မိုရိုလူမျိုးစု (Moro People)

ကဏ္ဍ – Ethnic Groups

                        မိုရိုလူမျိုးများသည် ဖိလစ်ပိုင်နိုင်ငံတွင် အများစုနေထိုင်ကြပြီး နိုင်ငံ၏ ကသ်သိုလစ်ဘာသာဝင်မဟုတ်သော အကြီးဆုံးလူမျိုးနွယ်အုပ်စုလည်းဖြစ်သည်။ မိုရိုများကို ဘန်ဆာမိုရို (Bangsamoro) ဟုလည်း ခေါ်သည်။ လူဦးရေ စုစုပေါင်း ၅.၁ သန်းရှိပြီး ၂၀၀၇ သန်းခေါင်စာရင်းအရ ဖိလစ်ပိုင်နိုင်ငံ လူဦးရေ၏ ၅.၁ % ရှိသည်။ အများစုမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ပြီး ၎င်းတို့ကို မိုရိုဟုခေါ်ဆိုကြပြီး ရှာဖေအီမဇ်ဟဗ်ဝင်များဖြစ်ကြသည်။

မိုရိုလူမျိုး အများစုသည် မင်းဒနောင်း (Midanao)၊ ဆူလူး (Sulu) နှင့် ပါရာဝန် (Parawan) ဒေသများတွင် နေထိုင်ကြသည်။ သို့သော် ဖိလစ်ပိုင်-ဘန်ဆာမိုရို စစ်ပွဲကြောင့် အခုအချိန်မှာတော့ မိုရိုများကို ဖိလစ်ပိုင်မြို့ကြီးများဖြစ်သည့် မနီလာ ၊ စီဘူ နှင့် ဒီဘောင်းမြို့များတွင်ပါတွေ့နိုင်သည်။ မိုရိုလူမျိုးအများစုသည် ဖိလစ်ပိုင်နိုင် မင်းဒနောင်းတွင်အခြေချနေထိုင်ကြသည်သည်။

ဘန်ဆာမိုရိုဆိုသည့် စကားလုံးသည် မူလ မလေးစကားလုံးဖြစ်သည်။ ဘန်ဆာဆိုသည်မှာ လူမျိုးကိုခေါ်ဆိုပြီး မိုရိုဆိုသည်မှာ အမျိုးအမည်ဖြစ်သည်။ ယခုမူ ဖိလစ်ပိုင်နိုင်ငံတွင် ဘန်ဆာမိုရိုဆိုသည်နှင့် မိုရိုလူမျိုးများနှင့် ၎င်းတို့၏ နေထိုင်ရာအရပ်ကိုပါတွဲပြီးခေါ်ဆိုခြင်းဖြစ်သည်။ ဘန်ဆာမိုရိုကို အစ္စလာမ္မစ်ပြည်နယ်ဟုလည်း ရှုမြင်ကြသည်။

မိုရိုဟူသည့် စကားလုံးမှာ  ၁၆ရာစုမတိုင်ခင် စပိန်ကိုလိုနီများက မူးရ် (Moor) ဟုခေါ်သော မွတ်စလင်အုပ်စုတစ်စုကို ရည်ညွှန်းခေါ်ဆိုခြင်းဖြစ်သည်။ မူးရ်တို့သည် ရှေးဟောင်းရိုမန်အင်ပါယာပိုင်နက်ဖြစ်သော အာဖရိကအနောက်မြောက်ခြမ်းမှ မော်ရီတားနီးယား၊ အလ်ဂျီးရီးယားနှင့် မော်ရိုကိုနိုင်ငံများတွင်နေထိုင်သည်။ စပိန်အာဏာပိုင်များ ဖိလစ်ပိုင်သို့ရောက်သော်အခါ အထက်ပါ မိုရိုများကဲ့သို့ မိမိတို့အား ခုခံသည့် လူမျိုးတစ်ခုတွေ့ရှိပြီး မိုရိုများဟူခေါ်ရာမှာ ဖိလစ်ပိုင်နိုင်ငံတွင် မိုရိုလူမျိုးဟူ၍ဖြစ်လာသည်။ ယခုမှု ဖိလစ်ပိုင်းအစိုးရကိုယ်တိုင်မှာ မိုရိုလူမျိုးများကို ဌာနေတိုင်းရင်းသားများအဖြစ်သတ်မှတ်ထားသည်။

