အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်နေတဲ့ တရားဥပဒေစိုးမိုးရေး

ကဏ္ဍ – Editorial

အောက်တိုဘာလ ၁၅ ရက်ညပိုင်းက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ အားကစားဝန်ကြီးဌာနတွေရဲ့ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းအပါ ၂ဦးဆီကနေ တရားမဝင်လက်နက်ခဲယမ်းမီးကျောက်တွေနဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တဲ့သတင်း အားလုံးကြားသိလိုက်ရမှာပါ။ နောက်နေ့မနက်မှာ သူပိုင်တဲ့ ကုမ္ပဏီဝင်းထဲကို ဆက်လက်ရှာဖွေရာမှာ နောက်ထပ်သေနတ်တွေနဲ့ မူးယစ်ဆေးဝါးအချို့ ဆက်လက်ရှာဖွေဖမ်းဆီးခဲ့မိပါသေးတယ်။ အခုအခါ ဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းအပါ ၁၂ ဦးကို လက်နက်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ဖမ်းဆီးထားပါတယ်။

ဒီတော့သမိုင်းထဲက ဥပမာတစ်ချို့ကိုတစ်ချက်လောက်ပြန်ကြည့်ရအောင်ပါ။

ချင်းအမျိုးသားကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို သူနေတဲ့အခန်းထဲကနေ ခြောက်လုံးပြူးတစ်လက်ရရှိတယ်ဆိုပြီး နိုင်ငံတော်ပုန်ကန်ရန်ကြိုးဖမ်းအားထုတ်မှုနဲ့ ဖမ်းဆီးပြီး သေဒဏ်အပြစ်ပေးချမှတ်ခဲ့ပါတယ်။ ဆလိုင်းတင်မောင်ဦးက သူဟာဖောင်တိန်ပဲကိုင်ကြောင်း ဘာသေနတ်မှလည်းမမြင်ဖူး၊ မကိုင်ဖူးကြောင်း ငြင်းခဲ့ပေမယ့် မရပါဘူး။

နောက်တစ်ခုက ၂၀၁၀ ဧပြီ ၁၅ ရက်က ကန်တော်ကြီးပတ်လမ်းပေါ်မှာရှိတဲ့ X2O ရေကစားမဏ္ဍပ်မှာ ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီး လူ ၁၀ ယောက်သေဆုံးကာ ၁၇၀ လောက်ဒဏ်ရာရခဲ့ပါတယ်။ အခင်းဖြစ်ပွားစဉ် လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူရှိနေတဲ့ ကိုဖြိုးဝေအောင်ကို ဖုံးဖောက်ခွဲသူအဖြစ် ဖမ်းဆီးပြီး သေဒဏ်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၃ ဇန်နဝါရီ ၄ ရက်မှာ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးခဲ့ပြီးနောက် တစ်လအကြာမှာ သူ့နေအိမ်မှာပဲကွယ်လွန်သွားခဲ့ပါတယ်။ ကိုဖြိုးဝေအောင်က သူဟာ တရားခံမဟုတ်ကြောင်းကို ဖမ်းခံရချိန်မှာရော ပြန်လွတ်လာပြီးနောက်မှာပါ သတင်းစာရှင်းလင်းပွဲတွေပြုလုပ်ပြီး ငြင်းဆိုသွားခဲ့ပါတယ်။

ဆလိုင်းတင်မောင်ဦးတို့လို့ ကိုဖြိုးဝေအောင်တို့လိုလူတွေ မြန်မာနိုင်ငံမှာ အများကြီးရှိခဲ့ပါတယ်။

ဖြိုးကိုကိုတင့်ဆန်းကိစ္စကို ဆက်ရရင် အောက်တိုဘာ ၁၉ ရက်မှာတော့ သူ့ကို CID မှုခင်းရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရပါတယ်။ ဒါပေမဲ့ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းလောက်မှာ သူ့ရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာကနေ သူရယ် နောက်ထပ်အမျိုးသမီးတစ်ဦးပုံရယ်ကို (ယိုးဒယား နံပါတ်ပြားတပ်)ဘန်တလေကားအဖြူရောင်နောက်ခံနဲ့ ပုံတင်ထားတာတွေ့ရပြန်ပါတယ်။ သူယိုးဒယားကိုရောက်နေလား မရောက်နေလားဆိုတာ မရှင်းလင်းပေမယ့် CID မှာ အစစ်ခံနေရသူတစ်ယောက်ဟာ ဖေ့စ်ဘုတ်သုံးစွဲခွင့်တောင်ရနေတယ်ဆိုတဲ့အနေအထားပါ။ ဒါ့အပြင် CID မှာ သူ့ရဲ့လက်ရှိတစ်နေ့တာအချိန်စာရင်းတွေကို စာရွက်နဲ့ရေးပြီး တင်နေလိုက်ပါသေးတယ်။

ဖြိုးကိုကိုတင့်ဆန်းဟာ ၂၀၁၂ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ခဲ့သေးပြီး နေပြည်တော် FC ဘောလုံးအသင်းကိုပိုင်ဆိုင်ထားသူဖြစ်တယ်လို့လည်းသိရပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ အကြမ်းဖက်သမားတစ်ယောက်၊ နိုင်ငံတော်ပုန်ကန်နိုင်သူတစ်ယောက်၊ နိုင်ငံတော်အဆင့်လုပ်ကြံသတ်ဖြတ်မှုကျူးလွန်နိုင်ခြေရှိသူတစ်ယောက်ကို ထိန်းသိမ်းပုံဟာ လုံခြုံရေးအခြေအနေကတော့ ဟာသဖြစ်နေတယ်လို့သာဆိုရမှာပါ။

ဒီတော့ စဉ်းစားကြည့်ပါ။ ဖြိုးကိုကိုတင့်ဆန်းနေရာမှာ အစ္စလာမ်ဘာသာဝင်တစ်ယောက်သာဖြစ်ခဲ့သည်ရှိသော်… ဖေ့စ်ဘုတ်တစ်ခွင်လုံးဝက်ဝက်ကွဲသွားမှာအသေအချာပါပဲ။ သတင်းတွေချဲ့ကားရေးကြမယ်၊ တစ်စိတ်ကိုတစ်အိတ်လုပ်ပြီး လှုံဆော်မှုပြုကြမယ်။ ဒါတွေဟာ ငြင်းမရတဲ့အမှန်တရားတွေပါ။ လက်နက်ကိစ္စခဏထားပါ၊ အားလုံးသိပြီးဖြစ်တဲ့ ဘုရားဈေးတန်းမှာ ငုံးဥရောင်းမိတဲ့ အစ္စလာမ်ဘာသာဝင်တစ်ယောက်ရဲ့အဖြစ်ကိုပဲကြည့်ပါဦး။

မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ တရားဥပဒေစိုးမိုးရေး၊ သို့မဟုတ် တရားစီရင်ရေးတွေဟာ အပျက်ပျက်နဲ့ နှာခေါင်းထွက်နေပြီဖြစ်တာကြောင့် အမြန်ဆုံးနဲ့ အထိရောက်ဆုံးကိုင်တွယ်ဖြေရှင်းပေးဖို့ရာ အကြံပြုတိုက်တွန်းလိုက်ရပါတယ်။

မိုဟမ္မဒ်သွာလ်ဟာဟ် (ခ) စတီဗင်

26.10.2017 (2:17PM)

7 MB သာရှိတဲ့ အောက်တိုဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၁) ကို အောက်ပါ Link နှစ်ခုထဲက တစ်ခုခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2yk9yzT

pCloud – http://bit.ly/2gTFG2h