြီး ပေါ့ပေါ့မတွေးသင့်ပါဘူး။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့။

ကိုစပ်စု၊ မစပ်စုတွေနဲ့ ရှောင်တိမ်းဖို့အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ သင့်ကိုမေးတဲ့မေးခွန်းကို တခြားမေးခွန်းတစ်ခုနဲ့ တန်ပြန်မေးပစ်လိုက်ခြင်းပါပဲ။ ဒါမှမဟုတ် ပြောနေတဲ့အကြောင်းအရာကို တခြားတစ်ခုနဲ့ လမ်းကြောင်းပြောင်းလိုက်ပါ။ ဒီလိုဆိုရင် သူစပ်စုနေတဲ့အကြောင်းကို မေ့ကောင်းမေ့သွားပါလိမ့်မယ်။ ဥပမာ စပ်စုစိန်က သင့်ကို “လခဘယ်လောက်ရသလဲ” လို့မေးလို့ သင်က မဖြေချင်ဘူးဆိုပါစို့။ အဲဒီအခါ အပြုံးလေးနဲ့ပဲ သူ့ကို အခုလိုပြန်မေးလိုက်ပါ။ “ဘာလို့မေးတာတုန်းဟ။ ငါ့ကိုဝင်ငွေအရမ်းကောင်းတဲ့အုလပ်တစ်ခုခုရှာပေးမလို့လား” လို့ မေးလိုက်ပါ။ ဒါကိုမှ သူ့ဘက်ကဆက်ပြီး “မဟုတ်ပါဘူး။ ဒီတိုင်းသိချင်တာပါ” လို့ ပြောလာခဲ့ရင် “ဒီခေတ်လစာကတော့ သိပ်မလွယ်ပါဘူးဟာ။ ကြည့်ရတာ ရေနံဈေးတက်တာကြောင့် ဒီလိုအဆင်မပြေဖြစ်နေတာဖြစ်မယ်” လို့ ပြန်ဖြေလိုက်ပါ။ သူ့ဘက်က “နင့်လခနဲ့ ရေနံဈေးဘယ်လိုသက်ဆိုင်မှုရှိလဲ။ ဆိုစမ်းပါဦး” လို့ မေးလာတဲ့အခါ “ရေနံဈေးက တခြားကုန်ဈေးနှုန်းတွေကိုတန်ဖိုးဖြတ်နေတာပဲလေ။ ရေနံဈေးကြောင့် စစ်ပွဲတွေဖြစ်နေတာ မတွေ့ဘူးလား” လို့ပြန်ဖြေလိုက်ပါ။ သူ့ဘက်က အခုလိုဆက်ပြောကောင်းပြောလာနိုင်ပါတယ်။ “ဟာ မဟုတ်တာ။ စစ်ဖြစ်ရတဲ့တခြားအကြောင်းတရားတွေရှိပါသေးတယ်ဟ။ ဒီနေ့ခေတ်ကမ္ဘာကြီးကတော့ စစ်ပွဲတွေနဲ့ ပြည့်နေတော့တာပဲ”။ ဆိုတော့ သူမေးတဲ မူလမေးခွန်းကို မေ့သွားခဲ့ပြီပေါ့။ အဲဒီအချိန်မှာ သူ့ကို ထပ်မျှောပေးလိုက်ပါတော့။ “ဒါဆိုစစ်ပွဲတွေအပေါ် ဘယ်လိုထင်လဲ။ နင်စဉ်းစားမိတာလေးတွေပြောကြည့်ကြည့်လေ”။ ပြီးပြီ။

ဒီလိုပါပဲ။ အလုပ်အကိုင်နဲ့ပတ်သက်ပြီး သင့်ကိုမေးလာပြီဆိုရင် သို့မဟုတ် သင်သွားမယ့်ခရီးစဉ်တစ်ခုခုနဲ့ပတ်သက်ပြီး မေးလာခဲ့ပြီဆိုရင် သူ့ကို ရိုးရိုးလေးပဲပြန်မေးပါ။ “ဘာကြောင့်မေးတာလဲ။ ငါနဲ့ခရီးတူတူထွက်ချင်လို့လား” လို့။ သူ့ဘက်က “မသိဘူး။ ငါ့ကိုပြောပြ” လို့ပြောရင် “ငါနဲ့ခရီးတူတူသွားမယ်ဆိုရင် လက်မှတ်ခံနင်ကျခံပေးရမယ်နော်” လို့ ပြောလိုက်ပါတော့။ ပြီးရင် သင်ပြောတတ်ဆိုတတ်တဲ့အပေါ်မှာ မူတည်ပြီး လက်မှတ်ဈေးနှုန်းဘက်ကို စကားလမ်းကြောင်းပြောင်းသွားပြီး မူရင်းမေးခွန်းကို သူမေ့သွားပါလိမ့်မယ်။

ဒီနည်းဟာ အချင်းချင်းကြား ပြဿနာမတတ်ဘဲ စပ်စုစိန်တွေရဲ့ မေးခွန်းတွေကို ရှောင်ထွက်နည်းပါပဲ။ တစ်စုံတစ်ယောက်က သူနဲ့မသက်ဆိုင်တဲ့ သင့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုခုကို စပ်စုပြီဆိုရင် သူ့ထက်ပိုမိုကျွမ်းကျင်စွာနဲ့ စကားလမ်းကြောင်းလွှဲနိုင်ပါစေ။ ကိုယ့်သူငယ်ချင်းစပ်စုစိန်ကို စိတ်ထိခိုက်မှုမဖြစ်စေဘဲ သင်မကြိုက်တဲ့မေးခွန်းတွေကနေ အကောင်းဆုံးရှောင်ထွက်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။

Ref: Enjoy Your Life

====================

7 MB သာရှိတဲ့ အောက်တိုဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၁) ကို အောက်ပါ Link နှစ်ခုထဲက တစ်ခုခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2yk9yzT

pCloud – http://bit.ly/2gTFG2h