ခေါင်းလည်း မမော့နှင့်၊ မျက်လုံးလည်းမခွာနှင့်

ကဏ္ဍ – Editorial

မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်နာမတော်ဖြင့် အစပြုပါ၏။

ချီးမွမ်းထောပနာပြုခြင်းအပေါင်းတို့သည် ထိုအရှင်မြတ်အတွက်သာလျှင် ဖြစ်ပါ၏။

ကုရ်အာန်ကျမ်းတော်မြတ်၏ အစဦးဆုံးစကားလုံးသည် “အိက်ရာ့အ်” ဖတ်ပါဟူ၏။ ကျနော်တို့ မည်သည့်အရာများကို ဖတ်ကြမည်နည်း။ ကုရ်အာန်ကိုဖတ်မည်။ ကျောင်းသင်ခန်းစာများကို ဖတ်ရှုလေ့လာမည်။ အာဂုံဆောင်သင့်က ဆောင်ရမည်။ ဘာသာရေးစာပေများကိုဖတ်မည်။ လောကီစာပေများကို ဖတ်မည်။ လူတစ်ဦးဖြစ်လာလျှင် စာဖတ်တတ်ဖို့ အင်မတန်အရေးကြီးပေသည်။ စာဖတ်တတ်ရုံမျှနှင့် ရောင့်ရဲနေမည်လော။ ပုခတ်တွင်းမှသည် သင်္ချိုင်းရောက်သည့်တိုင် သင်မယူမဆုံးနိုင်သော ပညာရပ်များ အမြောက်အမြားရှိသည်။

ယနေ့ခေတ် မြန်မာမွတ်စလင်များ၏ အခြေအနေကို ငှဲ့စောင်းကြည့်ဦးစို့။ ကျမ်းတတ်ပုဂ္ဂိုလ်များ၊ စာတတ်ပေတတ်ပုဂ္ဂိုလ်များရှိသည်။ အိလင်မ်သာသနာ့ပညာရှင်များနှင့် လောကီပညာရှင်များ ထုနှင့်ထေးပင်။ ကြေးရတတ်ပုဂ္ဂိုလ်များလည်းရှိသည်။ ပညာရည်သာမန်ပုဂ္ဂိုလ်များမှာ အများစုဖြစ်သည်။ မြန်မာမွတ်စလင်အများစု မြန်မာစာ စာဖတ်တတ်ကြသည်။ အများစုမှာ ဘာသာစကားတစ်ခုထက်မက တတ်ကျွမ်းလိုက်သေးသည်။ ကဏ္ဍစုံမှ မြန်မာမွတ်စလင်အားလုံးကို ခြုံ၍ကြည့်လိုက်ပါ။ ထိုထဲမှာ စာဖတ်ဝါသနာရှင် အင်မတန်နည်းပါးလာသည်ကို တွေ့နေရသည်။

မြန်ဆန်လွန်းသည့် အိုင်တီခေတ်ကိုပင် အပြစ်တင်ရမည်လားမသိ။ စားသုတ်သုတ်၊ သွားသုတ်သုတ်ခေတ်တွင် စာကိုလည်း တိုတိုတုတ်တုတ်သာ ဖတ်လိုသည့်ခေတ်သို့ရောက်လာသည်။ ၀င်ငွေနည်းပြီး ထွက်ငွေများနေသည့် ခေတ်တွင် တစ်အုပ် ၂၀၀၀ ၀န်းကျင်ရှိသော စာအုပ်စာပေများကို စာအုပ်ဆိုင်သို့ သွား၍ တကူးတက မ၀ယ်တော့ချေ။ အွန်လိုင်းတွင် pdf များပေါများလာသည်။ မြန်မာ့စာအုပ်ပေါင်းစုံသာမက နိုင်ငံခြားစာအုပ်စာပေ တော်တော်များများကိုပင် အွန်ုလိုင်းပေါ်၌ အခမဲ့ရယူနိုင်သည်။ အင်တာနက်သည် သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး၊ သိသူဖော်စား၊ မသိသူကျော်သွားရမည့် ဧရိယာတစ်ခုဖြစ်သည်။