ယဉ်ကျေးမှု

မိုရိုလူမျိုးများအပေါ်မလေးယဉ်ကျေးမှုလွှမ်းမိုးသည်။ ၎င်းတို့သည် မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ စင်ကာပူနှင့် ထိုင်းတောင်ပိုင်းတို့တွင်နေထိုင်ကြသော မလေးလူမျိုးများနှင့် နေရာဒေသကွာဝေးလင့်ကစား ဆင်တူမှုများရှိနေသည်။ မိုရိုလူမျိုးများသည်

မိုရိုယဉ်ကျေးမှုအပေါ် အစ္စလာ့မ်ယဉ်ကျေးမှုထုံးတမ်းစဉ်လာများကတော့ အလွှမ်းမိုးဆုံးဖြစသ်ည်။ ဗလီငယ်လေးများမှသည် ဗလီကြီးမြောက်မြားစွာကို ဒေသတစ်ခွင်တွင် တွေ့မြင်နိုင်သည်။ အစ္စလာမ်ဘာသာဝင်များဖြစ်သည့်အားလျော်စွာ အရက်သေစာသောက်စားခြင်း၊ ဝက်သားနှင့် ဆက်စပ်စားသောက်ကုန်များ စားသောက်သုံးစွဲခြင်းများကို ရှောင်ကြသည်။

မိုရိုအမျိုးသမီးများသည် မလေး၊ အင်ဒို၊ ဘရူနိုင်း၊ စင်ကာပူနှင့် ထိုင်းတောင်ပိုင်းကဲ့သို့ပင် တူဒေါင်ဟုခေါ်သည့် ခေါင်းပေါင်းကိုဝတ်ဆင်ကြပြီး ကိုယ်ခန္ဓာကို လုံခြုံစွာဖုံးထားလေ့ရှိသည်။ အမျိုးသားများ၊ အထူးသဖြင့် လူကြီးပိုင်းများသည် ဆွန်ကုတ်ဟုခေါ်သည့် ဦးထုပ်သော်လည်းကောင်း တကီယာဟ်ဟုခေါ်သည့် အဖြူရောင်ခေါင်းစည်းသော်လည်းကောင်း ဝတ်ဆင်တတ်ကြသည်။

အထက်တွင်ဆိုခဲ့သလို မိုရိုလူမျိုးများသည် မလေးလူမျိုးများနှင့် လွန်စွာဆင်တူကြသော်လည်း မတူညီသည့်အချက်မှာ မိုရိုတို့သည် မိမိတို့အုပ်စုအချင်းချင်းကြားမှာပင် စည်းလုံမှုနှင့် သွေးစည်းညီညွတ်မှုမရှိကြချေ။ မတူညီသည့် မိုရိုအသိုင်းအဝိုင်းများအကြား ရာထူးအာဏာ၊ ဓနဥစ္စာများအပြင် မဆိုစလောက်ကွဲပြားသော မျိုးရိုး၊ ရိုးရာဓလေ့၊ ထုံးတမ်းစဉ်လာများကိုပါ အားပြိုင်ကြသေး၏။

မိုရိုတို့၏ ဂီတမှာ ကူလင်တန်ဖြစ်ပြီး ဂေါင်ဟူသော ကိရိယာဖြင့် တီးခတ်ရသည်။ ဂေါင်သည် ဗုံနှင့်သဏ္ဌာန်ဆင်ပြီး ဖိလစ်ပိုင်တောင်ပိုင်းတွေတွေ့ရသော ကြေးနီ သို့မဟုတ် ကြေးဝါဖြင့် ပြုလုပ်ထားခြင်းဖြစသ်ည်။

