မျှတချိန်တန်ပြီ

ကဏ္ဍ – Editorial
မတ်လ (၃၀) ရက် က နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်အထိမ်းအမှတ်မိန့်ခွန်းအား ဂရုစိုက်နားထောင်ခဲ့သည်။
 
ထိုအနက် အချက်တစ်ချက်ကို သတိပြုမိသည်။ “ဒီနိုင်ငံထဲမှာ အဖွဲ့အစည်းအမျိုးမျိုး ရှိပါတယ်။ တိုင်းရင်းသားမျိုးစုံရှိပါတယ်။ ဘာသာ ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေ မျိုးစုံရှိပါတယ်။ ဒီတော့ ကျွန်မတို့ဟာ တကယ်ပဲ အမျိုးသားရင်ကြားစေ့ရေးကို လိုလားတယ် ဆိုလို့ရှိရင်တော့ အားလုံးကို ဆက်ဆံတဲ့နေရာမှာ မျှမျှတတရှိရမယ်” ဆိုသည့်အချက်ပင်။
 
ဒေါ်အောင်ဆန်းစုကြည်ကြည်က မတ်လ (၃၀) ရက်နေ့၌ “မျှမျှတတရှိရမယ်” ဟု ပြောခဲ့သော်လည်း ထိုနေ့မတိုင်မီ တစ်ရက်အရင်ဖတ်လိုက်ရသည့် သတင်းကတော့ စိတ်မသက်မသာစရာကောင်းလှသည်။
 
ကမ္ဘာကျော်အကြမ်းဖက်မှုကြီးဖြစ်ပွားခဲ့သည့် မိတ္ထီလာမြို့ရှိ ချမ်းအေးရပ်ကွက်တွင် နွေရာသီကျောင်းပိတ်ရက်၌ မွတ်စလင်ကလေးများအတွက် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ခဲ့သော်လည်း ခွင့်ပြုချက်မရှိဘဲဖွင့်သည်ဟုဆိုကာ ပိတ်ခိုင်းခဲ့သည်ဟု သိခဲ့ရသည်။
 
တခြားအရာများကို ရှည်ရှည်ဝေးဝေးမတွေးသေးဘဲ ၂၀၀၈ အခြေခံဥပဒေကိုပဲ ငှဲ့စောင်းကြည့်လိုက်မည်ဆိုပါက အခန်း (၈) ပုဒ်မ ၃၅၄၊ (ဃ) တွင် “တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်” ရှိသည် ဟု ဖော်ပြထားသည်။ ထို့အပြင် အခန်း (၈) ပုဒ်မ ၃၆၂ တွင် အစ္စလာမ်သာသနာကို အသိအမှတ်ပြုထားကြောင်း ဖော်ပြထားသလို ၃၆၃ တွင် အသိအမှတ်ပြု သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ရမည်ဟုလည်း ရေးသားဖော်ပြထားသေးသည်။
 
သို့ရာတွင် ဘာသာတရားတစ်ခုက ဘာသာဝင်ကလေးများအား လူကောင်းလူမွန်များဖြစ်စေရန် ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်ကာ လူ့ကျင့်ဝတ်နီတိများသင်ကြားပေးခြင်းကို ဌာနဆိုင်ရာက စာထုတ်ကာ ပိတ်ပင်ရန်ညွှန်ကြားခဲ့သည်။ ထိုမျှမကသေး၊ သင်တန်းပိတ်ပင်သည့်အတွက် ကိုယ်ပိုင်အိမ်များတွင် သင်မည်ဆိုပါက သင်သည့်အိမ်ခန်းများကိုပါ သိမ်းဆည်းသွားမည်ဟု ခြိမ်းခြောက်ခဲ့သေးသည်။
 
ဤအဖြစ်အပျက်မတိုင်ခင်ကာလများတွင်လည်း အစ္စလာမ်ဘာသာရေးစာသင်ကျောင်းများကို အမျိုးသားရေး၊ မျိုးချစ် အစရှိသည့် ခေါင်းစဉ်များတပ်ထားသောအဖွဲ့အစည်းများမှ ၀င်ရောက်စစ်ဆေးသည်ဆိုသည့် ခေါင်းစဉ်ဖြင့် တံခါးမရှိ ဓားမရှိ ၀င်ထွက်သွားလာခဲ့ကာ ပေါ်ပေါ်တင်တင်စော်ကားခဲ့ကြသော်လည်း အရေးယူမှုမျိုးမရှိခဲ့ပေ။
 
မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာရေးစာသင်ကျောင်းများနှင့် သင်တန်းများတွင် တခြားဘာသာတရားများအား ထိခိုက်စော်ကားသည့် သင်ကြားမှုမျိုးမလုပ်သလို အစွန်းရောက်အကြောင်းအရာများကိုလည်း ပို့ချခြင်းမရှိပေ။ ဌာနဆိုင်ရာများမှ အကြိမ်ကြိမ်စစ်ဆေးခဲ့ကြပြီးပါပြီ။
 
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရလက်ထက်တွင် တရားဥပဒေစိုးမိုးရေးကို ဖိဖိစည်းစည်းလုပ်မည်ဟု ကြွေးကြော်ခဲ့သော်လည်း လက်တွေ့တွင် တိတိပပအကောင်အထည်မဖော်နိုင်သေးသည်ကိုတွေ့ရသည်။ ယင်းအတွက် အချိန်အတော်ယူရဦးမည်ဟုထင်သည်။ ပိုဆိုးသည်က တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီးနေသူများထဲတွင် အာဏာပိုင်များကိုယ်တိုင်ပါဝင်နေခြင်းပင်။
အစိုးရတာဝန်ယူမှုတစ်နှစ်ပြည့်မိန့်ခွန်းတွင် “အားလုံးကို ဆက်ဆံတဲ့နေရာမှာ မျှမျှတတရှိရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ပြောသွားခဲ့သည့်အတိုင်း ခွင့်တူညီမျှ ၀ါဒဖြူစင်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကြီးဆီသို့ အမြန်ဆုံးချီတက်ရောက်ရှိနိုင်ပါစေကြောင်း ဉာဏ်အလင်းက ဆုမွန်ကောင်းတောင်းအပ်ပါသည်။
 
မုဟမ္မဒ် သွာလ်ဟာဟ် (ခ) စတီဗင်
 
31.3.2017 (3:35 AM)
ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oR54rj
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1