လန်ဒန်ဗလီတိုက်ခိုက်ခံရသူများအတွက် အင်္ဂလန်ဘုရင်မကြီး၏ သဝဏ်လွှာကို ဝေလမင်းသား ချားလ်စ်ပေးပို့

တနင်္လာနေ့က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် လန်ဒန်မြောက်ပိုင်း ဖင်းစ်ဘူရီဗလီဝတ်ကျောင်းသို့ ဝေလမင်းသား ချားလ်စ်သွားရောက်ခဲ့ကာ ဘုရင်မကြီး၏ သဝဏ်လွှာကို ပါးခဲ့သည်။
 
“ဘုရင်မကြီးရဲ့အတွေးနဲ့ တောင်းဆုမှန်သမျှဟာ ခင်ဗျားတို့အားလုံးနဲ့အတူရှိနေပါတယ်” ဟု မင်းသားက ပြောခဲ့သည်။ အကြမ်းဖက်မှုဖြစ်စဉ်အတွင်း အသက်ဆုံးရှုံးသွားခဲ့သည့် အသက် ၅၁ နှစ်အရွယ် မက်ရမ်အလီ၏ ရုပ်အလောင်းအား သေဆုံးသည့်အကြောင်းအရင်းသိရှိနိုင်ရန်အတွက် ရင်ခွဲစစ်ဆေးလျက်ရှိသည်။
 
ဗင်ကားမောင်းအကြမ်းဖက်သမား၏ တိုက်ခိုက်မှုမခံရစဉ်ကတည်းက မစ္စတာအလီ၌ ရောဂါအခံရှိသည်ဟု ဆိုသည်။ အကြမ်းဖက်သမားသည် ဖင်းစ်ဘူရီပါ့ခ် ရှိ ဗလီဝတ်ကျောင်းတော်အနီး ဝတ်ပြုဆုတောင်းသူများကို ကားဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ အနီးရှိလူများက မေ့လဲသွားသော မစ္စတာအလီအား ဝိုင်းဝန်းကူညီခဲ့ကြသည်။
 
ဝေလမင်းသား ချားလ်စ်က ကံမကောင်းလှတဲ့အဖြစ်အပျက်တွေကြောင့် တော်တော်လေးစိတ်မကောင်းဖြစ်နေရပေမယ့် အခုလို မွတ်စလင်များနဲ့ အတူရှိနေရခြင်းအတွက် ပျော်ရွှင်မိကြောင်း မွတ်စလင်လူမှုဖူလုံရေးဂေဟာ၌ မိန့်ခွန်းပြောစဉ်ပြောကြားခဲ့သည်။ ထိုဂေဟာသို့ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က ရောက်ခဲ့ဖူးကြောင်းလည်း သူကဆိုသည်။

“ဘုရင်မကြီးက ရမဇာန်လမှာဝတ်ပြုဆုတောင်းနေသူတွေကို ပစ်မှတ်ထားအကြမ်းဖက်ခဲ့တဲ့အတွက် သူတော်တော်လေးကို ထိတ်လန့်ခဲ့မိကြောင်း၊ ဘုရင်မကြီးရဲ့ အတွေးတွေနဲ့ တောင်းဆုတွေဟာ သူတို့တွေနဲ့အတူရှိကြောင်း ကျနော့်ကို ပြောဖို့ မှာလိုက်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်သမားအဖြစ်သံသယရှိသူကို ရဲတပ်ဖွဲ့မရောက်လာမချင်း လူအုပ်ရဲ့ သတ်ဖြတ်ခံရမှုကနေ ကာကွယ်ပေးခဲ့တဲ့ အီမာမ်ရှေ့ဆောင်ဆရာရဲ့လုပ်ရပ်ကိုလည်း အထင်ကြီးလေးစားမိကြောင်း” သူက ဆက်ပြောပါတယ်။ “ကျနော်တို့မှာ ဂုဏ်ယူစရာခေါင်းဆောင်တွေရှိနေတာ အတော်ကံကောင်းတာပဲ” ဟု မင်းသားက ဆိုသည်။
 
အကြမ်းဖက်မှုဖြစ်စဉ်သည် ဇွန်လ ၁၉ ရက် ဗြိတိန်စံတော်ချိန် ၀၀း၂၀ နာရီတွင်ဖြစ်ပွားခဲ့သည်။ ငှားယမ်းထားသော ဗန်ကားသည် Seven Sisters လမ်းမပေါ်ရှိ မွတ်စလင်လူမှုဖူလုံရေးဂေဟာအပြင်ဘက် ပလက်ဖောင်းပေါ်ရှိ မွတ်စလင်ဝတ်ပြုဆုတောင်းသူများကို စတင် ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
Ref: BBC
ဆက်စပ်ဖတ်ရှုရန်
(၁) လန်ဒန်ဗလီအကြမ်းဖက်ခံရမှုသည် ရွံရှာစက်ဆုပ်ဖွယ်ဟု ယူကေဝန်ကြီးချုပ်ပြော http://wp.me/p5pNNN-qy

(၂) ဗလီလုံခြုံရေးတိုးမြှင့်ချထားပေးရန် ဗြိတိန်မွတ်စလင်ကောင်စီတောင်းဆို http://wp.me/p5pNNN-rW

(၃) နှင်းဆီပန်းတွေ ပြည့်နေတဲ့ Finsbury Park ဗလီဝတ်ကျောင်းတော် http://wp.me/p5pNNN-sb

ရမဇာန်အထူးထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။