တစ်ပိုင်တစ်နိုင်ချစ်ကြည်ရေးလုပ်ကြပါ

ကဏ္ဍ – Editorial

၂၀၁၆ ခုနှစ်မကုန်ဆုံးမီ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံကို အကာအကွယ်ပေးနိုင်မည့် အမုန်းစကားဖြန့်ဝေမှုများကို တားဆီးရေးအတွက် ဥပဒေမူကြမ်းထွက်ပေါ်လာဖို့ ရှေ့နေကြီးဦးကိုနီဦးဆောင် ဆောင်ရွက်ခဲ့ပေမယ့် မသမာသူတို့၏လက်ချက်ကြောင့် အချိန်မတန်မီ အကြွေစောခဲ့ရသည်။ အမုန်းစကားဖြန့်ဝေပြောဆိုသူမည်သူ့ကိုမဆို တည်ဆဲဥပဒေအရ အရေးယူမည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုရေးရာဝန်ကြီးက ပြောခဲ့သော်လည်း အပြောသက်သက်သာ။ ဦးသိန်းစိန်အစိုးရလက်ထက်ကအတိုင်း အစိုးရအဖွဲ့၊ စစ်တပ်နှင့် ဗုဒ္ဓဘာသာကို ညှိုးနွမ်းအောင်လုပ်သည်ဆိုသည့် ခေါင်းစဉ်များဖြင့်သာ အရေးယူခြင်းများရှိခဲ့၏။

တရားပွဲများခြိမ့်ခြိမ့်သဲကျင်းပကြသော်လည်း တရားမဲ့လုပ်ရပ်များက ရပ်တန့်မသွားဘဲ အမြစ်တွယ် လှိုက်စားနေသည်။ ခေါင်းစဉ်လှလှတပ်ထားသည့် ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲများသည်လည်း စားသောက်ဆိုင်များတွင် စားသောက်ကာ အဆီအနှစ်မဲ့သည့် မိန့်ခွန်းများတက်ပြောပြီးနောက်ပိုင်း အငွေ့ပျံပျောက်ကွယ်သွားသည်ချည်းသာ။ ဓမ္မအတွက် နေရာရှားပါးနေဆဲဖြစ်၏။

လွန်ခဲ့သည့် မတ်လ ၂၉ ရက်က မျိုးချစ်အမည်ခံလူရမ်းကားတစ်စု သာကေတ အနော်မာရပ်ကွက်အတွင်း လာရောက်ကာ အစ္စလာမ်ဘာသာဝင်တို့၏ ဘာသာရေးစာသင်ကျောင်းများကို ချိတ်ပိတ်ရန် ခြိမ်းခြောက် လှုံဆော်ခဲ့သည်။ အကြောင်းပြချက်က စာသင်ကျောင်းတွင် ဘုရားဝတ်ပြုလို့ ဟူ၏။ ဘုန်းကြီးကျောင်းတွေ ဘုရားရှိခိုးသောကြောင့် စေတီဖြစ်မသွား၊ ဘုန်းကြီးကျောင်းသည် ဘုန်းကြီးကျောင်းသာဖြစ်သည်။ အလားတူ အစ္စလာမ်ဘာသာရေးသာသင်ကျောင်းများတွင် ၀တ်ပြုဆုတောင်းခြင်းကြောင့် ဗလီဖြစ်မသွား။ စာသင်ကျောင်းသည် စာသင်ကျောင်းသာဖြစ်ပေမည်။ လောလောဆယ်တော့ အနော်မာထဲမှ ကလေးငယ်များ ကောင်းရာမွန်ရာ ပညာသင်ယူနေသည့် စာသင်ကျောင်းနှစ်ကျောင်းကို အာဏာပိုင်တို့နှင့် မျိုးချစ်အမည်ခံအုပ်စုများ လက်ဝါးရိုက်ကာ ပိတ်ပစ်လိုက်ကြလေပြီ။ ယခုလိုရမ်းကားရန်လိုနေသည့် အုပ်စုများ လုပ်ချင်တိုင်းလုပ်ကာ ဖြစ်ချင်တိုင်းဖြစ်ခွင့်ရနေသည်ကို ကြည့်မည်ဆိုပါက သုညမှတ်ထိထိုးဆင်းနေသော ကြောက်မခန်းလိလိ တရားဥပဒေစိုးမိုးရေးကို ပိတ်ကားထက်တွင်ကြည့်သကဲ့သို့ အထင်းသားမြင်ရပေမည်။

