ဥရောပမြေပေါ်က လူမျိုးတုံးသတ်ဖြတ်မှုကြီး (သို့မဟုတ်) Srebrenica Massacre

၁၉၉၅ခုနှစ် ဇူလိုင်လ….၂၂နှစ်အရင်က Bosnia မွတ်စ်လင်မ် အမျိုးသား…ကလေးပါမကျန် လူပေါင်း ၈၀၀၀ ကျော်ဟာ ဆာဗီးယား စစ်တပ်ရဲ့ လူမျိုးတုံးအောင် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံခဲ့ရတယ်။ ဒီသတ်ဖြတ်မှုကြီးဟာ Bosnia နှင့် Herzegovina အရှေ့ပိုင်းက မြို့လေးတစ်မြို့ ဖြစ်တဲ့ Srebrenica (ဆရက်ဘရစ်နစ်ဆာ) မြို့မှာ ဖြစ်ပွားခဲ့တာပါ။ ဒီနေ့ဟာ အဲဒီသတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့စဉ်က ကွယ်လွန်သွားကြသူတွေကို အောက်မေ့လွမ်းဆွတ်ကြတဲ့ နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။
 
၁၉၉၂ခုနှစ်က အစပြု ဖြစ်ပွားခဲ့ပြီး ၁၉၉၅ခုနှစ်အထိကြာမြင့်ခဲ့တဲ့ Bosnia စစ်ပွဲမှာ Srebrenica မြို့လေးဟာ လုံခြုံတဲ့နေရာအဖြစ် သတ်မှတ်ခံရတဲ့နေရာပါ။ ၁၉၉၃ခုနှစ်မှာ ဒီမြို့လေးကို ဒတ်ခ်ျ စစ်သည်အများစု ပါဝင်တဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ရဲ့ စောင့်ရှောက်မှုအောက်မှာ အကာအကွယ် ပေးထားခဲ့ပါတယ်။ Srebrenica မှာ နေထိုင်သူတွေကို စစ်ပွဲရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကနေ အကာအကွယ်ပေးမယ်လို့ ကတိက၀တ်တွေ ပြုထားခဲ့ပြီးလည်း ဖြစ်ပါတယ်။
သို့သော်လည်း ဇူလိုင်လ ၆ရက်နေ့မှာတော့ ဆားဗီးယား စစ်တပ်ဟာ Srebrenica ကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ဇူလိုင်လ ၁၁ရက် ကနေ ၂၂ ရက်အတွင်း Bosnia မွတ်စ်လင်မ် အမျိုးသား နှင့် အရွယ်မရောက်သေးတဲ့ ယောင်္ကျားကလေးမှန်သမျှကို အရက်စက်ဆုံး နည်းတွေနဲ့ လူမျိုးတုံးသတ်ဖြတ်ခဲ့ပါတယ်။ ကြီးမားတဲ့ တွင်းကြီးတွေတူးပြီး လူတွေကို မြုပ်နှံခဲ့တယ်။ ယောင်္ကျားကလေးငယ်တွေကို မိခင်တွေ မျက်စိရှေ့မှာတင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး ခိုကိုးရာမကျန်ရအောင် အဖေ၊ ခင်ပွန်း၊ အစ်ကို၊ မောင်၊ သားတွေကို တစ်ယောက်မကျန် သတ်ဖြတ်ခဲ့တယ်။
 
“ဒါတွေဟာ ငရဲခန်းက မြင်ကွင်းစစ်စစ်တွေပါ၊ လူသားတွေရဲ့ သမိုင်းမှာ ရေးသားခဲ့တဲ့ အမှောင်ဆုံး စာမျက်နှာတွေပါ” လို့ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးရဲ့ တရားသူကြီး တစ်ဦးဖြစ်တဲ့ Mr. Fouad Riad က ဆိုပါတယ်။
 