ဘာသာစကားနှင့် ပညာရေး

ဌာနေတိုင်းရင်းသားမိုရိုတို့သည် သြစထြိုနီးရှန်း (Austronesian) ဘာသာစကားအုပ်စုကြီးမှ ဆင်းသက်လာသော အမျိုးမျိုးသော မျိုးကွဲဘာသာစကားများကို ပြောဆိုကြသည်။ မင်းဒနောင်းသားများသည် မာဂွင်ဒနောင်း (Maguindanaon)၊ တောင်ဆွပ် (Tausūg) နှင့် မာရာနောင်း (Maranao) စကားများပြောကြသည်။ မင်းဒနောင်းနှင့် ဆူလူးဒေသများတွင် တဂါလော့ (Tagalog) စကားကိုလည်းပြောကြသည်။ အာရဗီနှင့် မလေးစကားပြောသည့် အုပ်စုငယ်များလည်းရှိသည်။

မိုရိုအများစုသည် ပညာတတ်များဖြစ်ကြသည်။ အများစုမှာ ခေတ်ပညာတတ်များဖြစ်ကြပြီး တချို့မှာ အစ္စလာမ္မစ်ပညာရေးကို သင်ယူကြသည်။ အစ္စလာမ္မစ်ပညာရေးကို မာရာဝီမြို့ရှိ ဂျာမေယာသွလ် မင်းဒနောင်း အလ်-အစ္စလာမီ (Jamiatul Mindanao Al-Islamie) တွင် တက်ရောက်ကြသလို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အလ်-အဇ်ဟာရ်တက္ကသိုလ်နှင့် ဆော်ဒီအာရေးဗျနိုင်ငံ မဒီနာ အစ္စလာမ္မစ်တက္ကသိုလ်များအထိ သွားရောက်ပညာသင်ယူကြသူများလည်းရှိသည်။ တက္ကသိုလ်ပညာရေးကို ဖိလစ်ပိုင်နိုင်ငံ၏ ဒုတိယအကြီးဆုံး မင်ဒနောင်းပြည်နယ်တက္ကသိုလ်တွင် ဆည်းပူးကြသည်။ ယင်းတက္ကသိုလ်လက်အောက်တွင် ဘုရင်ဖိုင်ဇယ်လ် အစ္စလာမ္မစ်ပညာရေးဌာနလည်းရှိသည်။

သမိုင်းနှင့် ဘာသာရေး 

၁၃ ရာစုအစောပိုင်းတွင် ဘာသာရေးပညာရှင် မဒ်ဒူးမ်ကရီးမ်အပါအဝင် အစ္စလာမ်သာသနာဘက်သို့ ဖိတ်ခေါ်သည့် ပါရှန်းပင်လယ်ကွေ့မှ မွတ်စလင်များ တာဝီတာဝီကျွန်းသို့ရောက်လာခဲ့ကာ ဒေသခံများအား အစ္စလာမ်နှင့် မိတ်ဆက်ပေးခဲ့သည်။ ဘရူနိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား စူလတန်နိုင်ငံများနှင့် ကုန်သွယ်ရေး ကူးလူးဆက်ဆံမှုများ ရှိသောကြောင့်လည်း ဖိလစ်ပိုင်တောင်ပိုင်းတွင် အစ္စလာမ်သာသနာကို အုတ်မြစ်ချရန် အထောက်အကူဖြစ်စေခဲ့သည်။ အစ္စလာမ်အားကောင်းလာသည်နှင့်အမျှ ၁၄၅၇ တွင် စူလတန်နိုင်ငံများထူထောင်လာကြသည်။ ယင်းတို့အနက် ဗျာယန် စူလတန်နိုင်ငံ၊ မင်းဂွင်းဒနောင်းစူလတန်နိုင်ငံနှင့် ဆူလူးစူလတန်နိုင်ငံတို့လည်းအပါအဝင်ဖြစ်သည်။ တရုတ်မွတ်စလင်များ၊ ပါရှန်းများနှင့် အာရပ်ကုန်သည်များက ဆူလူနှင့် အခြားသော စူလတန်နိုင်ငံများကို အစ္စလာမ်သာသနာနှင့် မိတ်ဆက်ပေးခဲ့သည်။

၁၅၂၁ ခုနှစ်တွင် စပိန်ကိုလိုနီများ ဖိလစ်ပိုင်သို့ ဝင်ရောက်လာပြီး ၁၅၆၅ ခုနှစ်တွင် စပိန်အင်ပါယာ လက်အောက်သို့ ကျရောက်ခဲ့သည်။ သို့ရာတွင် စူလတန်နိုင်ငံများ၏ ခုခံမှုကြောင့် ထင်သလောက်ခရီးမပေါက်ခဲ့ပေ။ မိုရိုတို့သည် စူလတန်နိုင်ငံများ၏လွတ်လပ်ရေးကို ထိန်းသိမ်းထားနိုင်ခဲ့ရုံမျှ အစ္စလာမ္မစ်ယဉ်ကျေးမှုများကိုပါ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆော်ငနိုင်ခဲ့သည်။ အခြား မွတ်စလင်မဟုတ်သော ဖိလစ်ပိုင်လူမျိုးစုများမှာ စပိန်ကိုလိုနီများပြုသမျှ နုခဲ့ရပြီး ကက်သလစ်ဘာသာသို့ ကူးပြောင်းသွားကြသည်။ မိုရိုတို့အား ဖြိုခွင်းလိုသော စပိန်ကိုလိုနီများသည် ခရစ်ယာန်အသစ်များနှင့် မွတ်စလင်တို့အကြား ဘာသာရေးပဋိပက္ခများဖြစ်အောင် ဖန်တီးခဲ့ကြသည်။

ထို့အပြင် စပိန်ကိုလိုနီတို့သည့် ကက်သလစ်ဘာသာမကိုးကွယ်ဘဲ မနေရ ဥပဒေတစ်ရပ်ပြဋ္ဌာန်းလာကြကာ မိုရိုလူမျိုး ဂျူးနှင့် မွတ်စလင်တို့အား အဓမ္မဖိအားပေးခဲ့သည်။ ရိုမန်ကက်သလစ်ဘာသာသို့ မကူးပြောင်းပါက နိုင်ငံအတွင်းမှထွက်ခွာရန် သို့မဟုတ် သေဒဏ်ကျခံရန် အမိန့်ပညတ်ခဲ့သည်။ စပိန်ကိုလိုနီများသည် ၎င်းတို့ကျူးကျော်သိမ်းပိုက်ထားသော နယ်မြေများတွင် အစ္စလာမ်သာသနာကိုဖိနှိပ်ခဲ့ကြပြီး အင်အားသုံးအုပ်ချုပ်ခဲ့သည်။ စပိန်တို့၏ နိုင်ထက်စီးနင်းမှုကို မိုရိုတို့က စိန်ခေါ်ခဲ့ပြီး ကမ်းရိုးတမ်းတစ်လျှောက်ရှိ ကက်သလစ်ကင်းမျှော်စင်များအား ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ဒါတူ ဘန်တီလန်လက်ထက် ၁၇၅၄ ခုနှစ် အတွင်းမိုရိုတော်လှန်ရေး အရှိန်အမြင့်ဆုံးရောက်ခဲ့သည်။

စပိန်-မိုရိုစစ်ပွဲသည် ကက်စတီးစစ်ပွဲ (Castille War) ဟုခေါ်သည့် စပိန်-ဘရူနိုင်းစစ်ပွဲကာလ ၁၅၇၈ ခုနှစ်တွင် အစပြုခဲ့သည်။ ယင်းစစ်ပွဲသည် နှစ်လတာကြာမြင့်ခဲ့သည်။ စပိန်တို့သည် ခေတ်မီ ရေနွေးငွေ့စွမ်းအင်သုံး ရေတပ်သင်္ဘောများဖြင့် မိုရိုရေတပ်အားချေမှုန်းခဲ့သည်။ ရေပြင်တိုက်ပွဲကို ဆယ်စုနှစ် နှစ်စုကြာအောင် တိုက်ခိုက်ပြီးချိန်မှ မင်းဒနောင်းဒေသတွင် စပိန်တို့၏ အုပ်ချုပ်မှုအာဏာကျယ်ကျယ်ပျံ့ပျံ့သက်ရောက်ခဲ့သည်။ လက်ကျန် ဆူလူးစူလတန်နိုင်ငံသည်လည်း စပိန်တို့၏ မြေပြင်၊ ရေပြင် အင်အားသုံးတိုက်ခိုက်မှုကို ကြံ့ကြံ့မခံနိုင်တော့ဘဲ များမကြာမီ ကျသွားခဲ့သည်။