ခေါင်းငိုက်စိုက်ကျသည့်ရောဂါစွဲကပ်နေသည့် ကမ္ဘာကြီး၊ တစ်နည်းပြောရလျှင်ဖြင့် ဖုန်းများကို ငုံ့ကြည့်ရင်း ခေါင်းမဖော်နိုင်လောက်အောင်၊ မျက်လုံးမခွာနိုင်လောက်အောင် ဖြစ်နေသည့် ကမ္ဘာကြီးတွင် ဖုန်းကိုချပြီး စာအုပ်ကိုင်လို့ အတင်းတိုက်တွန်းနေပါက အလုပ်ဖြစ်တော့မည်မဟုတ်ဟု ယူဆမိပါသည်။ လူထဲက လူဖြစ်သော မြန်မာမွတ်စလင်တို့လည်း ခေတ်ရေစီးကြောင်းထဲတွင် မျောပါကြသည်။ ဒီတော့ ခေါင်းငိုက်စိုက်လူများကို ခေါင်းမော့လာအောင် မတိုက်တွန်းလို။ ဖုန်းဖန်သားပြင်ပေါ်မှ မျက်လုံးများကိုလည်း ဆွဲမခွာလို။ ယင်းတို့ကို အသုံးချမည်ဟု ကျနော်၏ ဥာဏ်ငယ်လေးဖြင့် စဉ်းစားမိပါသည်။ ကျနော်သည်လည်း အိုင်တီခေတ်ရောက်ချိန်တွင် ယခင်ကလောက် စာမဖတ်ဖြစ်တော့ချေ။ မိမိကိုယ်ကိုယ်လည်း ပြုပြင်ရင်း၊ တစ်ပါးသူလည်း အကျိုးရှိစေဖို့အလို့ငှာ မဖြစ်ညစ်ကျယ် ဥာဏ်ကလေးဖြင့် အွန်လိုင်း မဂ္ဂဇင်းတစ်စောင်ထုတ်ဖို့ လက်ထည့်မိပါသည်။

ထိုအတွေးကို ညီအစ်ကိုလို ခင်မင်ရသည့် မွဖ်သီအောင်မြတ်ဦး ကို ချပြရာ သူက အားတတ်သရော ထောက်ခံသည်။ ဟုတ်သည်။ ကျနော်တို့နှစ်ဦး ယခင်က ပုံနှိပ်မဂ္ဂဇင်းတစ်စောင် ထုတ်ပေအံ့ဟု ကျွေးကြော်ခဲ့သည်။ သို့သော် မျက်စိရှေ့၌ပင် တစ်ဖြုတ်ဖြုတ်ကြွေနေသော ပုံနှိပ်မီဒီယာလောကကို ဖြုံသည်။ မည်သူမျှကိုလည်း ဒုက္ခမပေးရက်။ ဆိုတော့ အွန်လိုင်းမဂ္ဂဇင်းသာ တစ်ခုတည်းသော မျှော်လင့်ချက်။ ထိုမျှော်လင့်ချက်ကို လေထဲတိုက်အိမ်ဆောက်နေမိသည်က လနှင့်ချီနေပေပြီ။ ယခုမှ တစ်စိုက်မတ်မတ် ဇောက်ချလုပ်ဖြစ်သည်။ အလ္လာဟ်အလိုတော်နှင့် စုစုပေါင်း ၃၅ မျက်နှာရှိသော အွန်လိုင်းမဂ္ဂဇင်းလေးဖြစ်လာပေပြီ။

အတွေ့အကြုံနည်းလှသော လူလေးဦးစုစည်းမိ၍ ပထမဆုံးအကြိမ် စလုပ်သော ဤမဂ္ဂဇင်းလေးတွင် အားနည်းချက်များ၊ အမှားအယွင်းများမှာ ရေတွက်၍ပင် ကုန်မည်မဟုတ်ကြောင်း ကောင်းကောင်းကြီး နားလည်ပါသည်။ သို့သော် ညည်းညူနေရုံ၊ အားငယ်နေရုံနှင့် ဘာမှဖြစ်မလာနိုင်ကြောင်း အလ္လာဟ်အရှင့်ဘက်တော်မှ ကျနော့်ကို ဥာဏ်အလင်းဖွင့်ပေးသည်။

သို့နှင့် ဤမဂ္ဂဇင်းလေးကို ဥာဏ်အလင်းဟု ကင်ပွန်းတပ်မိပါသည်။ ဒီဇင်ဘာ (၁) ရက်နေ့၌ စတင်မွေးဖွားခဲ့သော ဥာဏ်အလင်းမဂ္ဂဇင်းသည် မိတ်ဆွေတို့၏ ငိုက်စိုက်ကျနေသော ခေါင်းများနှင့် ဖန်သားပြင်ပေါ်၌ စိုက်ကြည့်နေသော မျက်လုံးများကို ဆွဲခွာမည်မဟုတ်။ ထိုအနေအထားလေးအတိုင်း အချိန်လေးအနည်းငယ်ထုတ်ကာ ဖုန်းဘိလ်လေး အနည်းငယ်အသုံးပြုပြီး Download ဆွဲ ဖတ်ရုံမျှနှင့် ကျနော်တို့ ကြိုးစားအားထုတ်ရကျိုး နပ်ချေပြီ။

မိုဟမ္မဒ် သွာလ်ဟဟ် (ခ) စတီဗင်