ဂျေရုစလင်ကို ဆုံးရှုံးရင် မဒီနာ၊ မက္ကာဟ်နဲ့ ကာအ်ဘာဟ်ကိုပါ ဆုံးရှုံးရလိမ့်မယ်လို့ အာဒိုဂန် သတိပေး

ဉာဏ်အလင်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ရေး ထောက်ခံခဲ့တဲ့အပေါ် တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်က မွတ်စလင်တွေကို အောက်ပါအတိုင်း သတိပေးစကားပြောကြားလိုက်ပါတယ်။

“ကျုပ်တို့ ဂျေရုစလင်ကို ဆုံးရှုံးလိုက်မယ်ဆိုရင် မဒီနာကိုလည်း ကာကွယ်နိုင်မှာမဟုတ်ဘူး။ မဒီနာကို ဆုံးရှုံးသွားရင် မက္ကာဟ်မြို့နဲ့ ကာအ်ဘာဟ်ဝတ်ကျောင်းတော်ကိုပါ လက်လွှတ်ဆုံးရှုံးသွားရလိမ့်မယ်” လို့ အာဒိုဂန်က အစ္စတန်ဘုလ်မြို့မှာပြောတဲ့ မိန့်ခွန်းတစ်ခုမှာ သတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဂျေရုစလင်အရေးသဘောထားနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်တုန့်ပြန်ဝေဖန်နေသူတွေထဲမှာ အာဒိုဂန်လည်းတစ်ဦးအပါအဝင်ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ခြေလှမ်းအပေါ် ဝေဖန်ရှုတ်ချခြင်းမရှိတဲ့ တခြားနိုင်ငံတွေကိုလည်း အပြစ်တင်ခဲ့ပြီး အားနည်းသူတွေလို့ သမုတ်လိုက်ပါတယ်။

လွန်ခဲ့တဲ့စနေနေ့ကလည်း ဒေါ်နယ်ထရမ့်ရဲ့ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးဖို့အတွက် ကုလလုံခြုံရေးကောင်စီကို အာဒိုဂန်က တိုက်တွန်းခဲ့ပါတယ်။ အကယ်လို့ လုံခြုံရေးကောင်စီအနေနဲ့ အမေရိကန်ရဲ့ အသိအမှတ်ပြုမှုကို မဖျက်သိမ်းနိုင်ခဲ့ဘူးဆိုရင် တူရကီအနေနဲ့ တရားဥပဒေအတွင်းကနေ အတတ်နိုင်ဆုံးရင်ဆိုင်တော်လှန်သွားမယ်လို့လည်း အာဒိုဂန်က ကတိပေးခဲ့ပါသေးတယ်။

“ကုလလုံခြုံရေးကောင်စီအနေနဲ့ အရေးယူဆောင်ရွက်ခြင်းမရှိဘူးဆိုရင် ကျုပ်တို့က တရားဥပဒေအတွင်းကနေ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကို ပြုလုပ်သွားမယ်။ တူရကီအနေနဲ့ အစ္စရေးက လိုချင်ရုံသက်သက်နဲ့တော့ ပါလက်စတိုင်း သို့မဟုတ် ဂျေရုစလင်ကို ကာကွယ်ဖို့ ရပ်တန့်ပေးလိုက်မှာမဟုတ်ဘူး။”

“လွန်ခဲ့တဲ့ ရာစုနှစ်တစ်စုအရင်ကလို အစ္စလာမ်ကမ္ဘာဟာ ညီအစ်ကိုအချင်းချင်းကြား သွေးတွေ၊ မျက်ရည်တွေနဲ့ အကျပ်အတည်းတွေကနေ ရုန်းထွက်ပြီး ဟန်ချက်ညီဖို့ ကြိုးစားနေရပါတယ်။ မွတ်စလင်တွေကို အတွင်းစည်းကနေ ချည့်နဲ့အောင် ရိုက်ချိုးနေတဲ့ တိုက်ခိုက်မှုတွေအတွက် ပြင်ဆင်ထားကြပါ” လို့လည်း အာဒိုဂန်က တိုက်တွန်းပြောဆိုသွားပါတယ်။

================

7 MB သာရှိတဲ့ အောက်တိုဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၁) ကို အောက်ပါ Link နှစ်ခုထဲက တစ်ခုခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2yk9yzT
pCloud – http://bit.ly/2gTFG2h