လူသေသော်လည်း နာမည်မသေသူ

ကဏ္ဍ – Social Media
 
“ကရုဏာစေတမန်” လို့ တင်စားခံရတဲ့ အဗ္ဗဒွလ်ဆက်သားရ် အဒီး (Abdul Sattar Edhi) ရဲ့ ၈၉နှစ်မြောက် မွေးနေ့ကို Google က သူ့တို့ရဲ့ Doodle Section မှာ ဂုဏ်ပြုခဲ့ပါတယ်။
 
အဗ္ဗဒွလ်ဆက်သားရ်အဒီးကို ဂူဂျရားသ်ပြည်နယ်မှာ ၁၉၂၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့က မွေးဖွားခဲ့ပါတယ်။ အဲဒီနောက် အိန္ဒိယ-ပါကစ္စတန်နှစ်ခြမ်းကွဲတော့ ပါကစ္စတန်ဘက်ကိုပြောင်းရွှေ့ခဲ့ပါတယ်။ ပါကစ္စတန်ရောက်တော့ ပြည်သူတွေ အိုးအိမ်မဲ့နေတာ၊ အစားအသောက်နဲ့ ဆေးဝါးချို့တဲ့နေတာ၊ အ၀တ်အစားမလုံလောက်တာကို မြင်တွေ့ပြီး အဒီးက တတ်နိုင်သူတွေဆီကနေ မရှက်မကြောက်အလှူငွေလိုက်လံကောက်ခံပါတယ်။ လမ်းဘေးမှာ တောင်းစားပြီး အလှူငွေကောက်ခံခဲ့တဲ့အထိ လုပ်ခဲ့တယ်လို့လည်း တချို့က ရေးသားထားပါတယ်။ ပြီးတော့ သူပိုင်တဲ့အခန်းငယ်လေးကို ဆေးပေးခန်းအဖြစ်ပြောင်းလဲခဲ့ပြီး ဆင်းရဲသားတွေကို ကူညီပေးခဲ့ပါတယ်။ အချိန်တိုအတွင်း လူအများရဲ့ထောက်ခံမှုကို စတင်ရရှိခဲ့ပြီးနောက် အလှူငွေအမြောက်အမြားလက်ခံရရှိခဲ့ပါတယ်။ အဲဒီအလှူငွေတွေနဲ့ စားစရာမဲ့ ငတ်ပြတ်နေတဲ့ ခိုကိုးရာမဲ့ ဆင်းရဲသားတွေကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။
 
Google က ပါကစ္စတန် ပရဟိတဒါနရှင်ကြီး အဒီးနဲ့ပတ်သက်ပြီး အခုလိုရေးသားဖော်ပြခဲ့ပါသေးတယ်။
 
“၁၉၅၁ ခုနှစ်မှာ အဒီဖောင်ဒေးရှင်း (Edhi Foundation) ကို သူထူထောင်ခဲ့တယ်။ အဲဒီဖောင်ဒေးရှင်းက ပုဂ္ဂလိကအလှူငွေသီးသန့်ဖြင့်သာ လည်ပတ်ပါတယ်။ နေ့စဉ် ၂၄နာရီလည်ပတ်လျက်ရှိပြီး အိုးမဲ့အိမ်မဲ့တွေကို အခမဲ့ ဆေးဝါးကုသမှုပေးပါတယ်။ ဒါ့အပြင် ကမ္ဘာအရပ်ရပ်က လူထောင်ပေါင်းများစွာကို သူတို့လိုအပ်နေချိန်မှာ အချိန်ကိုက်ကူညီပေးခဲ့ပါတယ်။ ဖောင်ဒေးရှင်းရဲ့အထင်ကရလုပ်ရပ်ကတော့ ပါကစ္စတန်တစ်နိုင်ငံလုံးမှာ အကြီးမားဆုံး လူနာတင်ယာဉ်ကွန်ရက်ကြီးထူထောင်နိုင်ခဲ့ပါတယ်။ ကမ္ဘာအကြီးဆုံး လူနာတင်ယာဉ်ကွန်ရက်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အဒီးက “ကျနော့်ဘ၀တစ်လျှောက်လုံး ကျနော့်လူနာတင်ယာဉ်ကလွဲပြီး ဘယ်ကားမှမမောင်းခဲ့ဖူးဘူး” လို့ ၀န်ခံခဲ့ပါတယ်”
 
၂၀၁၆ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ အဗ္ဗဒွလ် ဆက်သားရ် အဒီး တစ်ယောက် ကျောက်ကပ်ပျက်ခြင်း ဝေဒနာနဲ့ အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူသွားခဲ့ပါတယ်။ မကွယ်လွန်ခင်နောက်ဆုံးနေ့ရက်တွေမှာ သူ့ရောဂါကို နိုင်ငံခြားသွားရောက်ကုသဖို့ ငြင်းဆိုခဲ့ပြီးပါကစ္စတန်မှာသာ ကုသဖို့ဆုံးဖြတ်ခဲ့တာကြောင့် ပြည်သူလူထုရဲ့ လေးစားသမှုကို ထပ်မံရယူနိုင်ခဲ့ပါတယ်။
 
ကရာချီမြို့ အမျိုးသားဘောလုံးကွင်း (National Stadium of Karachi) မှာ ပြုလုပ်တဲ့ သူ့ရဲ့ဂျနာဇဟ်အသုဘပွဲမှာပါဝင်ချီးမြှင့်ဖို့အတွက် လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။ သူ့ရဲ့အသုဘကို နိုင်ငံတော်ဈာပနအဖြစ်ချီးမြှောက်ခဲ့ပြီး စစ်တပ်ဂုဏ်ပြုတပ်ဖွဲ့က အခမ်းအနားနဲ့မြေချပေးခဲ့ပါတယ်။
 
အဒီးရဲ့ပြောစကားလေးတစ်ခုကို ဖော်ပြချင်ပါတယ်။
 
“နှစ်တွေကြာတော့ လူတချို့က ကျနော့်ကိုမေးကြတယ်။ ခင်ဗျားလူနာတင်ယာဉ်ပေါ်မှာ ဘာကြောင့် ခရစ်ယာန်တွေနဲ့ ဟိန္ဒူတွေကို တင်သလဲတဲ့။ ကျနော်လည်း အခုလိုရိုးရိုးရှင်းရှင်းပဲဖြေလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ငါ့လူနာတင်ယာဉ်က မင်းထက် မွတ်စလင်ပိုစစ်လို့ပေါ့ကွလို့”
 
(၁၉၉၈ ခုနှစ်မှစတင်အသုံးပြုခဲံသည့် Google Doodle ဆိုသည်မှာ Google ပင်မစာမျက်နှာ Google Homepage တွင်ရှိသော Google အမှတ်တံဆိပ်နေရာတွင် အထူးဖြစ်စဉ်တစ်ခုခုအား ယာယီအစားထိုးခြင်းဖြစ်သည်။ အားလပ်ရပ်၊ ပျော်ပွဲရွှင်ပွဲများ၊ ပွဲတော်များ၊ အောင်မြင်မှုများနှင့် အောင်မြင်ကျော်ကြားလူသားများကို Google Doodle ဖြင့် ဂုဏ်ပြုချီးမြှင့်လေ့ရှိသည်)
(စတီဗင်ရေးသည်)
 
မတ်လထုတ် အတွဲ(၁) အမှတ်(၄) Download ရယူရန် –
Mediafire – http://bit.ly/2mE2MPq
pCloud – http://bit.ly/2m6cB5B
Dropbox – http://bit.ly/2lqzmnz