နှင်းဆီပန်းတွေ ပြည့်နေတဲ့ Finsbury Park ဗလီဝတ်ကျောင်းတော်

ဘာသာတရားတစ်ခုကို တိုက်ခိုက်ခံရခြင်းဟာ ဘာသာတရားတွေ အားလုံးကို တိုက်ခိုက်ခံရခြင်းပဲ ဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုဟာ လန်ဒန်မြို့သူ မြို့သားတွေရဲ့ ယုံကြည်ချက် ဖြစ်တယ်ဆိုတာကို ပြသဖို့ နှင်းဆီပန်းတွေ ယူဆောင်လာပြီး ပြီးခဲ့တဲ့ရက်ပိုင်းက Finsbury Park ဗလီဝတ်ကျောင်းတော်အနီးမှာ van ကားတစ်စီးကို အသုံးပြု ပြီး ၀တ်ပြုဖို့လာတဲ့ မွတ်စ်လင်မ်တွေကို အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ နေရာမှာ ၀မ်းနည်းကြောင်း အထိမ်းအမှတ်အဖြင့် လာရောက်စုစည်းခဲ့ကြပါတယ်။

ရာပေါင်းများစွာသော မွတ်စ်လင်မ်မဟုတ်တဲ့ လန်ဒန်မြို့သူ မြို့သားတွေဟာ အဲဒီ ဗလီဝတ်ကျောင်းတော်အတွင်း နှင့် အနီးအနားက လာရောက်ဝတ်ပြုသူ တစ်မြို့တည်းနေ အစ္စလာမ်ဘာသာဝင်တွေကို နှင်းဆီပန်းတွေ လက်ကမ်းပေးရင်း အားပေးစကားတွေ ပြောကြားခဲ့ပါတယ်။

BBC သတင်းတစ်ပုဒ်အရ အရောင်မျိုးစုံတဲ့ နှင်းဆီပန်းခင်းကြီးဟာ မတူညီတဲ့ ယုံကြည်ကိုးကွယ်သူတွေရဲ့ ယဉ်ကျေးမှုတွေ စုစည်းပေါင်းစပ်ထားတဲ့ ညီညွတ်တဲ့ လန်ဒန်မြို့သူ မြို့သားတွေကို ကိုယ်စားပြုနေပါတယ်လို့ ဆိုပါတယ်။

ဂျူး၊ ခရစ်ယာန် နှင့် အခြားသော ဘာသာတရားတွေကို ယုံကြည်ကိုးကွယ်ကြသူတွေဟာ မွတ်စ်လင်မ်တွေရဲ့ လက်ထဲ နှင်းဆီပန်းတွေ ပေးအပ်နေတာကို နာရီပိုင်းအလျင်က ကြုံတွေ့ခဲ့ရတဲ့ အကြမ်းဖက်မှုကြောင့် ၀မ်းနည်းကြေကွဲနေရတဲ့ မွတ်စ်လင်မ်တွေဟာ မျက်ရည်ကြားက အပြုံးတွေနှင့် လက်ခံရယူခဲ့ကြပါတယ်။

အဲဒီ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် Finsbury Park ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုဖို့ လာရောက်ခဲ့တဲ့ မွတ်စ်လင်မ်တစ်ဦး သေဆုံးခဲ့ရပြီး အခြား ၁၁ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အသက် ၄၇နှစ်အရွယ်ရှိ Darren Osborne ဆိုတဲ့ အကြမ်းဖက်သမားဟာ van ကားတစ်စီးကို ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုဖို့လာရောက်ခဲ့တဲ့ လူအုပ်ထဲကို တနင်္လာနေ့ နံနက်အစောပိုင်း ၁၂:၃၀ အချိန်မှာ မောင်းဝင်လာပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရ အဆိုပါ အကြမ်းဖက်သမားဟာ…”မွတ်စ်လင်မ်တွေ အားလုံးကို ငါသတ်ချင်တယ်” လို့ အော်ဟစ်ခဲ့ပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အနီးအနားက လူတွေက အဲဒီ အကြမ်းဖက်သမားကို ၀ိုင်းဝန်းဖမ်းဆီးခဲ့ပေမဲ့ ဗလီဝတ်ကျောင်းတော်ရဲ့ ရှေ့ဆောင်ဆရာနှင့် အခြားသော မွတ်စ်လင်မ်တွေဟာ အကြမ်းဖက်သမားကို မသတ်ဖြတ်ဖို့ ၀ိုင်းဝန်းတားဆီး ကာကွယ်ပေးခဲ့ပြီး ဥပဒေအရ အရေးယူပေးဖို့ ရဲတပ်ဖွဲ့ လက်ဝယ်အပ်နှံပေးခဲ့ပါတယ်။

Source : Freemalaysia

ရမဇာန်အထူးထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။