မွတ်စလင်တွေရဲ့ အီဒွလ်ဖိသိရ် (စမိုင်အစ်)

မွတ်စလင်တို့ အထွဋ်အမြတ်ထားရာ ရမဇာန်ဥပုသ်လကုန်ဆုံးပြီး ရှောင်ဝလ်လ ၁ရက်နေ့ မှာ ၀ါကျွတ်အီးဒ်ပွဲတော်နေ့ကျရောက်ပါတယ်။

ဒီနှစ်အတွက်ဆိုရင်တော့ အစ္စလာမ့် ဟစ်ဂျရီပြက္ခဒိန်အရ ၁၄၃၈ ခုနှစ် ရှောင်ဝလ်လ (၁) ရက်နေ့ဖြစ်မှာပါ။ ခရစ်နှစ်အရ မြန်မာနိုင်ငံမှာ ၂၅.၆.၂၀၁၇ ခုနှစ် ညနေ နေ၀င်ပြီးချိန်မှာ လမြင်/မမြင်ကို ကြည့်ရမှာဖြစ်ပါတယ်။ လမြင်ရင် ၂၆ ရက်နေ့ အီးဒ်ဖြစ်မှာပါ။ မမြင်ဘူးဆိုရင်တော့ ဥပုသ်တစ်ရက်ထပ်စောင့်ရပြီး ၂၇ ရက်နေ့မှာ အီးဒ်ဖြစ်ပါလိမ့်မယ်။

Photo – Yacoob Danka

အဲဒီအီးဒ်ပွဲတော်ကို ဘာသာခြားအများစုက “မုန့်အစ်” “စမိုင်အစ်” “အစ်ကလေး” လို့ အသိများကြပါတယ်။ အာရဗီလိုအသုံးအနှုံးကတော့ အီးဒွလ် ဖိသိရ် (Eid al-Fitr) ပါ။ ၀ါကျွတ်အီးဒ်ပွဲတော်နေ့လို့ ဗမာမှုပြုနိုင်ပါတယ်။ အီးဒ်နေ့မှာဝတ်ကောင်းစားလှတွေဝတ်ဆင်ကြဖို့အတွက် အီးဒ်မတိုင်ခင် ဥပုသ်လမှာတကည်းက ဥပုသ်ကြီးနဲ့ မမောနိုင်မပန်းနိုင် အ၀တ်စားထွက်ဝယ်တတ်ကြတာ မွတ်စလင်လူကြီးလူငယ်အများစုရဲ့ တက်ကြွမှုလို့ဆိုရပါမယ်။

(၁) ၀ါကျွတ်အီးဒ်ပွဲတော်နေ့ရောက်ရင်မွတ်စလင်တွေဘာလုပ်ကြလဲ?

အီးဒ်နေ့မနက်စောစောမှာ ပုံမှန်ဝတ်ပြုဆုတောင်းချိန် ငါးချိန်ထပ် တစ်ကြိမ်ပိုတဲ့ “အီးဒ်ဆွလားသ်”လို့ခေါ်တဲ့ အထူးဝတ်ပြုဆုတောင်းပွဲတစ်ခုရှိပါတယ်။ များသောအားဖြင့် မွတ်စလင်တွေအားလုံးဟာ “အီးဒ်ဂါ”လို့ခေါ်တဲ့ကွင်းပြင်တစ်ခုမှာ စုပေါင်းပြီး ၀တ်ပြုဆုတောင်းတတ်ကြပါတယ်။ ရန်ကုန်မြို့အလုံမြို့နယ်ထဲမှာ အီးဒ်ဂါကွင်းပြင်တစ်ခုရှိပါတယ်။ ဗလီနဲ့တွဲလျက်ပါ။ အမိုးပွင့်ကွင်းပြင်ဖြစ်တာကြောင့် အခုလိုမိုးတွင်းမှာသိပ်အဆင်မပြေတတ်ပါဘူး။ ရာသီဥတုအဆင်ပြေရင်လည်း သက်ဆိုင်ရာက ခွင့်ပြုချက်မရတဲ့နှစ်တွေမှာ အီးဒ်ဂါကို အသုံးပြုခွင့်မရကြပါဘူး။

