ဆော်ဒီ၊ ဘာရိန်း၊ အီဂျစ်နှင့် ယူအေအီးနိုင်ငံတို့က ကာတာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်

ဆော်ဒီအာရေးဗျ၊ ဘာရိန်း၊ အီဂျစ်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံတို့သည် ယနေ့တနင်္လာနေ့အစောပိုင်းတွင် ကာတာနိုင်ငံနှင့် သံတမန်အဆက်အသွယ်များဖြတ်တောက်လိုက်ကြောင်း ဆော်ဒီသတင်းဌာန Arab News က ဖော်ပြခဲ့သည်။ ဒိုဟာသည် အစွန်းရောက်အဖွဲ့အစည်းများအား ထောက်ခံအားပေးသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ယင်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင်ဖော်ပြထားသည်။
 
နိုင်ငံအသီးသီးရှိ ကာတာသံတမန်ဝန်ထမ်းများအား ပြည်တော်ပြန်ခိုင်းမည်ဖြစ်သလို ရေကြောင်းနှင့် လေကြောင်းဆက်သွယ်ရေးကိုလည်း ဖြတ်တောက်သွားမည်ဟု အဆိုပါမဟာမိတ်လေးနိုင်ငံက ကြေညာခဲ့သည်။
 
ကာတာသည် “ဆော်ဒီအာရေးဗျနိုင်ငံ ကာတိဖ်ခရိုင်နှင့် ဘာရိန်းနိုင်ငံတို့တွင် အကြမ်းဖက်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့ပေးခြင်း၊ နိုင်ငံအတွင်း အစွန်းရောက်များအားခိုလှုံခွင့်ပေးကာ ပြည်တွင်းပြည်ပ တည်ငြိမ်အေးချမ်းရေးကို ဖျက်လိုဖျက်စီးလုပ်ရန်ကြံစည်ခြင်း” များ လုပ်ဆောင်သည်ဟု ရိယာဒ်က စွပ်စွဲခဲ့သည်။
 
ကာတာသည် မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့နှင့် ဒါအိရှ်ဟုခေါ်တွင်သည့် ISIS အစွန်းရောက်အဖွဲ့များအား ထောက်ခံကူညီခဲ့သည်ဟု ဆော်ဒီအစိုးရက အတိအကျစွပ်စွဲခဲ့သည်။
 
ဘာရိန်းအစိုးရက ကာတာသည် “မီဒီယာသွေးထိုးလှုံဆော်ခြင်း၊ ဘာရိန်းနိုင်ငံတစ်ဝန်းဆူပူအုံကြွမှုများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်စေရန် အီရန်ကျောထောက်နောက်ခံအုပ်စုများကို ငွေကြေးထောက်ပံ့ပေးခြင်း” များလုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ အီဂျစ်နိုင်ငံကလည်း နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်ဖြင့် လေကြောင်းနှင့် ရေကြောင်းဆက်သွယ်မှုကို ပိတ်ပင်ကာ ကာတာနိုင်ငံနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအားလုံးကို ဖြတ်တောက်လိုက်ပြီကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ကြေညာလိုက်သည်။
 
အာရပ်စော်ဘွားများပြည်ထောင်စုကလည်း ၎င်း၏ ပင်လယ်ကွေ့ အိမ်နီးချင်းနိုင်ငံဖြစ်သော ကာတာသည် အကြမ်းဖက်မှုကိုအားပေးထောက်ခံကာ ဒေသအတွင်းမတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်နေသည်ဟု နိုင်ငံပိုင်သတင်းဌာန WAM က ဖော်ပြခဲ့သည်။
 
ကာတာသံဝန်ထမ်းများကို ၄၈ နာရီအတွင်း မိမိတို့နိုင်ငံထဲမှာထွက်ခွာရန် အဆိုပါ မဟာမိတ် အင်းမရိတ်လေးနိုင်ငံက ညွှန်ကြားထားသည်။ ကာတာတာဝန်ရှိသူများကမူ ယခုအချိန်ထိ တစ်စုံတစ်ရာ မှတ်ချက်ပေးတုံ့ပြန်ခြင်း မပြုလုပ်သေးပေ။
 
အဗူဒါဘီအခြေစိုက် Etihad လေကြောင်းလိုင်းကလည်း ကာတာသို့ပြန်သန်းမည့် မိမိတို့ခရီးစဉ်အားလုံးကို ဖျက်သိမ်းကြောင်းကြေညာလိုက်သည်။

ဆော်ဒီဘုရင် ဆလ်မန်း (အလယ်လူ) နှင့် ကာတာအမိရ် သမီးမ်ဘင်န် ဟမဒ် အလ်-ထာနီ တို့ကို ၂၀၁၅ နိုဝင်ဘာ ၁၀ ရက်က ဆော်ဒီနိုင်ငံရိယာဒ်မြို့၌အတူတွေ့ရစဉ်

 
Ref: Arab News

ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7