အသက် ၁၄နှစ်ထိစာမတတ်ခဲ့ပေမယ့် ရွေးကောက်ပွဲဝင်ပြိုင်နိုင်တဲ့အထိ ကြိုးစားခဲ့တဲ့ ဖာဒူမို ကာစင်မ် ဒါယိဗ်

ကဏ္ဍ – Inspiring Person

(စတီဗင်)

ဖာဒူမို ကာစင်မ် ဒါယိဗ် (အမည်ပြောင် ဒီးကို – Deeqo) ဟာ ဆိုမာလီနိုင်ငံရေးသမားဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ သမ္မတရွေးကောက်ပွဲဝင်တဲ့ ပထမဆုံးအမျိုးသမီးဖြစ်ခဲ့ပါတယ်။

ဒါယိဗ်ကို ၁၉၇၂ ခုနှစ်မှာ ဆိုမာလီမိဘနှစ်ပါးကနေ မွေးဖွားခဲ့ပါတယ်။ ဇာတိကတော့ ကင်ညာနိုင်ငံ ထီကာမြို့ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုးဝါးလွန်းတာကြောင့် ကာကွယ်လို့ရနိုင်တဲ့ ရောဂါတွေ (ဥပမာ – ဝမ်းရောဂါ၊ အသက်ရှုလမ်းကြောင်းပိုးဝင်ရောဂါ၊ နမိုးနီးယားရောဂါ) စွဲကပ်ခဲ့ပြီး သားသမီး ၁၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီးနောက် မိခင်ဖြစ်သူက ဇာတိဆိုမာလီယာကနေ ကင်ညာနိုင်ငံကိုရွှေ့ပြောင်းခဲ့တာဖြစ်ပါတယ်။

လမ်းခရီးမှာ ဒါယိဗ်ရဲ့ဖခင်ဖြစ်လာမယ့် ထရပ်ကားမောင်းသူတစ်ယောက်ရဲ့ ထရပ်ကားနဲ့အတူ မိခင်ဖြစ်လာမယ့်သူနဲ့ ဦးလေးဖြစ်လာမယ့်သူကို လမ်းကြုံတင်ခဲ့ရင်း လမ်းခရီးမှာပဲ အိမ်ထောင်ပြုခဲ့ကာ ကင်ညာနိုင်ငံ ထီကာမြို့မှာ အခြေချခဲ့တာဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ ဘာသာစကားတော်တော်များများ တတ်ကျွမ်းပြီး မိခင်ဖြစ်သူက လမ်းဘေးမှာ လက်ဖက်ရည်ရောင်းပါတယ်။ မိဘနှစ်ဦးစလုံးအတန်းပညာမတတ်ကြပါဘူး။

ဒါယိဗ်ရဲ့မိဘနှစ်ပါးဟာ သူမငယ်ရွယ်စဉ်မှာပဲကွာရှင်းခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ်မှာ သူတို့မိသားစုကို နိုင်ရိုဘီကနေမောင်းထုတ်ခဲ့ပြီး မိုဂါဒစ်ရှူးကိုပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ သူမရဲ့ဦးလေးဖြစ်သူက အဲဒီအချိန်က ဆိုမာလီသမ္မတ ဆိုင်ယဒ်ဘာရီကိုဆန့်ကျင်တဲ့အုပ်စုကို ငွေကြေးထောက်ပံ့တယ်လို့ သံသယရှိတာကြောင့် ဒါယိဗ်ရဲ့မိခင် ယာယီဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ နောက်တော့ ဒါယိဗ်ရဲ့မိခင်လည်း သူပိုင်သမျှအရာအားလုံးကိုရောင်းချပြီးနောက် ဒါယိဗ်နဲ့ မောင်နှမတွေကို ဖင်လန်နိုင်ငံမှာ ဒုက္ခသည်အဖြစ်ခိုလှုံဖို့ စားရိတ်အဖြစ်အသုံးချခဲ့ပါတယ်။ ဒါယိဗ်ဟာ ၁၉၉၀ ခုနှစ်ကစလို့ ဖင်လန်နိုင်ငံမှာနေထိုင်ခဲ့ပါတယ်။

သူမအသက် ၁၄ နှစ်တိုင်အောင် စာရေးတတ်၊ ဖတ်တတ်ခြင်းမရှိသေးပါဘူး။ ဖင်လန်မှာ အရေးပေါ်စောင့်ရှောက်ရေး သူနာပြုအဖြစ်ပညာသင်ကြားခဲ့ပြီး မာစတာဘွဲ့နှစ်ခုရယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဟားဗတ်ကနေဒီတက္ကသိုလ်မှာ လူထုစီမံခန့်ခွဲရေးပညာရပ်သင်ယူဖို့ ပညာတော်သင်ဆုရရှိခဲ့ပါတယ်။ အခုအခါ ဟယ်ဆင်ကီးတက္ကသိုလ်မှာ ဒေါက်တာတန်းကျောင်းသူတစ်ဦးဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကချမှတ်ထားတဲ့ ငြိမ်းချမ်းရေး၊ အမျိုးသမီးရေးနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူဆုံးဖြတ်ချက် ၁၃၂၅ (Resolution 1325) ကို သုတေသနပြုလုပ်လျက်ရှိပါတယ်။

ဒါယိဗ်ဟာ လူမှုပြောင်းလဲရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် လူထုကျန်းမာရေးကျွမ်းကျင်ပညာရှင်နဲ့ ဖွံ့ဖြိုးရေးလက်တွေ့အသုံးချပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒုက္ခသည်တွေအလုပ်အကိုင်အရရှိရေးအတွက်လည်း ဆောင်ရွက်ပေးခဲ့ပါသေးပါတယ်။ ၂၀၀၅ ခုနှစ်က ဆိုမာလီယာနိုင်ငံမှာ မိခင်ကျန်းမာရေးဆေးခန်းတွေဖွင့်လှစ်ဖို့အတွက် ကုလသမဂ္ဂနဲ့အတူ လုပ်ကိုင်ပေးခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း လုံခြုံရေးစိုးရိမ်ရမှုကြောင့် တိမ်းရှောင်ခဲ့ရပါတယ်။ အဲဒီနောက် ခုခံအားကျဆင်းရောဂါ (HIV) ကာကွယ်ရေးရုံးခန်းတွေဖွင့်လှစ်ပေးခဲ့ပြီး ဖီဂျီနဲ့ လိုင်ဘေးရီးယားနိုင်ငံတို့မှာ တာဝန်ထမ်းဆောင်ဖို့အတွက် ကုလသမဂ္ဂရဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပေးခဲ့ပါတယ်။

ဒါယိဗ်တစ်ယောက် ဆိုမာလီယာသမ္မတဖြစ်လိုတယ်ဆိုတဲ့ သဘောထားကို ၂၀၁၄ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။ အဲဒီ ၂၀၁၆ ခုနှစ်မှာ ၁၉၆၇ ခုနှစ်နောက်ပိုင်း ပထမဆုံး ဒီမိုကရက်တစ်နည်းကျ ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ သမ္မတလောင်း ၈ ဦးအနက် ဒါယိဗ်လည်းတစ်ဦးအပါအဝင်ဖြစ်ပါတယ်။ အမျိုးသမီးဆိုလို့ သူမတစ်ယောက်ထဲသာပါဝင်ပါတယ်။ သမ္မတရွေးကောက်ပွဲဝင်မယ့်ဆုံးဖြတ်ချက်ကြောင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေခံခဲ့ရတယ်လို့ ဒါယိဗ်က ပြောပါတယ်။ သူမရဲ့ရွေးကောက်ပွဲကြွေးကြော်သံတွေကတော့ အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေး၊ အမျိုးသမီးလိင်အင်္ဂါလှီးဖြတ်ခြင်း (Female Genital Mutilation) ဆန့်ကျင်ရေး၊ နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းများနှင့် အဆက်အသွယ်ဖြတ်တောက်ပြီး ဆိုမာလီများကိုသတ်ဖြတ်နေခြင်းရပ်တန့်မည်ဆိုပါက အလ်-ရှာဘတ်အကြမ်းဖက်အဖွဲ့နှင့် စကားဝိုင်းဆွေးနွေးမှု ပြုလုပ်ရေးတို့ပါဝင်ပါတယ်။ ရွေးကောက်ပွဲဝင်ကတည်းက အနိုင်ရနိုင်ခြေမရှိကြောင်းကိုလည်း သူမက ယုံကြည်လက်ခံထားပြီးဖြစ်ပါတယ်။

အခုဆိုရင် ဒါယိဗ်မှာ သားသမီး လေးဦးရှိနေပါပြီ။ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ပေမယ့်လည်း ဆိုမာလီယာနိုင်ငံကောင်းကျိုးကောင်းရာကို ထမ်းပိုးသွားမယ်လို့ သူမကပြောထားပါတယ်။ ဖာဒူမို ကာစင်မ် ဒါယိဗ်ဟာ လက်ရှိနိုင်ရိုဘီမြို့မှာ မိသားစုနဲ့အတူနေထိုင်လျက်ရှိပါတယ်။

==============

7 MB သာရှိတဲ့ အောက်တိုဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၁) ကို အောက်ပါ Link နှစ်ခုထဲက တစ်ခုခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2yk9yzT

pCloud – http://bit.ly/2gTFG2h