အိန္ဒိယနိုင်ငံတစ်နေရာက အီးဒ်ဂါပုံဖြစ်ပါတယ်။

အီးဒ်ဆွလားသ်ဝတ်ပြုဖို့အတွက် မွတ်စလင်တွေဟာ မနက်စောစောကတည်းက ကောင်းပေ့ဆိုတဲ့အ၀တ်အစားတွေကိုဝတ်ဆင်ကြတယ်၊ အမွှေးနံ့သာတွေမွှေးကြိုင်နေအောင် သုတ်လိမ်းသွားတတ်ကြပါသေးတယ်။ အီးဒ်နေ့မနက်ဝတ်ပြုဆုတောင်းပွဲကိုလာကြတဲ့ မွတ်စလင်တွေရဲ့ ၀တ်စားဆင်ယင်မှုဖက်ရှင်အမျိုးမျိုးကတော့ တကယ်ကိုကြည့်လို့ကောင်းလှပါတယ်။ အရောင်အသွေးအစုံအလင်နဲ့ အာရပ်ရိုးရာ၊ အိန္ဒိယရိုးရာ၊ ပါကစ္စတန်ရိုးရာ၊ အနောက်တိုင်းရိုးရာ၊ မြန်မာ့ရိုးရာ အစရှိသဖြင့် ၀တ်စားဆင်ယင်မှုအစုံကို မြင်တွေ့ရနိုင်ပါတယ်။ အီးဒ်နေ့မနက်မှာ မွတ်စလင်အားလုံးက ပုံစံအမျိုးမျိုးနဲ့သစ်လွင်နေကြသလို မျက်နှာတွေကလည်း ကြည်နူးမှုနဲ့ ကြည်လင်နေတတ်ကြပါသေးတယ်။

အီးဒ်ဆွလားသ်အထူးဝတ်ပြုဆုတောင်းပွဲအပြီးမှာ ရှေ့ဆောင်ဗလီဆရာက “အီးဒ်ခွသ်ဘာ”လို့ခေါ်တဲ့ အထူးတရားဒေသနာမြွက်ကြားပါတယ်။ ဘာသာရေးကိစ္စတွေပြီးသွားပြီဆိုတာနဲ့ မွတ်စလင်တွေအားလုံး မတ်တပ်ထရပ်လိုက်ပြီး ကိုယ်နဲ့သိသူဖြစ်စေ မသိဖြစ်စေ အားလုံးအပြုံးကိုယ်စီနဲ့ လက်ဆွဲနှုတ်ဆက်ကြတယ်၊ ရင်ချင်းအပ်ပြီးနှုတ်ဆက်ကြပါတယ်။ နှုတ်ဆက်ရင်း “အီးဒ်မုဘာရက်” လို့ ပြောဆိုပြီး နှုတ်ခွန်းဆက်သကြပါတယ်။ အဓိပ္ပာယ်ကတော့ “အီးဒ်နေ့ကောင်းချီမင်္ဂလာ” ပါတဲ့။

Muslims hugging each other after Edd prayer in Yay way cemetery Yangon (Photo- Aung Naing Soe)

တချို့နေရာတွေမှာ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော အီးဒ်ဆွလာသ်ဝတ်ပြုကြသလို တချို့အဆင်မပြေပဲ အခက်အခဲတချို့ရှိတဲ့နေရာတွေမှာတော့ အမျိုးသားတွေပဲအီးဒ်ဆွလာသ်ဝတ်ပြုကြပါတယ်။

ဝတ်ပြုဆုတောင်းလို့လည်းပြီး၊ နှုတ်ခွန်းဆက်သလို့လည်းအပြီးမှာ ကိုယ့်အိမ်ကိုအသီးသီးပြန်ပြီး မိသားစုအချင်းချင်း အီးဒ်မုဘာရက်လုပ်ကြတယ်။ အထူးစီမံချက်ပြုတ်ထားတဲ့ စားကောင်းသောက်ဖွယ်တွေကို လက်ဆုံစားကြပါတယ်။ ပြီးရင်တော့ဆွေမျိုးသားချင်းတွေရဲ့အိမ်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေရဲ့အိမ်တွေကို အီးဒ်နှုတ်ခွန်းဆက်သဖို့အတွက် သွားရောက်တတ်ကြပါတယ်။ အိမ်တိုင်းအိမ်တိုင်းကလည်းလာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို မုန့်မျိုးစုံနဲ့ဧည့်ခံတတ်ကြပါတယ်။ အဝေးရောက်မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေနဲ့ အပေါင်းအသင်းမိတ်ဆွေတွေကိုလည်း အမျိုးမျိုးဆက်သွယ်ပြီးနှုတ်ဆက်တတ်ကြပါတယ်။ အထူးသဖြင့် “စမိုင်” နဲ့ဧည့်ခံတတ်ကြပါတယ်။ မြန်မာပြည်မှာတော့ “စမိုင်” ဟာ ၀ါကျွတ်အီးဒ်ပွဲတော်ရဲ့ Trademark အမှတ်အသားလို့ဆိုရမလောက်ထိပါပဲ။

စမိုင်

ကလေးတွေကတော့ အီးဒ်ရောက်ရင်အပျော်ဆုံးလို့ဆိုရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အီးဒ်ပွဲတော်မှာ ကလေးငယ်တွေကို အထူးအလေးထားပြီး ဆက်ဆံတတ်ကြလို့ပါ။ ကလေးတွေကို “အီဒီ”လို့ ခေါ်တဲ့ မုန့်ဖိုးပေးကြတယ်။ တရုတ်နှစ်သစ်ကူးမှာ တရုတ်တွေ “အံပေါင်း” ပေးသလိုဆိုပါတော့။

အကြီးတွေက အငယ်တွေကို အီဒီပေးကြတယ်။ “ကလေးတွေကတော့ အီးဒ်ရောက်ရင်အပျော်ဆုံးလို့ဆိုရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အီးဒ်ပွဲတော်မှာ ကလေးငယ်တွေကို အထူးအလေးထားပြီး ဆက်ဆံတတ်ကြလို့ပါ။ အီးဒ်နေ့ဆိုရင် ကလေးတွေကို “အီဒီ”လို့ ခေါ်တဲ့ မုန့်ဖိုးပေးကြတယ်။ တရုတ်နှစ်သစ်ကူးမှာ တရုတ်တွေ “အံပေါင်း” ပေးသလိုဆိုပါတော့။”

မွတ်စလင် အိမ်တိုင်းအိမ်တိုင်းကလည်း အီးဒ်နေ့မှာအလှဆုံးဖြစ်ဖို့အတွက် အကောင်းဆုံးဆင်ယင်ထားတတ်ကြပါတယ်။ တချို့မိန်းကလေးတွေကတော့ လက်မှာဒန်းဆိုးတတ်ပြီးအလှဆင်တတ်ကြပါသေးတယ်။ Eid Mubark Greeting Card လှလှလေးတွေကိုလည်း အပြန်အလှန်လက်ဆောင်ပေးတတ်ကြပါတယ်။

မွတ်စလင်တွေက ကိုယ်နဲ့ဘာသာမတူတဲ့အပေါင်းအသင်းမိတ်ဆွေတွေကို ဖိတ်ခေါ်ကျွေးမွေးတတ်ကြသလို ကိုယ်တိုင်ကိုယ်ကျ မုန့်လိုက်ဝေတာမျိုးလည်းလုပ်တတ်ကြပါတယ်။ မွတ်စလင်တွေအနေနဲ့ ဘာသာခြားတွေကို အီးဒ်ပွဲတော်အကြောင်း ရှင်းပြဖို့အကောင်းဆုံးနေ့ကတော့ အီးဒ်နေ့ပါပဲ။

(၂) အီးဒ်ပွဲတော်နဲ့ အလှုဒါန

အစ္စလာမ်ဘာသာဟာ အလှုဒါနပြုခြင်းနဲ့ ဆင်းရဲသားတွေရဲ့အခွင့်အရေးကို အထူးပြဋ္ဌာန်းထားတဲ့အလျောက် လှူဒါန်းခြင်းကို အထူးအရေးပါတဲ့အခန်းကဏ္ဍတစ်ရပ်အဖြစ် မွတ်စလင်တွေက မှတ်ယူထားကြပါတယ်။ အီးဒ်နေ့မှာလည်း မွတ်စလင်တိုင်းလိုလိုဟာ “ဆွဒကာ ဖိသ်ရာ” လို့ခေါ်တဲ့ လှူဒါန်းမှုတစ်ရပ်ကိုပြုလုပ်တတ်ကြပါတယ်။ အဲဒီလှူဒါန်းမှုကတော့ အီးဒ်ပွဲတော်မဆင်နွှဲနိုင်တဲ့ သူဆင်းရဲတွေကို အီးဒ်ပွဲတော်ဆင်နွှဲနိုင်အောင်အဓိကထားပြီးလှူဒါန်းကြတာပါ။

မွတ်စလင်အများစုနေထိုင်တဲ့နိုင်ငံအားလုံးနီးပါးမှာ ၀ါကျွတ်အီးဒ်ပွဲတော်ရောက်ရင် အစိုးရရုံးပိတ်ရက်/ ကျောင်းပိတ်ရက်အဖြစ် ၃ရက်တိတိပိတ်ပေးတတ်ကြပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် ဥပမာ – ဆော်ဒီဆိုရင် ဒီနှစ် အီးဒ်ပိတ်ရက်ကို တစ်ပတ်သတ်မှတ်ပေးခဲ့ပါတယ်။

မွတ်စလင်နိုင်ငံမဟုတ်တဲ့ တချို့နိုင်ငံ (ဥပမာ- ဖိလစ်ပိုင်)တွေမှာလည်း ကိုယ့်နိုင်ငံသားမွတ်စလင်တွေအတွက် ရည်ရွယ်ပြီး ၀ါကျွတ်အီးဒ်ပွဲတော်တစ်ရက်ကိုပိတ်ပေးတတ်ကြပါသေးတယ်။ မြန်မာနိုင်ငံမှာ ၀ါကျွတ်အီးဒ်ပွဲတော်အတွက် ပိတ်ရက်မရှိပေမယ့် “အီးဒွလ်အသွဟာ” လို့ခေါ်ပြီး အသားအစ်လို့ အများသိတဲ့ အီးဒ်နေ့ကို အစိုးရပိတ်ရက်အဖြစ်သတ်မှတ်ပေးထားပါတယ်။

ဆက်စပ်ဖတ်ရှုရန်

မွတ်စလင်တို့၏ ရမဇာန် ဥပုသ်လ ဆိုသည်မှာ… http://wp.me/p5pNNN-oq

ရန်ကုန်ဖိသ်ရဟ်ပေါက်ကြေး ၁၀၀၀ ကျပ် လို့ အိုလမာကြေညာ http://wp.me/p5pNNN-sp
ရမဇာန်အထူးထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။