အခွင့်အရေးဆိုသည်ထက် ပိုအရေးကြီးသည့်တာဝန် သို့မဟုတ် ပညာသင်ယူခြင်း

ကဏ္ဍ – Education
 
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ပထမဆုံးကျရောက်လာတဲ့ အလ္လာဟ့်အမိန့်တော်က “အရာခပ်သိမ်းကိုဖန်ဆင်းတော်မူခဲ့သော မိမိအရှင်မြတ်၏နာမတော်ဖြင့်အစပြု၍ အသင်ဖတ်ပါလေ။ ထိုအရှင်မြတ်သည် လူသားကိုသွေးခဲဖြင့်ဖန်ဆင်းတော်မူခဲ့၏။ အိုနဗီအသင်ဖတ်ပါလေ။ စင်စစ်အသင့်အားဖန်ဆင်းတော်မူသော အရှင်မြတ်သည် အလွန်ရက်ရောစွာပေးကမ်းချီးမြှင့်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် ကလောင်ဖြင့်သင်ကြားပေးတော်မူခဲ့၏။ လူသားတို့အား ၎င်းတို့မသိခဲ့သောအရာများကို သင်ကြားပေးတော်မူခဲ့ပေသည်။ (ကုရ်အာန် ၉၆း၁-၅)
 
ပထမစာကြောင်းမှာ “ဖတ်ပါ” လို့ အမိန့်ပေးပြီးနောက်မှာ ကလောင်နှင့်သင်ကြားပေးတယ်လို့ ဆိုထားပြန်ပါတယ်။ ကလောင်ကိုအကြောင်းခံပြီး လူကပညာကိုသင်ကြားရတယ်။ ကလောင်ကပဲလူသားတွေတိုးတက်မှုနဲ့ ယဉ်ကျေးမှုကိုဖော်ဆောင်နိုင်တယ်။ လူနဲ့တိရစ္ဆာန်ရဲ့ပညာမှာကွာခြားမှုက ကလောင်အပေါ်မူတည်တယ်။ တိရစ္ဆာန်တွေက မွေးရာပါဗီဇအလျောက်တတ်ထားတဲ့ပညာထက်ပိုပြီး မသင်ယူနိုင်ဘူး။ လူသားရဲ့ပညာက ကြိုးစားမှုအပေါ်မူတည်တယ်။ ကြိုးစားလေ တိုးတက်လေပဲ။ အံ့သြစရာက ဘာစာမှမရေးတတ် မဖတ်တတ်တဲ့ တမန်တော်ကို ပထမဦးဆုံးမိန့်ခဲ့တာက “ဖတ်ပါ” တဲ့။ အဲဒီနောက် နှစ် ၂၀ ကျော်ကာလမှာ ပညာနဲ့ ပညာရေးအရေးကြီးပုံကို ဖော်ပြထားတဲ့ အာယသ်တော်ပေါင်း မြောက်မြားစွာနဲ့ တမန်တော်မြတ်ရဲ့ မိန့်ခြွေချက်အများအပြားကိုလည်း တွေ့ရပါတယ်။
 
ကျမ်းတော်မြတ်ကုရ်အာန်မှာ ဥစ္စာပစ္စည်းကြွယ်ဝချမ်းသာမှုထက် ပညာရှိခြင်းက ပိုသာကြောင်းတင်ပြထားပါတယ်။ ကာရူးန်ရဲ့ကြွယ်ဝချမ်းသာမှုကိုမြင်ပြီးတချို့သူတွေက သူ့လိုချမ်းသာရင်ကောင်းမယ်လို့ ဆန္ဒဖြစ်တဲ့အခါ ပညာရှင်များထံတွင် ချမ်းသာကြွယ်ဝမှုက ဘာအဆင့်မှမရှိကြောင်း တင်ပြထားတာတွေ့ရတယ်။
ထို့နောက် ထို“ကာရူန်”သည် မိမိအမျိုးသားတို့ရှေ့ဝယ် မိမိအခမ်းအနားနှင့်တကွ ထွက်ခဲ့လေ၏။ (ထိုအခါ) လောကီဘ၀ကို အလိုရှိသူတို့က “သြော် – ကာရူန်ရရှိခဲ့သော ဥစ္စာပစ္စည်း (အခမ်းအနား)မျိုးသည် ကျွန်ုပ်တို့၌လည်း ရှိခဲ့လျှင်ကောင်းလေစွ၊ ဧကန်မလွဲထိုကာရူန်မှာ ကြီးကျယ်စွာသော အကြောင်းလှခြင်းကို ပိုင်ဆိုင်သူဖြစ်ပေသည်တကား” ဟုဆိုခဲ့ကြကုန်၏။
 
သို့ရာတွင် အသိပညာချီးမြှင့်ပေးသနားတော်မူခြင်းခံကြရသောသူတို့ကမူကား “အသင်တို့၌ (အကျိုးနည်းပါးပါစေ၊)
“အီမာန်” သက်ဝင်ယုံကြည်ပြီးကောင်းမြတ်သော အကျင့်သီလကိုကျင့်မူဆောက်တည်ကြကုန်သောသူတို့အဖို့ အလ္လာဟ်အရှင်မြတ်အထံတော်မှ (ချီးမြှင့်ပေးသနားတော်မူအံ့သော)အကျိုး “ဆ၀ါဗ်”သည် အကောင်းဆုံးပြင်ဖြစ်ပေသည်။ သို့ရာတွင်
ယင်းအကျိုး “ဆ၀ါဗ်”ကို သည်းခံတရားထားရှိသောသူတို့သည်သာလျှင် ရရှိကြပေသည်” ဟု ပြောဆိုခဲ့ကြကုန်သတည်း။
(ကုရ်အာန် ၂၈း၇၉-၈၀)
 
တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်က ပညာရေးကိုအထူးတလည်ဦးစားပေးအမိန့်ရှိထားတွေကိုလည်း ဟဒီးဆ်သြ၀ါဒကျမ်းတွေမှာတွေ့ရတယ်။ မွတ်စလင်တိုင်းအပေါ်မှာ ပညာသင်ယူဆည်းပူးဖို့က တာဝန်တစ်ရပ်ဖြစ်ကြောင်းမိန့်ထားတယ်။ (အိဗ်နုမာဂျဟ်ကျမ်း၊ ဟဒီးဆ်အမှတ် ၂၂၄)
 
လူ့သမိုင်းတွင် လူတိုင်းမသင်မနေရပညာရေးစနစ်ကိုအစ္စလာမ်က ပြဋ္ဌာန်းခဲ့ကြောင်း ဒီဟဒီးဆ်အရသိရပါတယ်။
 
ဒီနေရာမှာ တစ်ခုသိထားဖို့ ပညာသင်ယူခြင်းကို တမန်တော်မြတ်က လူတိုင်းရဲ့အခွင်းအရေးလို့မသုံးဘဲ တာဝန်လို့သုံးထားတယ်။ အခွင့်အရေးဆိုရင်လူကမိမိရပိုင်ခွင့်ကို လက်လွှတ်ဆုံးရှုံးခံလိုက်လို့ရတယ်။ တာဝန်က လွှတ်လို့မရဘူး။ ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းမှာ ပညာကလူတိုင်းရဲ့ရပိုင်ခွင့်အခွင့်အရေး လို့ ဆိုထားတယ်။ အစ္စလာမ်က တာဝန်လို့ဆိုပြီး ပညာရေးက ဘယ်လောက်အရေးကြီးသလဲဆိုတာကို ပေါ်လွင်စေခဲ့တယ်။ တာဝန်ကိုကျေပွန်အောင်လူတိုင်းမသင်မနေ ပညာသင်ယူဖို့ အဓမ္မနည်းကိုလည်း ပညာရေးမှာ အစ္စလာမ်က လက်ခံကြောင်းတွေ့ရပါတယ်။
 
မိမိပတ်ဝန်းကျင်မှာ ပညာမဲ့ပပျောက်ရေးအတွက် သရ်ဂီးဗ်ကျမ်းဟဒီးဆ်အမှတ် ၉၇ မှာ တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ရဲ့ သြ၀ါဒတော်ကို ဒီလိုတွေ့ရပါတယ်။ ပညာတတ်တဲ့သူက ကိုယ့်အိမ်နီးချင်းတွေကို ပညာသင်ပေးဖို့အရေးကြီးတယ်။ သူတို့ကို ဆုံးမစကားပြောရမယ်။ ကောင်းရာကိုညွှန်ကြားပြီး မကောင်းမှုကို မြစ်တားရမယ်။ ပညာမတတ်သူကလည်း ကိုယ့်အိမ်နီးချင်းဆီက ပညာသင်ယူရမယ်။ ဆုံးမစကားနာယူရမယ်။ ကိုယ့်အတွင်းမှာ အသိတရားဝင်လာအောင်ကြိုးစားရမယ်။ အဲဒီလိုသင်ပေးသင်ယူမလုပ်ရင် လောကီမှာပဲ ငါတမန်တော်မြတ်က အပြစ်ဒဏ်ခတ်တော်မူမယ်။
 
ဗိုင်ဟကီနဲ့ အခြားဟဒီးဆ်ကျမ်းစောင်တွေမှာ တရုတ်ပြည်သို့တိုင်ပညာရှာဖွေဆည်းပူးကြပါဆိုတဲ့ ဟဒီးဆ်ကိုတော့ အများမွတ်စလင်တွေကြားဖူးကြမှာပါ။ ဒီဟဒီးဆ်တော်မှာ သာသနာ့ပညာလား၊ လောကဓာတ်ပညာလားဆိုတာကို တိတိကျကျမဖော်ပြထားပါဘူး။ ဟဒီးဆ်ရဲ့အလိုသဘောကတော့ အကျိုးရှိပြီး လောကီ၊ လောကုတ္တရာအတွက်လိုအပ်မယ့်ပညာကို ဝေးလံတဲ့ဒေသထိသွားပြီး ဆည်းပူးရသည်ဖြစ်စေ၊ မွတ်စလင်များအတွက် အဲဒီပညာသင်ယူဖို့လိုအပ်တယ်ဆိုတာကို ဖော်ညွှန်းနေပါတယ်။ တရုတ်ပြည်ဆိုတာ အာရပ်ကျွန်းဆွယ်နဲ့ အလှမ်းကွာဝေးလွန်းလှပါတယ်။
 
တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ကိုယ်တော်တိုင် အုရ်ဝဟ်ဗင်န်မတ်စ်အူးဒ်နဲ့ ဂိုင်လာန်ဗင်န်စလမဟ်တို့နှစ်ဦးကို ရှာမ်နိုင်ငံ (လက်ရှိ ဆီရီးယား၊ ဂျော်ဒန်၊ ပါလက်စတိုင်းစတဲ့နိုင်ငံတွေ) ဂျရ်ရှ်မြို့ကိုသွားပြီးတင့်ကားလုပ်နည်း၊ အမြောက်ပြုလုပ်နည်းတွေသင်ယူဖို့ စေလွှတ်ခဲ့တာကို ရာဇ၀င်စာအုပ်တွေဖြစ်တဲ့ သွဗကာသ်အိဗ်နုစအဒ်၊ အလ်ဗေဒါယဟ်စတဲ့ကျမ်းတွေမှာတွေ့ရပါတယ်။ ဇိုက်ဒ်ဗင်န်ဆာဗစ်သ်ကို ဟီဘရူးစာပေသင်ယူဖို့အမိန့်ပေးလိုက်ပြီး ၁၅ရက်အတွင်း ပြည့်ပြည့်စုံစုံသင်ယူလိုက်ကြောင်း ဟိကာယာသေဆွဟာဗဟ်ကျမ်းမှာ လာရှိထားပါတယ်။
အစ္စလာမ်မှာ မသန်၊ မစွမ်းဘ၀ရောက်နေတဲ့ ကလေးမှအပ ကျန်ကလေးတွေအရွယ်ရောက်တာနဲ့ ဖခင်အပေါ်မှာ သားကို စားရိတ်ထောက်ပံ့ဖို့အရေးမကြိးတော့ပါဘူး။ ဒါပေမဲ့ သားက ပညာသင်ယူဆည်းပူးနေပြီးဖခင်ကလည်း ငွေကြေးထောက်ပံ့နိုင်တယ်ဆိုရင် ဖခင်အပေါ်မှာ သားရဲ့ကုန်ကျစရိတ်ထောက်ပံ့ဖို့အရေးကြီးသွားတယ်။ မထောက်ပံ့လို့မရဘူး။ ဖိကာဟ်
ဓမ္မသတ်ပညာရှင်များက ကျောင်းသားများကို ဇကားသ်ပေးလို့ရတယ်လို့ ဆိုထားတယ်။ အချို့သာသနာ့ပညာရှင်များက ကျမ်းတော်မြတ်ကုရ်အာန်က ဇကားသ်ပေးဖို့ ပြဋ္ဌာန်းထားတဲ့အုပ်စုတွေထဲက “ဖီစဗီလိလ္လာဟ်” အလ္လာဟ့်လမ်းလို့ဆိုတဲ့အထဲမှာ ကျောင်းသားတွေလည်းအကျုံးဝင်တယ်လို့ ဆိုတယ်။ ဒါတွေကြည့်ခြင်းအားဖြင့် အစ္စလာမ်ကပညာရေးကို
ဘယ်လောက်ထိ အလေးပေးသလဲဆိုတာ သိသာလွန်းလှပါတယ်။
GTI ကျော်မင်းနိုင် (မြေနီကုန်း) ရေးသည်။
ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၄) ကို Download ရယူရန် –
Mediafire – http://bit.ly/2mE2MPq
pCloud – http://bit.ly/2m6cB5B
Dropbox – http://bit.ly/2lqzmnz