အရိပ်လည်းနေ အပင်လည်းပျိုး အခက်မချိုးသည့် မြန်မာမွတ်စလင်

ကဏ္ဍ – Editorial

လူတိုင်းလူတိုင်း ကိုယ်မွေးဖွားရာဇာတိမြေကိုချစ်ကြသည်။ ကိုယ့်မြို့ကလေး၊ ကိုယ့်အိမ်ကလေး၊ ကိုယ်တက်ခဲ့သောကျောင်းကလေး၊ ကိုယ်ဆော့ကစားခဲ့ရာကစားကွင်းလေး၊ ကိုယ့်ငယ်သူငယ်ချင်းများ အစရှိသဖြင့် အသက်ကြီးသည်အထိခင်တွယ်တတ်ကြသည်။ ကိုယ့်ဇာတိကိုယ်ခင်တွယ်သည်နှင့်အမျှ ကိုယ့်တိုင်းပြည်ကိုပါခင်တွယ်ကြသည်။ အုပ်ချုပ်သူအစိုးရများအပေါ် မည်မျှလောက်ပင် သဘောမကျဖြစ်နေပါစေ၊ ကိုယ့်တိုင်းပြည်ကိုချစ်စိတ်ကမလျော့။ ထို့ကြောင့်လည်း ကမ္ဘာကျော် အမေရိကန်စာရေးဆရာကြီး မာ့ခ်တွိန်းက ယခုလိုပြောခဲ့ဖူးသည်။ “ကိုယ့်တိုင်းပြည်ကိုအမြဲတမ်းသစ္စာရှိပါ။ အစိုးရကိုတော့ထိုက်တန်မှသာ” ဟူ၏။ တိုင်းပြည်ချစ်စိတ်သည် မျိုးရိုးဇာတိညာတကာနှင့် မသက်ဆိုင်။ လူတိုင်း၏ မွေးရာပါဗီဇဟုပင်ဆိုရပေမည်။

တိုင်းချစ်ပြည်ချစ် အာဇာနည်များဆိုလျင်တိုင်းပြည်အတွက် အသက်ပင်ပေးရပေးရ အသက်စွန့်လှူသည်အထိ ချစ်ကြသည်။ ၂၀၁၇ ခုနှစ် ဇူလိုင် ၁၉ ရက် သည် တိုင်းပြည်အတွက် အသက်ပေးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံလိုက်ရသည့် အာဇာနည်နေ့ဖြစ်သည်။ ယခုနှစ်နှင့်ဆိုလျင် ၆၉ မြောက်ခဲ့လေပြီ။ ထိုအာဇာနည် ခေါင်းဆောင်ကြီး ကိုးဦးသည် ခေတ်သစ်မြန်မာနိုင်ငံအတွက် တိုင်းပြည်ကို အသက်စွန့်၍ချစ်သည့် အကောင်းဆုံးဥပမာပင်ဖြစ်သည်။ လူတိုင်းသိပြီးဖြစ်သော်လည်း ပြန်ကောက်ရမည်ဆိုလျင် ထိုအာဇာနည်ကိုးဦးအနက် မြန်မာမွတ်စလင်နှစ်ဦးဖြစ်သည့် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး ဦးရာဇတ်နှင့် သူ၏သက်တော်စောင့် ရဲဘော်ကိုထွေးတို့လည်း ပါဝင်သည်။ မြန်မာမွတ်စလင်များသည် တိုင်းပြည်အတွက်ကျရာတာဝန်ထမ်းဆောင်ခဲ့ခြင်း၊ တိုင်းပြည်အတွက်လိုအပ်လျင်အသက်ပင်စွန့်လှူဖို့ဝန်မလေးခြင်းကို ခေတ်အဆက်ဆက်ပြသခဲ့သည်။ သို့တိုင်အောင် ဘာသာရေးအစွန်းရောက်မသမာသူများက သမိုင်းကိုဖျောက်ချင်သည်။ အာဇာနည်ထဲတွင်ပါဝင်သော မွတ်စလင် ၂ဦးကိုဖြုတ်ကာ အာဇာနည် ၇ ဦးဟု သမိုင်းကိုလိမ်ညာလှည့်စားချင်သည်။ ယုတ်စွအဆုံး ဦးပိန်တံတားသမိုင်းကိုပင် မချန်ချင်ကြပေ။ ယနေ့သည်မနက်ဖြန်၏သမိုင်းဆိုသကဲ့သို့ ထိုမသမာသူများ မည်မျှပင်ကြိုးစားပါစေ၊ ၁၉၄၇ ဇူလိုင် ၁၉ ၏ သမိုင်းသည် ကမ္ဘာတည်သ၍ ဖျောက်ဖျက်၍ မရအောင် ရှိနေပေဦးမည်။

