ပြန်ပေးဆွဲခံရစဉ် အစ္စလာမ်ဘာသာကူးပြောင်းခဲ့သူ

ဗြိတိသျှ-တောင်အာဖရိက ကပြား ဓားစာခံတစ်ယောက်ဟာ မာလီနိုင်ငံမှာ ခြောက်နှစ်ကြာဖမ်းဆီးခံထားရချိန်အတွင်းမှာ ခရစ်ယာန်ဘာသာကိုစွန့်လွှတ်ပြီး အစ္စလာမ်ဘာသာကို ကူးပြောင်းခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ပြန်လွတ်လာပြီးနောက် လွန်ခဲ့တဲ့တနင်္လာနေ့ကမှ လူအကြားပထမဆုံးထွက်လာခဲ့တဲ့ စတီဖင် မက်ဂေါင်း (Stephen McGown) ဟာ သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ အထက်ပါအတိုင်း အတိအလင်းပြောလိုက်တာဖြစ်ပါတယ်။ “ကန္တာရထဲကိုမရောက်ခင်က ကျနော်ခရစ်ယာန်တစ်ယောက်ပါ။ အစ္စလာမ်ဘာသာကို ကူးပြောင်းတာကလည်း ဘယ်သူမှတွန်းအားပေးလို့မဟုတ်ဘူး။ ကိုယ့်စိတ်နဲ့ကိုယ်ကူးပြောင်းခဲ့တာ။ အစ္စလာမ်မှာ ကောင်းခြင်းတရားမြောက်မြားစွာကိုကျနော်မြင်တွေ့ခဲ့တယ်။ ကိုယ်ကျင့်တရားအင်မတန်ကောင်းဖို့လိုတယ်။ သိပ်ကိုယ်စည်းကမ်းရှိတဲ့ ကိုယ်ကျင့်တရားမျိုးပေါ့” လို့ သူက ပြောပြခဲ့ပါတယ်။ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ မက်ဂေါင်းဟာ အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ မာလီနိုင်ငံမြို့တော် တင်ဘောက်တူမှာ ၂၀၁၁ ခုနှစ်က ပြန်ပေးဆွဲခံလိုက်ရတာဖြစ်ပါတယ်။ သူနဲ့အတူလူသုံးဦးကို ပြန်ပေးဆွဲပေမယ့် တစ်ဦးကတော့ အခင်းဖြစ်ဖြစ်ချင်းပဲ သေဆုံးသွားခဲ့ပါတယ်။

သူပြန်လွတ်လာပြီးမှ သူ့မိခင် ဒီနှစ်မေလမှာ ကွယ်လွန်သွားခဲ့ပြီဆိုတာကို သိခဲ့ရပါတယ်။ ဖမ်းခံရစဉ်မှာ အာရဗီစကားကိုလည်း အထိုက်အလျောက်သင်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မာလီနိုင်ငံမြောက်ပိုင်းက စစ်သွေးကြွတွေက မက်ဂေါင်းအပါအဝင် နိုင်ငံခြားသားတွေကိုပြန်ပေးဆွဲခဲ့ပြီး ပြန်ပေးငွေတော်တော်များများရသွားခဲ့တယ်လို့သိရပါတယ်။ မက်ဂေါင်းက သူ့အတွက် ပြန်ပေးငွေဘယ်လောက်ပေးခဲ့ရသလဲဆိုတာ မသိပေမယ့် ကြားဝင်ညှိနှိုင်းစေ့စပ်သူတွေရဲ့ပြောကြားချက်အရ ပြန်ပေးဆွဲခံရသူတစ်ယောက်အတွက် ယူရိုငွေ ၁၀ သန်းတောင်းဆိုခဲ့ကြောင်း ပြောပါတယ်။

Ref: premierchristianradio

ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ

Mediafire – http://bit.ly/2umlRbf
pCloud – http://bit.ly/2vxQTeP