ရခိုင်အရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် လက်ရှိအစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်နေချိန် အချိန်ကိုက်လုပ်ခြင်းသည် ဘယ်သူကိုအဓိကပြစ်မှတ်ထားပြီး လုပ်သလဲဆိုတာ ပေါ်လွင်သည်။ မိမိတို့နိုင်ငံကိုယ်စားပြုခေါင်းဆောင်များကာ အာဆီယံနိုင်ငံတချို့၏ လက်ညိုးငေါက်ငေါက်ထိုးခြင်းကို ပို၍ပို၍ပင် ခံလာရသည်။

ကြားထဲကမြေစာပင် မြန်မာမွတ်စလင်များကား အားကိုးရာမဲ့နေပြီး ကိုယ့်အသက်အိုးအိမ်စည်းစိမ်ကို ကိုယ်ထူကိုယ်ထကာကွယ်စောင့်ရှောက်ရန်သာ တတ်နိုင်တော့၏။ သာကေတအနော်မာသားတို့၏ စည်းလုံးညီညွတ်မှုမှာ လက်တွေ့ပင်။ ပတ်ဝန်းကျင်မှ ဗုဒ္ဓဘာသာဝင်များကိုယ်တိုင် အကာအကွယ်ပေးခဲ့ကြသည်။ ထို့အပြင် ဒေါသထွက်နေသည့် မျိုးချစ်အုပ်ထဲတွင် ရပ်ကွက်ထဲမှတစ်ယောက်မှမပါခဲ့ဟု သိရသည်။ ပတ်ဝန်းကျင်ကိုစည်းရုံးရန် မိတ္ထီလာသည် အကောင်းဆုံးဥပမာဖြစ်သည်။ မွတ်စလင်ပိုင် အိမ်နှင့်ဆိုင်များကို မီးရှို့သည်ဆိုသော်လည်း ဗုဒ္ဓဘာသာဝင်များ၏ အိမ်နှင့် ဆိုင်မြောက်မြားစွာလည်း မီးသင့်ခဲ့ရသည်မဟုတ်ပါလား။

မိမိအဖွဲ့အစည်းအချင်းချင်းလည်း အားကိုးမရသော အကာအကွယ်မဲ့နေသည့် အနေအထားမျိုးတွင် မြန်မာမွတ်စလင်များရွေးချယ်ရမည့် တစ်ခုတည်းသောနည်းလမ်းမှာ ပတ်ဝန်းကျင်စည်းလုံးညီညွတ်ရေးသာဖြစ်သည်။ တစ်ပိုင်တစ်နိုင်ထိုသို့ပင်လုပ်ရပေမည်။ အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်မြတ် မုဟမ္မဒ် pbuh ကိုယ်တိုင်က အိမ်နီးနားချင်း ၀တ္တရားများကို ကျေပွန်ရန်ဆုံးမတော်မူခဲ့သောကြောင့် ဘာသာရေးအဆုံးအမတွင်လည်း ပါပြီးဖြစ်နေသည်။ ထို့အတွက် ရပ်ကွက်ထဲသား တစ်လမ်းထဲသား ဘာသာပေါင်းစုံပုဂ္ဂိုလ်များနှင့် သဟာဇာတနေခြင်း၊ အပြန်အလှန်ရိုင်းပင်းကူညီခြင်း၊ မေတ္တာထားခြင်းများ လုပ်ဆောင်ရပေမည်။ ဤသို့သော တစ်ပိုင်တစ်နိုင် ဘာသာပေါင်းစုံချစ်ကြည်ရေးသာလျင် လူ့ပေါက်ပန်းတို့၏ အန္တရာယ်မှ ကာကွယ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။

မုဟမ္မဒ် သွာလ်ဟာဟ် (ခ) စတီဗင်

2.5.2017 (3:07 AM)