ခေတ်သစ်သမိုင်းကိုပြောမည်ဆိုလျင် ကမ္ဘာအရပ်ရပ်၌ မွတ်စလင်နိုင်ငံမဟုတ်သော်လည်း မိမိတိုင်းပြည်ကို အလုပ်ကျွေးပြုနေသည့် ခေါင်းဆောင်ပိုင်းများတွင် မွတ်စလင်အများအပြားရှိနေခြင်းကိုက မွတ်စလင်တို့သည် မိမိတို့တိုင်းပြည်အပေါ်သစ္စာရှိသူများဖြစ်ကြောင်းပေါ်လွင်စေသည်။ မြန်မာ့သမိုင်းတွင် အရိပ်နေနေအခက်ချိုးချိုး၊ သားရေပေါ်အိပ် သားရေနားစားသည့် မွတ်စလင်သစ္စာဖောက်မရှိခဲ့။ သိပ်မကြာသေးခင်ကပင် တရားလွှတ်တော်ရှေ့နေဦးကိုနီတစ်ယောက် တိုင်းပြည်ကိုကောင်းစားစေချင်လွန်း၍ အသက်ပါ ပေးခဲ့သည်။ မွတ်စလင်မင်းအမှုထမ်းများ၊ တပ်ဗိုလ်များ၊ သမိုင်းပညာရှင်များ၊ ဥပဒေပညာရှင်များ၊ ပါမောက္ခကြီးများ၊ နယ်ပယ်အရပ်ရပ်မှ ပညာရှင်ကြီးများ အစရှိသဖြင့် မရေမတွက်နိုင်လောက်သော မြန်မာမွတ်စလင်တို့သည် ရှေးဘုရင်မင်းများလက်ကတည်းကစလို့ အမှုတော်ထမ်းရွက်ခဲ့ကြသလို ယခု အစိုးရအဖွဲ့နှင့် လွှတ်တော်တွင် ဖယ်ကျဉ်ခံထားရသော်လည်း ကျရာတာဝန်ကိုထမ်းဆောင်ရင်း တိုင်းပြည်ကို အလုပ်ကျွေးပြုနေကြဆဲဖြစ်သည်။

ဤသည်မှာ အစိုးရကိုချစ်လွန်း၍လည်းမဟုတ်၊ မိမိလူမျိုးနှင့်ဘာသာတစ်ခုထဲ၏ အကျိုးအမြတ်အတွက်လည်းမဟုတ်၊ တိုင်းပြည်ကိုချစ်၊ ဇာတိကိုချစ်သည် စိတ်အရင်းခံကြောင့်ဖြစ်သည်ဟု တပ်အပ်ပြောရဲသည်။ လျစ်လျူရှုလိုသူ တစောက်ကန်းများကမူ သိသိကြီးနှင့် ခံငြင်းကြဦးမည်၊ လိမ်လည်ကြပေဦးမည်။ တစ်ဖက်တွင်လည်း မြန်မာမွတ်စလင်တို့သည် တိုင်းပြည်ကို အလုပ်ကျွေးပြုနေဦးမည်သာတည်း။

မိုဟမ္မဒ်သွာလ်ဟာဟ် (ခ) စတီဗင်

16.7.2017 (5:10AM)

ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2umlRbf
pCloud – http://bit.ly/2vxQTeP