နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်၏ စုံစမ်းစစ်ဆေးခြင်းကို ရင်ဆိုင်ရဖွယ်ရှိသည့် ရခိုင်ပြည်နယ်

ကဏ္ဍ – Politics
နိုင်ငံတကာလူသားချင်းစာနာသည့်ဥပဒေနှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို ချိုးဖောက်ပါက အခြေအနေကို အမြန်ဆုံးတုံ့ပြန်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် (Commissions of Inquiry- COI) နှင့် အချက်အလက်ရှာဖွေရေးမစ်ရှင် (Fact-finding Missions- FFM) အဖွဲ့များကို ကုလသမဂ္ဂမှ အာဏာအပ်နှင်းလေ့ရှိသည်။ ယင်းအဖွဲ့များကို ရေရှည်သို့မဟုတ် ရုတ်တရက်ဖြစ်သော လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေများ၊ ယင်းအခြေအနေဖြစ်အောင် ကျူးလွန်ခဲ့သူများကို အရေးယူနိုင်ရန်အထောက်အကူပြုခြင်းနှင့် ဒဏ်ခတ်မခံရဘဲ လွတ်မြောက်ခြင်းမဖြစ်အောင်ဆောင်ရွက်ခြင်းတို့အတွက် အဓိကတာဝန်ပေးသည်။
 
ယင်းနိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းများကို လုံခြုံရေးကောင်စီ (Security Council)၊ အထွေထွေညီလာခံ (General Assembly)၊ လူ့အခွင့်အရေးကောင်စီ (Human Rights Council)၊ လူ့အခွင့်အရေးကော်မရှင်၊ အထွေထွေအတွင်းရေးမှူးချုပ်နှင့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးတို့က အတည်ပြုဖွဲ့စည်းပေးသည်။
 
လွန်ခဲ့သည့်နှစ် (၂၀) ကျော်အတွင်း ကမ္ဘာအရပ်ရပ်၌ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာသည့် ဥပဒေများကို ချိုးဖောက်ခဲ့သော ဒေသများတွင် စုံစမ်းစစ်ဆေးရန်အတွက် COI နှင့် FFM အဖွဲ့ပေါင်းများစွာကို ဖွဲ့စည်းပေးခဲ့သည်။ ယင်းတို့အနက် ယခင်ယူဂိုဆလားဗီးယား၊ ဒါဖာဒေသ၊ တီမော-လက်စ်တီ၊ လက်ဘနွန်၊ ဂီနီယာတို့ပါဝင်ပြီး မကြာသေးသောနှစ်များအတွင်းက အိုင်ဗိုရီကို့စ်၊ လစ်ဗျား၊ သိမ်းပိုက်ခံပါလက်စတိုင်းနယ်မြေ၊ ဆီရီးယား၊ မြောက်ကိုရီးယား၊ သီရိလင်္ကာနှင့် ဗဟိုအာဖရိကပြည်ထောင်စု အစရှိသည်တို့ပါဝင်သည်။
 
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR) ကအဖွဲ့အစည်း၏ ပင်မတာဝန်အဖြစ် ဖွဲ့စည်းပေးလိုက်သော COIနှင့် FFM အဖွဲ့များကို လိုအပ်သည့် ပညာရှင်နှင့် အခြားထောက်ပံ့ခြင်းများအတွက် တာဝန်ယူရသည်။ OHCHR ၏ တာဝန်များတွင် လမ်းညွှန်ချက်များဖော်ထုတ်ခြင်း၊ စုံစမ်းစစ်ဆေးသည့်ဗျူဟာများအကြံပေးခြင်း၊ အသုံးဝင်မည့်နိုင်ငံတကာဥပဒေများ ချပြခြင်း၊ စုံစမ်းစစ်ဆေးကိရိယာများထောက်ပံ့ခြင်း၊ ပညာရှင်များခန့်ပေးခြင်း၊ အုပ်ချုပ်ရေးပိုင်းတွင် ၀င်ရောက်ကူညီခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် လုံခြုံရေးပိုင်းတွင် အင်အားဖြည့်ပေးခြင်းနှင့် လုပ်ငန်းရှာဖွေတွေ့ရှိချက်များကို ပြန်လည်သုံးသပ်ပေးခြင်းများ ပါဝင်သည်။
 
၁၉၉၂ ခုနှစ်ကတည်းက COI နှင့် FFM အဖွဲ့ပေါင်း ၅၀ နီးပါးကို OHCHR က ထောက်ပံ့ကူညီပေးခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မြောက်ကိုရီးယားနှင့် ဗဟိုအာဖရိကပြည်ထောင်စု နိုင်ငံများအတွက် လုံခြုံရေးကောင်စီက စုံစမ်းစစ်ရေးကော်မရှင် (COI) များဖွဲ့စည်းပေးခဲ့ရာ၌လည်း OHCHR က ကူညီခဲ့သည်။ ယင်းမတိုင်ခင်က ဗဟိုအာဖရိကပြည်ထောင်စုအတွက် အချက်အလက်ရှာဖွေရေးကော်မရှင် (FFM) ကို ဖွဲ့စည်းပေးခဲ့ရာတွင်လည်း OHCHR က ကူညီခဲ့သေးသည်။ ထို့အပြင် ဆီးရီးယား၊ အီရီထြီးယား၊ သီရိလင်္ကာနိုင်ငံများအတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) များ ဖွဲ့စည်းပေးရာ၌လည်း OHCHR က ကူညီခဲ့သည်။
 
ရခိုင်ပြည်နယ်အရေးနှင့် COI/FFM
 
လူ့အခွင့်အရေးချိုဖောက်မှုများရှိသည်ဆိုသည့် မြန်မာနိုင်ငံရခိုင်ပြည်နယ်ကို အချက်အလက်ရှာဖွေစုံစမ်းရန် နိုင်ငံတကာအဖွဲ့တစ်ဖွဲ့ စေလွှတ်ရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက မတ်လ ၂၄ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည့် သတင်းတစ်ရပ်ကို VOA မြန်မာပိုင်းတွင် ဖတ်ရှုရသည်။ ဥရောပသမဂ္ဂ (EU) ကမကထပြုလုပ်ကြောင်းနှင့် အမေရိကန်အပါအ၀င်နိုင်ငံတော်တော်များများ၏ ထောက်ခံမှုနှင့်အတူ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ လူ့အခွင့်အရေးကောင်စီ၌ အများသဘောဖြင့် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ ယင်းဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ကလည်း ကြိုဆိုခဲ့သည်။
 
လူ့အခွင့်အရေးကောင်စီ၏ဆုံးဖြတ်ချက်ကို မြန်မာအစိုးရဘက်မှ ချက်ချင်းကန့်ကွက်ခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးထင်လင်းက လက်တွေ့အခြေအနေများနှင့် ကိုက်ညီမှုမရှိဘဲ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် ဟု တုံ့ပြန်ခဲ့သည်။
 
လုံခြုံရေးကောင်စီဆုံးဖြတ်ခဲ့သည့် အချက်အလက်ရှာဖွေစုံစမ်းမည့်အဖွဲ့ဆိုသည်မှာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှစ် (United Nations fact-finding missions – FFM) ကို ဆိုလိုသည်။
 
ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှစ် (United Nations fact-finding missions – FFM)
 
ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှစ် (United Nations fact-finding missions – FFM) သည် အဖွဲ့နာမည်အတိုင်း အချက်အလက်များရှာဖွေစုဆောင်းရန် ကုလသမဂ္ဂက ဖွဲ့စည်းပေးထားခြင်းဖြစ်သည်။ ယင်းအဖွဲ့ကို မတည်ငြိမ်သည့်ဒေသများသို့စေလွှတ်လေ့ရှိသည်။ လွန်ခဲ့သည့်နှစ် (၅၀) အတွင်း လူ့အခွင့်အရေးချိုးဖောက်သည့် ဒေသများသို့ FFM အဖွဲ့ကို အလျဉ်းသင့်သလို စေလွှတ်ခဲ့သည်။
 
အချက်အလက်ရှာဖွေရေးဆိုရာ၌ ကန့်သတ်ဘောင်များရှိသည်။ မည်မျှ ကျယ်ကျယ်ပျံ့ပျံ့လုပ်ဆောင်မည်၊ မည်သည့်ဗျူဟာများ အသုံးပြုရမည်၊ မည်သည့်ကိရိယာများအသုံးပြုရမည်ဆိုသည်ကို အထွေထွေအတွင်းရေးမှူးချုပ်က ကန့်သတ်ပေးလေ့ရှိသည်။
 
မူကြမ်းကြေညာချက်ကို ကုလသမဂ္ဂအထူးကော်မတီက နယူးယောက်မြို့တွင် ၁၉၉၁ခုနှစ် ဖေဖော်ဝါရီ ၄-၂၂ ရက်ထိ သုံးပတ်ကြာ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် မဲခွဲဆုံးဖြတ်ခြင်းမလုပ်ဘဲ ကြေညာခဲ့သည်။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့၌ ကျင်းပသည့် အထွေထွေညီလာခံတွင် မူကြမ်းကို ၄၆/၅၉ “နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍအတွက် ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေးဆိုင်ရာ ကြေညာချက်” အဖြစ်သတ်မှတ်ကာ အတည်ပြုခဲ့သည်။
 
ယင်းကြေညာချက်အရ အချက်အလက်ရှာဖွေရေးမစ်ရှင်သည်သည် အချက်အလက်ရှာဖွေရေးတစ်ခုထဲအတွက်မဟုတ်ဘဲ အချိန်မရွေးပေါက်ကွဲနိုင်သည့် အခြေအနေများကိုလည်း အချက်ပြဖော်ထုတ်ပေးသည်။ ကြေညာချက်ထဲတွင် အချက်အလက်ရှာဖွေခြင်းသည် “ပြည့်စုံကျယ်ပျံ့ရမည်၊ ဓမ္မဓိဋ္ဌာန်ကျပြီး မျှတရမည်၊ မျက်နှာမလိုက်ဘဲ သမာသမတ်ကျရမည်” ဟု ဖော်ပြထားသည်။ အငြင်းပွားမှုများမပေါ်ပေါက်စေရန် အစောပိုင်းအချက်အလက်စုစဉ်ကတည်းက ထိုသို့ကျင့်သုံးရမည်ဟု ဆိုသည်။
 
FFM ကို လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနှင့် အထွေထွေအတွင်းရေးမှူးချုပ်တို့က တာဝန်ယူပြီး သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းကာ တာဝန်ပေးသည်။ FFM ဖွဲ့စည်းခြင်းကို သက်ဆိုင်ရာနိုင်ငံအနေဖြင့် လက်သင့်ခံပြီး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပြောဆိုမည်ဖြစ်ပြီး ငြင်းဆိုပါက ဖြေရှင်းချက်ပေးရန်လိုအပ်ပေလိမ့်မည်။
(စတီဗင်ရေးသည်)
 
ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oR54rj
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1