မကြာသေးမီက လေ့လာတွေ့ရှိချက်တွေအရ အဲဒီအချိန်ရဲ့ အမေရိကန်နိုင်ငံအစိုးရ နှင့် ဗြိတိသျှ အစိုးရတွေဟာ Srebrenica ဟာ ဆာဗီးယားတွေ လက်ထဲကျရောက်လိမ့်မယ်ဆိုတာ ဒီလူမျိုးတုန်း သတ်ဖြတ်မှုကြီး မဖြစ်ခင် ရသတ္တပတ် ၆ ပတ်အလျင်ကတည်းက သိရှိပြီး ဖြစ်ပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့နောက် ဥရောပမြေပေါ်မှာ ဖြစ်ပေါ်လာမယ့် ဒီလို ရက်စက်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီးကို မတုန်မလှုပ်ရပ်ကြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။
 
Srebrenica လူမျိုးတုန်း သတ်ဖြတ်မှုကြီးဟာ အချက်အလက်အားလုံး တိကျခိုင်မာစွာ မှတ်တမ်းတွေရှိပါတယ်။ သို့သော် Bosnia မွတ်စ်လင်မ်တွေအပေါ် ဆာဗီးယားစစ်တပ်ရဲ့ ကျူးလွန်ခဲ့တဲ့ ဒီရက်စက်မှုတွေကို မသိမသာ မေ့ပျောက်အောင် လုပ်လာနေကြပါတယ်။ သမိုင်းသင်ခန်းစာတွေမှာလည်း Bosnia စစ်ပွဲအကြောင်း တစ်စိတ်တစ်ဒေသတောင် ထည့်သွင်းဖော်ပြခြင်းမပြု ဘဲ ရည်ရွယ်ချက်ရှိရှိ လစ်လျူရှုထားခြင်းခံနေရပါတယ်။
 
ဒီစစ်ပွဲဟာ မြောက်များစွာသော အသက်မသေဘဲ ကျန်ရစ်သူတွေရဲ့ နှလုံးသားထဲမှာ စိတ်ဒဏ်ရာတွေ ပေးခဲ့ပါတယ်။ နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာမြင့်သွားသော်လည်း ဒီဒဏ်ရာတွေက လတ်ဆတ်နေဆဲပါ။
 
ကျွန်တော်တို့လို ဥရောပမြေနဲ့ အဝေးကလူတွေ အတွက် ဒီစစ်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ ကိုယ်တွေနဲ့အဝေးကြီးပါလို့ ထင်မှတ်ခဲ့ကြတယ်။ ကိုယ်တွေဆီကို ဒီစစ်ပွဲကြီးရဲ့ အနိဋ္ဌာရုံတွေ ရောက်မလာဘူးလို့ ထင်ခဲ့ကြတယ်။ ဒီနေ့ ကျွန်တော်တို့ရဲ့ ထင်မြင်မှုတွေ မှားယွင်းခဲ့တယ်ဆိုတာ ၀န်ခံရပါလိမ့်မယ်။ ဒီလို အနိဋ္ဌာရုံတွေဟာ ကျွန်တော်တို့အနီးအနားမှာ ဖြစ်လာနေပါတယ်။
 
Bosnia က မွတ်စ်လင်မ်တွေ ဒီလူမျိုးတုံးသတ်ဖြတ်မှုနှင့် ကြုံခဲ့ရတာ ၂၂နှစ်ပဲ ရှိပါသေးတယ်။ အဲဒီအချိန်တုန်းက အနောက်အုပ်စု တစ်ခုလုံးဟာ ဒီအပြစ်မဲ့ မွတ်စ်လင်မ်တွေ အသတ်ခံရတာကို ကျောပေးပြီး လစ်လျူ ရှုခဲ့ကြတယ်။ ဒီနေ့ Bosnia က မွတ်စ်လင်မ်တွေအတွက်သာ သတိရ ၀မ်းနည်းသင့်တာမဟုတ်တော့ဘူး။ ကမ္ဘာတစ်ဝှမ်းက ပုံစံအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးအောက်ကနေ မတရား အဖိနှိပ်ခံ၊ အသတ်ခံနေရတဲ့ မွတ်စ်လင်မ်တွေအားလုံးအတွက် ၀မ်းနည်းကြေကွဲကြရတဲ့နေ့ပါ။
 
(Mohammed Naeem)
 
ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။
Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM