မက္ကာဟ်မြို့က ဗလီကြီးရဲ့ကြမ်းပြင် ဘာလို့ အမြဲအေးနေရသလဲ?

မက္ကာဟ်မြို့ ကာဘာဝတ်ကျောင်းတော်တစ်ဝိုက်နဲ့ ဗလီကြီးရဲ့ ကြမ်းပြင်ဟာ ဘာလို့ အမြဲတစေအေးမြနေတာလဲဆိုတာ သင်သိပါသလား။ ခြေထောက် အေးအောင်လို့ ကြမ်းပြင်အောက်မှာ ရေပိုက်တွေနဲ့ ရေလွှတ်ထားတာလည်း မဟုတ်ရပါဘူးတဲ့။

ဒီလိုဆိုရင် အင်မတန်ပူပြင်းလှတဲ့ ဆော်ဒီအာရေးဗျရဲ့ ကန္တာရ ရာသီဥတုမှာတောင် ကြမ်းပြင်က အေးအေးလေးဖြစ်နေတာဘာလို့ပါလဲ။

အဲဒီလိုအေးရတဲ့ အဓိက အကြောင်းအရင်းကတော့ ကြမ်းခင်းအဖြစ်အသုံးပြုထားတဲ့ စကျင်ကျောက်တစ်မျိုးကြောင့်ပါတဲ့။

အဲဒါနဲ့ပတ်သက်ပြီး အထွဋ်အမြတ်ထားရာဝတ်ကျောင်းတော်နှစ်ကျောင်းကို ထိန်းသိမ်းတဲ့ ရုံးရဲ့ ဥက္ကဋ္ဌဖြစ်သူက Al Arabiya သတင်းဌာနကို အခုလိုပြောပါတယ်။

“အဓိက ကတော့ ကြမ်းခင်းတဲ့နေရာမှာအသုံးပြုတဲ့ ကျောက်အမျိုးအစားကြောင့်ပါ။ အဲဒီကျောက်က အများနဲ့မတူဘဲ ထူးခြားတဲ့ အမျိုးအစားတစ်မျိုးပါ။ Thassos လို့ခေါ်ပြီး ဂရိနိုင်ငံကနေ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီကျောက်ရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိတစ်မျိုးကတော့ နေခင်းမှာ ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်ခြည်အလင်းတန်းတွေကို အလင်းပြန် (ရောင်ပြန်ဟပ်) ပေးနိုင်တာပါပဲ” တဲ့။

ဉာဏ်အလင်း