၁၉ ရာစု ဆူလူးစူလတန်နိုင်ငံတွင် မိုရိုတို့သည် စပိန်တို့အား ခံတပ်နှင့် ကင်းများဆောက်လုပ်ခွင့် ကြည်ကြည်ဖြူဖြူပေးခဲ့သော်လည်း စပိန်တို့၏ အချုပ်အခြာအာဏာမှာ ယင်းအဆောက်အဦများအပြင်သို့ ခပ်ယဲ့ယဲ့သာ သက်ရောက်ခဲ့သည်။ စပိန်-အမေရိကန်တိုက်ပွဲအတွင်း စပိန်များအရေးနိမ့်ခဲ့ပြီးနောက် ဒေသကိုစွန့်ခွာရန်အကြောင်းဖန်လာခဲ့သည်။  ၁၈၇၆ ခုနှစ်တွင် စပိန်တို့၏ နောက်ဆုံးကြိုးစားအားထုတ်မှုအဖြစ် ဂျိုလိုဒေသကို သိမ်းပိုက်ပြီး တောင်ပိုင်းကျွန်းစုများကို အုပ်ချုပ်ရန်အစိုးရတစ်ရပ် ဖွဲ့စည်းခဲ့သည်။

၁၈၈၀ ပြည့်နှစ်များအတွင်း မင်းဒနောင်းတွင် တရုတ်လူမျိုး ၁၀၀၀ သာရှိခဲ့သည်။ တရုတ်တို့၏ စီးပွားရေးများ စပိန်စစ်တပ်ကို ရှောင်ကွင်းကာ မိုရိုတို့အား လက်နက်မှောင်ခိုတင်သွင်း ရောင်းချရေးဖြစ်သည်။ မိုရိုတို့သည် ယင်းလက်နက်များဝယ်ယူခဲ့ပြီးတော်လှန်ရေးလုပ်ခဲ့ကြသည်။

စပိန်-အမေရိကန်စစ်ပွဲအပြီးတွင် စပိန်တို့အရေးနိမ့်ခဲ့သောကြောင့် မင်းဒနောင်းစူလတန်နိုင်ငံနှင့် ဆူလူးစူလတန်နိုင်ငံကိုအား ပိုင်ဆိုင်ကြောင်း အမေရိကန်က အရေးဆိုခဲ့သည်။ ထို့နောက် ပါရီသဘောတူညီမှုစာချုပ်အရ ဖိလစ်ပိုင်ကျွန်းစုကြီးအားလုံးရှိ စပိန်ပိုင်နက်များကို အမေရိကန်တို့က ပိုင်ဆိုင်ခွင့်ရကာ စစ်ပွဲကို အဆုံးသတ်လိုက်ကြသည်။ သို့ရာတွင် စပိန်တို့အား အောင်မြင်စွာခုခံနိုင်ခဲ့သော မိုရိုလူမျိုးစုသည် မိမိတို့၏ ဘိုးဘွားပိုင်မြေကို အမေရိကန်လက်ထဲ ထည့်ရန် ငြင်းဆိုခဲ့ပြန်သည်။

ဒုတိယကမ္ဘာစစ်ကာလတွင်လည်း မင်းဒနောင်းနှင့် ဆူလူးဒေသများကို သိမ်းပိုက်ခဲ့သော ဂျပန်စစ်တပ်အား တိုက်ခိုက်ပြီး အောင်မြင်စွာမောင်းထုတ်နိုင်ခဲ့ပြန်သည်။ ထိုမျှသာမက၊ ဆွေးမျိုးများ၏ တော်လှန်ရေးအား အချင်းချင်း ရိုင်းပင်း ကူညီသည်ဟုဆိုကာ ဘော်နီယိုကျွန်းမြောက်ပိုင်းတွင် တပ်စွဲထားသော ဂျပန်များကိုလည်း တိုက်ထုတ်နိုင်ခဲ့ပြန်သည်။ တော်လှန်ရေးတွင် ပေးဆပ်ခဲ့ရသည်မှာ မနည်းလှပေ။ အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီး ပေါင်းများစွာ အစုလိုက်အပြုံလိုက်အသတ်ဖြတ်ခံခဲ့ရရှာသည်။ ဖိလစ်ပိုင်တရုတ်များလည်း မလွတ်ခဲ့ရှာပါ။

ခေတ်သစ်ဖိလစ်ပိုင်နှင့် မိုရိုများ

၁၉၄၆ ခုနှစ် ဇူလိုင်လ ၄ ရက်တွင် အမေရိကန်ပြည်ထောင်စုထံမှ လွတ်လပ်ရေးရပြီးနောက် မိုရိုလူမျိုးစုသည် တခြားသောလူမျိုးစုများ၊ ခေတ်ရေစီးကြောင်းများနှင့် ဝေးကွာသွားခဲ့သည်။ ဖိလစ်ပိုင်အစိုးရ၏ ခွဲခြားဆက်ဆံမှုများကိုလည်း ခံခဲ့ရသောကြောင့် အစိုးရကို ယခင်စပိန်စစ်သားများအား ရှုမြင်သကဲ့သို့ ရန်သူအဖြစ် ရှုမြင်ကြသည်။ အစိုးရသည် ၎င်းတို့၏ မင်းဒနောင်းရှိ ဘိုးဘွားပိုင်မြေများအပေါ် တခြားလူမျိုးစုများကို ပြောင်းရွှေ့အခြေချစေခြင်း၊ ယင်းအခြေချသူများကို ပြည်သူ့စစ်အသွင်ဖွဲ့စည်းကာ လက်နက်တပ်ဆင်ပေးခြင်း၊ မမျှတသည့် မြေယာဥပဒေများပြဋ္ဌာန်းခြင်းနှင့် ဖိလစ်ပိုင်ဇာတ်သွင်းခြင်း (Filipinisation) များကြောင့် လက်နက်ကိုင်လှုပ်ရှားမှုများ အလျှိုလျှိုပေါ်ပေါက်လာခဲ့သည်။ စပိန်ကိုလိုနီခေတ်မှစကာ အမေရိကန်နှင့် ဂျပန်ကျူးကျော်မှုသာမက ယခုဖိလစ်ပိုင်အစိုးရလက်ထက်ထိအောင် မိုရိုတို့ တော်လှန်ရေးလုပ်နေရသည်ဟုပင် ဆိုနိုင်သည်။

ခေတ်သစ် မိုရိုပဋိပက္ခသည် ၁၉၆၀ ပြည့်လွန်နှစ်များတွင် အစပြုခဲ့သည်။ ထိုကာလအတွင်း ဖိလစ်ပိုင်အစိုးရသည် ခေတ်သစ်နိုင်ငံတစ်နိုင်ငံကို ခရစ်ယာန်နှင့် မိုရိုတို့အား ပေါင်းစပ်ရောနှောကာ ထူထောင်မည်ဆိုသည့် အတွေးအခေါ်ကို ကိုင်စွဲခဲ့သည်။ ယင်းအမြင်ကို နှစ်အုပ်စုလုံးက ငြင်းဆိုခဲ့ကြသည်။ ခရစ်ယာန်တို့ဘက်ကလည်း မိုရိုတို့သည် မည်မျှရဲရင့်ပြီး လက်ရဲဇက်ရဲနိုင်ကြောင်း ပြန်ပြောင်းပြောပြချက်များကို စပိန်တို့မှ ကြားသိထားရသည်။ မိုရိုများကလည်း ၎င်းတို့နှစ်ပေါင်း ၃၀၀ ကြအောင် မုန်းတီးခဲ့ရသော စပိန်များကို ခရစ်ယာန်များက အကူအညီအထောက်ပံ့ပေးခဲ့သည်ကို အညှိုးအတေးထားကြသည်။ ထို့အြေုကာင့်အစိုးရအနေဖြင့် မိုရိုတို့နှင့်ဆက်ဆံရေးအတွက် သီးသန့်ဌာနများဖွင့်လှစ်ရန်အကြောင်းဖန်လာခဲ့သည်။

သို့နှင့် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်းပင် Commission for National Integration (CNI) အမျိုးသားပေါင်းစည်းရေးကော်မရှင်ကို ထူထောင်ခဲ့သည်။ ထို့နောက် မွတ်စလင်ရေးနှင့် ယဉ်ကျေးမှုအသိုင်းအဝိုင်းရုံး Office of Muslim Affairs, and Cultural Communities (OMACC) [နောက်ပိုင်းတွင် OMA ဟု ပြောင်းလဲ] ကို ထူထောင်ခဲ့သည်။ သို့ရာတွင် အဆိုပါ အဖွဲ့အစည်းနှစ်ခုအပေါ် မိုရိုတို့က အယုံအကြည်မရှိပေ။ အဘယ်ကြောင့်ဆိုသော ဟိုးပဝေသနီကတည်းက မိုရိုတို့ကျင့်သုံးလာခဲ့သော မိန်းမတစ်ဦးထက်ပိုယူခြင်းနှင့် ကွာရှင်းပြတ်စဲခြင်း ဆိုင်ရာ အစ္စလာမ့်ဥပဒေများကို အစိုးရက ပိတ်ပင်လိုက်ခြင်းကြောင့်ဖြစ်သည်။

၁၉၇၇ ခုနှစ်တွင် ပြဋ္ဌာန်းလိုက်သော ဓလေ့ထုံးတမ်းနှင့် အမျိုးသားဥပဒေတို့သည် တစ်ဆင့်တိုးခွဲခြားလိုက်သလို ဖြစ်ခဲ့သောကြောင့် မိုရိုတို့၏ သည်းခံနိုင်စွမ်း ဆုံးခန်းတိုင်သွားသည်။ ထို့နောက်တွင် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေသည့် ဖိလစ်ပိုင်အစိုးရပေါ်လစီများကို ကျောခိုင်းကာ ပထမဆုံး ခွဲထွက်ရေးအုပ်စု MNLF ကို နူးရ် မီဆွာရီ (Nur Misuari) ဆိုသူက ဦးစီးတည်ထောင်လိုက်သည်။ ၁၉၈၁ ခုနှစ်တွင် MNLF အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများဖြစ်ကာ မိုရိုအစ္စလာမ္မစ်လွတ်မြောက်ရေးတပ်ဦး (Moro Islamic Liberation Front- MILF) အမည်ဖြင့် အဖွဲ့ခွဲထွက်ခဲ့သည်။

မိုရိုမွတ်စလင်များသည် နေ့စဉ်လူမှုဘဝတွင် ခွဲခြားဆက်ဆံခံနေရသည်။ ယခင်က ဂျပန်၊ အမေရိကန်နှင့် စပိန်တို့အား ခုခံတိုက်ထုတ်ခဲ့သော မိုရိုများသည် ယခုအခါ မိမိတို့၏ကိုယ်ပိုင်နိုင်ငံဖြစ်သော ဖိလစ်ပိုင်မှာ ခွဲထွက်ရန် တိုက်ပွဲဝင်နေရပြန်သည်။ ထို့နောက် အထက်တွင်ဆိုခဲ့သလို MNLF, MILF ကဲ့သို့သော ခွဲထွက်ရေး အုပ်စုများအပြင် အဗူဆေယက်ဖ် (Abu Sayyaf –ASG) နှင့် ဂျမားအစ္စလာမီးယား (Jemaah Islamiyah – JI) ကဲ့သို့သော အစွန်းရောက်အုပ်စုများ၊ ဘန်ဆာမိုရို အစ္စလာမ္မစ် လွတ်လပ်မြောက်ရေးတိုက်ပွဲဝင်တပ်သား (Bangsamoro Islamic Freedom Fighter – BIFF) အဖွဲ့ အစရှိသည်တို့ ပေါ်ပေါက်လာခဲ့သည်။ ယခုအခါ သူတို့ကိုယ်သူတို့ အစ္စလာမ္မစ်နိုင်ငံအဖွဲ့ (IS) ဟုခေါ်သည့် အစွန်းရောက်အဖွဲ့အား သစ္စာခံသည့် အဖွဲ့များပင်ပေါ်ပေါက်လာခဲ့ကာ ဖိလစ်ပိုင်စစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

(ရာဇာရေးသည်)

Ref: State and Society in the Philippines

The Case of Moro Identity

A Local Church Living for Dialogue: Identity of Moro People

Wikipedia.com

ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။
Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM