အမြင့်ပျံလင်းယုန်

ဉာဏ်အလင်းမဂ္ဂဇင်းအတွဲ (၁) အမှတ် (၃) ရဲ့ ပုံပြင် ကဏ္ဍဖြစ်ပါတယ်။

(K.နိုက်တင်ဂေးလ်ရေးသည်)

မောင်လေး ညီမလေးတို့ကို ဒီတစ်ခါ လင်းယုန်ငှက်ရဲ့အကြောင်းလေး မမပြောပြဦးမယ်။ ဟိုးရှေးရှေးတုန်းက လယ်သမားကြီးတစ်ယောက်က သူ့လယ်ကွင်းထဲမှာ လင်းယုန်ပေါက်လေးတစ်ကောင် ဒဏ်ရာရပြီးလဲကျနေတာကိုတွေ့တော့ သနားပြီးအိမ်ကိုခေါ်သွားသတဲ့။ အိမ်ရောက်တော့လယ်သမားကြီးက လင်းယုန်ပေါက်လေးရထားတဲ့ဒဏ်ရာတွေကိုသေချာဆေးထည့် ကျပ်စည်းပေးပြီး သူ့အိမ်ရှေ့က စပါးကျီထဲထည့်ပေးထားလိုက်သတဲ့။

အဲဒီလိုစပါးကျီထဲထည့်ပေးထားပြီးမကြာခင်မှာပဲ လင်းယုန်ပေါက်လေးရဲ့အပြုအမူတွေဟာ တဖြည်းဖြည်းနဲ့ ကြက်ကလေးတွေလိုပြောင်းလဲလာတယ်တဲ့။ ကြက်ကလေးတွေလမ်းလျှောက်သလိုပဲ တောက်တောက်လျှောက်သွားလိုက်၊ ကြက်မတွေလိုကတော်သံပေးလိုက်၊ ကြက်တွေရေသောက်သလို စုပ်သောက်လိုက် မော့လိုက်လုပ်လိုက်၊ အစာစားရင်လည်း ကြက်တွေလိုအစာကောက်လိုက်နဲ့ အချိန်တော်တော်ကြာတဲ့အထိ စပါးကျီနဲ့လယ်ကွင်းထဲမှာပဲ သူအသစ်ဖန်တီးထားတဲ့ဘ၀မှာ အေးအေးဆေးဆေး သက်သောင့်သက်သာနေနေခဲ့တယ်။

အဲဒီလိုနဲ့အချိန်တွေကြာလာတော့ လင်းယုန်ပေါက်ကလေးဟာ အရွယ်ရောက်လာပြီးအတောင်စုံကာ အရောင်အသွေးလှပတဲ့လင်းယုန်ပျိုတစ်ကောင်ဖြစ်လာတော့တာပေါ့ကွယ်။ တစ်နေ့မှာတော့ လယ်သမားရဲ့ ယာနီးချင်းသူငယ်ချင်းတစ်ယောက်က လင်းယုန်ပျိုကိုသတိထားမိသွားပြီး “ဘာကြောင့် ဒီလင်းယုန်ငှက်က ငှက်လိုမနေဘဲ ကြက်လိုနေနေရတာလဲ” လို့ လယ်သမားကိုမေးသတဲ့။ ဒီတော့လယ်သမားက လင်းယုန်ပေါက်လေး ဒဏ်ရာရတဲ့နေ့ကစလို့ ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်တယ်။ ဒါပေမဲ့ သူ့သူငယ်ချင်းကလက်မခံဘူး။ “ဒီလိုနေတာလုံးဝမမှန်ဘူး။ ကြီးကျယ်မြင့်မြတ်တဲ့ဖန်ဆင်းရှင်က လင်းယုန်ငှက်ကို အမြင့်ဆုံးကောင်းကင်မှာ ပျံသန်းနိုင်အောင်ဖန်ဆင်းပေးခဲ့တာ၊ ဒီလိုစပါးကျီနားမှာ တောက်တောက်လျှောက်သွားပြီးအစာကောက်ဖို့ ဖန်ဆင်းခဲ့တာမှမဟုတ်တာ” လို့ပြောပြီး ရုတ်တရက်ဆိုသလို လင်းယုန်ပျိုကိုကောက်မလိုက်ရင်း ခြံစည်းရိုးနားကိုအပြေးသွားပြီး ဖျတ်ခနဲလေထဲကို မြှောက်တင်လိုက်တယ်။

ဒါပေမဲ့ ဘယ်လိုပျံသန်းရမယ်ဆိုတာကိုမသိတော့တဲ့ လင်းယုန်ငှက်ခမျာ ချက်ချင်းဆိုသလိုအောက်ကို ဖုတ်ခနဲပြန်ပြုတ်ကျလာပြီး ကြက်ကလေးတွေလို တောက်တောက်ပြေးနေပြန်တယ်။ လယ်သမားရဲ့ သူငယ်ချင်းက မကျေနပ်သေးဘူး။ အဲဒါကြောင့် လင်းယုန်ပျိုကိုနောက်တစ်ကြိမ်ကောက်မလိုက်ပြီး စပါးကျီရဲ့အပေါ်ဆုံးကို ပြေးတက်လိုက်ကာ ခေါင်းမိုးပေါ် မြှောက်တင်ပေးလိုက်ပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ လင်းယုန်ငှက်ဆီကနေ စူးရှတဲ့အသံမျိုးနည်းနည်းထွက်လာပြီး မြေပေါ်ပြန်မကျခင်မှာ သူ့ရဲ့အတောင်တွေကိုဖြန့်ပြီး ဖြည်းဖြည်းခတ်လာပါတော့တယ်။ နောက်တော့ မထင်မှတ်ဘဲကောက်ရိုးတွေကိုပဲ အစာကောက်နေပြန်တယ်။

လယ်သမားရဲ့သူငယ်ချင်းက ညမိုးချုပ်မှအိမ်ပြန်လာရပေမယ့် သူ့မျက်စိထဲမှာ လင်းယုန်ငှက်ရဲ့ထက်မြက်ပေမယ့် ရွှ့ပေနေတဲ့လက်သည်းတွေကိုပဲ မြင်ယောင်ပြီး အိပ်မရဖြစ်နေရှာတယ်။ ဒါကြောင့် သူကနောက်တစ်ကြိမ်ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး လယ်သမားဆီခြေဦးလှည့်ခဲ့တော့တယ်။ ဒီတစ်ကြိမ်မှာတော့ သူဟာလင်းယုန်ပျိုကိုတိမ်တွေရဲ့အထက်ထိရောက်အောင်မြင့်နေတဲ့အမြင့်ဆုံးတောင်ထိပ်ဆီကို ခေါ်လာခဲ့တယ်။ တောင်ထိပ်ရောက်တော့ လင်းယုန်ပျိုရဲ့မျက်လုံးကိုတည့်တည့်ကြည့်လိုက်ပြီး “ကောင်းကင်ယံမှာ ၀ဲပျံဖို့အတွက် မွေးဖွားလာတဲ့ မင်းက ဘာကြောင့်ကြက်တွေလိုမြေပေါ်မှာနေချင်ရတာလဲ။ ကိုယ့်ဘ၀ကိုယ် နားမလည်ဘူးလား” လို့မေးလိုက်တယ်။ ပြီးမှသူဟာလင်းယုန်ငှက်ကို နေရောင်ခြည်ဆီဦးလှည့်ပေးလိုက်ပြီး လွှတ်တင်ပေးလိုက်တယ်ဆိုရင်ပဲ လင်းယုန်ငှက်ဟာ အားအင်အပြည့်နဲ့အတောင်ပံတွေဖြန့်ကျက်ရင်းနေရောင်ခြည်ဆီကို ဦးတည်ပျံသန်းကာပျောက်ကွယ်သွားတော့သတဲ့ကွယ်။

မောင်လေးညီမလေးတို့ရေ… မမတို့လူသားတွေဟာလည်း ရည်မှန်းချက်မြင့်မားသူတွေအနေနဲ့ မွေးဖွားခဲ့ကြတယ်မဟုတ်ပါလား။ မမတို့ရဲ့ကြီးကျယ်မြင့်မြတ်သောဖန်ဆင်းရှင်းအလ္လာဟ်အရှင်မြတ်ဟာ မမတို့ကို အမြင့်ဆုံးမှာလာရောက်နေထိုင်ဖို့ဖိတ်ခေါ်ထားတယ်မဟုတ်ပါလား။ ဆိုလိုတဲ့သဘောက ဂျန္နသ်သုခဘုံကို ရောက်ဖို့ ကြိုးစားခိုင်းထားတယ်မဟုတ်ပါလား။ ဒါပေမဲ့မမတို့ဟာ ဒွန္နယာဆိုတဲ့ စပါးကျီလေးနားမှာပဲ ပုံပြင်ထဲက လင်းယုန်ငှက်လို ဘ၀တစ်လျှောက်လုံးအချိန်ကုန်ပြီး အမြင့်ပျံဖို့ ကြိုးစားရကောင်းမှန်းမသိကြတော့ဘူး။ မမတို့အနေနဲ့ အစ္စလာမ်သာသနာရဲ့ဘ၀နေထိုင်မှုနဲ့ ရှင်သန်ခြင်းရဲ့ရည်ရွယ်ချက်ကို ရှာဖွေကျင့်သုံးသင့်တယ်မဟုတ်ပါလား။

မမတို့ရဲ့တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ကလည်း အခုလိုမိန့်ကြားတော်မူထားပါတယ်။

“ငါးခုသောအရာမဖြစ်မီအလျင် ငါးခုသောအရာကနေ အကျိုးကျေးဇူးရယူကြလေကုန်။ မအိုမင်းခင် ငယ်ရွယ်နုပျိုမှုကနေ၊ နာမကျန်းမဖြစ်ခင်ကျန်းမာသန်စွမ်းမှုကနေ၊ မဆင်းရဲခင် ကြွယ်ဝချမ်းသာမှုကနေ၊ အလုပ်ထဲမနစ်မွန်းခင် အားလပ်ချိန်များကနေ၊ မသေဆုံးမီ ရှင်သန်နေထိုင်ရသည့်ဘ၀ကနေ”

ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၃) ကို Download ရယူရန် –
Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE