နှလုံးနှင့်သွေးကြော ခွဲစိတ်အထူးကု စွန့်ဦးတီထွင်ဆရာဝန် ဒေါက်တာ နာဇေ့ဟ်ဇုဟ်ဒီ ကွယ်လွန်ပြီ

ဆေးလောကရဲ့ဦးဆောင်လမ်းပြ စွန့်ဦးတီထွင်သူတစ်ဦးလည်းဖြစ်သလို ကမ္ဘာကျော် နှလုံးခွဲစိတ်အထူးကုဆရာဝန်လည်းဖြစ်တဲ့ ဒေါက်တာ နာဇေ့ဟ် ဇုဟ်ဒီ (Dr. Nazih Zuhdi) ဟာ အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ လွန်ခဲ့တဲ့ ဖောဖော်ဝါရီ ၇ရက် အင်္ဂါနေ့က ကွယ်လွန်သွားခဲ့သူ ဒေါက်ဇုဟ်ဒီဟာ အသက်ရှင်နေစဉ်အချိန်က အမေရိကန်ပြည်ထောင်စု အိုကလာဟားမားပြည်နယ်အတွက် ဆယ်စုနှစ်ခြောက်စုတိုင်အောင် အလုပ်ကျွေးပြုခဲ့သူဖြစ်ပါတယ်။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့သားဖြစ်တဲ့ ဇူဒီကို ၁၉၂၅ ခုနှစ် မေလ ၁၉ ရက်မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူက ဆီရီယားလူမျိုးမျက်စိအထူးကုဆရာဝန်ဖြစ်ပြီး မိခင်ကတော့ တူရကီလူမျိုးပါ။

ဒေါက်တာဇုဟ်ဒီဟာ ဆေးပညာဘွဲ့ကို ဘေရွတ်မြို့အမေရိကန်တက္ကသိုလ်ကနေ ၁၉၅၀ ပြည့်နှစ်မှာ ရရှိခဲ့ပြီးနောက် ၁၉၅၁ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းအခြေချခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်ရောက်တော့ အိုကလဟားမားပြည်နယ်မှာ ဆရာဝန်အဖြစ် စတင်အသက်မွေးခဲ့ပြီး ဆေးလောကအတွက် နည်းလမ်းအသစ်တွေကို တစ်မျိုးပြီးတစ်မျိုးတီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။

၁၉၅၉ မှာ ဒေါက်တာ အလန်ဂရီယာ၊ ဂျွန်ကာရေးနဲ့အတူ အိုကလာဟားမားမှာ ပထမဆုံးနှလုံးသွေးကြောလွှဲခွဲစိတ်ကုသမှုကိုပြုလုပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအဖြစ် နှလုံးထဲမှာ Pacemaker (နှလုံးခုန်မှန်စေသည့် နှလုံးအနီးမြှုပ်သွင်းထားရသော အီလက်ထရောနစ်ကိရိယာ) ကိုအောင်မြင်စွာထည့်သွင်းနိုင်ခဲ့ပါတယ်။

၁၉၆၄ ခုနှစ်မှာ နှလုံးခွဲလျက်သားကိုယ်ဝန်ဆောင်မိခင်ရဲ့ဗိုက်ထဲကနေ ကလေးကိုရှင်အောင်မွေးပွေးခဲ့တဲ့ ကမ္ဘာ့ပထမဆုံးဆရာဝန်လည်းဖြစ်ပါတယ်။

၁၉၇၀ ပြည့်နှစ်မှာ ၀က်ရဲ့ Aortic နှလုံးအဆို့ရှင်ကို လူထဲမှာ အစားထိုးထည့်သွင်းနိုင်ခဲ့ပါတယ်။ ဒီခွဲစိတ်မှုဟာ မြောက်အမေရိကတစ်လွှားမှာ ပထမဆုံးပြုလုပ်တဲ့ ခွဲစိတ်မှုလည်းဖြစ်ပါတယ်။

၁၉၈၅ ခုနှစ်ရောက်တော့ လူဆီမှလူသို့ နှလုံးအစားထိုးခြင်း (human-to-human heart transplant) ကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီခွဲစိတ်မှုကို ဆေးတက္ကသိုလ်တစ်ခုခုနဲ့ချိတ်ဆက်ထားခြင်းမရှိတဲ့ အမေရိကန်ဆေးရုံတစ်ရုံမှာပြုလုပ်ခဲ့တာဖြစ်ပြီး အမေရိကန်သမိုင်းတစ်လျှောက်ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

သူဟာ အိုကလဟားမားရဲ့ ဆေးပညာနဲ့သက်ဆိုင်တဲ့ ပထမဆုံး လုပ်ရပ်တော်တော်များများကို သမိုင်းဝင်အောင်စွမ်းဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အသက်ပေါင်း ထောင်ပေါင်းများစွာကို အကြောင်းခံအနေနဲ့ ကယ်ဆယ်နိုင်ခဲ့ပြီး မရေမတွက်နိုင်လောက်အောင်များပြားတဲ့ ခွဲစိတ်ဆရာဝန်တွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

ဆရာဝန်ဘ၀တစ်လျှောက်လုံး “No” ဆိုတဲ့အဖြေကို ဒေါက်တာ ဇုဟ်ဒီက ငြင်းပယ်ခဲ့ပါတယ်။ မဖြစ်နိုင်ဘူးဆိုတာကို သူ့ရဲ့အဘိဓါန်ထဲကနေ ဖယ်ထားခဲ့ပါတယ်။ အဲဒီခံယူချက်ကြောင့်ပဲ သူ့ဆီမှာမဖြစ်နိုင်ဘူးဆိုတာမရှိတော့ဘဲ လူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့တာပါ။

လူနာတွေနဲ့ ဆေးလောကသားတော်တော်များများက မိမိဖခင်ကိုချဉ်းကပ်ခဲ့ကြကြောင်း၊ မိသားစုနဲ့သွားတဲ့ဥရောပခရီးစဉ်တွေမှာတောင် သူ့ရဲ့စွမ်းဆောင်ချက်တွေနဲ့ပတ်သက်ပြီး ကျေးဇူးတင်ကြောင်း တကူးတကလာပြောတာမျိုး ကြုံရကြောင်း အသက် ဒေါက်တာဇုဟ်ဒီ၏သားဖြစ်သူ အသက် ၃၇နှစ်အရွယ် ဇက် ဇုဟ်ဒီက ပြောပါတယ်။

သူက အိုကလဟားမားအတွက်ဖခင်ဖြစ်သူရဲ့စွမ်းဆောင်ချက်တွေကို ဂုဏ်ယူကြောင်းပြောပါတယ်။ အိုကလဟားမားကိုကျောခိုင်းပြီး သူ့ထက်ပိုကောင်းတဲ့နေရာတွေကိုပြောင်းရွှေ့နိုင်မယ့်အခွင့်အလမ်းပေါင်းများစွာပိုင်ဆိုင်ခဲ့ပေမယ့် လုံးဝမစွန့်ခွာခဲ့ဘဲ တစ်နေရာထဲမှာ ဇောက်ချလုပ်ကိုင်ပြီး အကောင်းဆုံးပေးဆပ်ခဲ့ကြောင်း သားဖြစ်သူက ရင်ဖွင့်ပါတယ်။

“လူသားတိုင်းတွက် သူအသင့်ရှိနေခဲ့တယ်။ ပိုကောင်းတဲ့ကမ္ဘာကြီးဖြစ်လာဖို့တစ်ခုထဲအတွက် သူဂရုစိုက်ခဲ့တာပါ” လို့ ဇက် ဇုဟ်ဒီက ဆိုပါတယ်။ “သူကတော့ တကယ့်အကျော်ဇေယျပါပဲ။ ကြီးကျယ်မြင့်မြတ်တဲ့ အိုကလဟားမားသားကြီးပေါ့ဗျာ။ အဲဒါတွေအားလုံးအပြင် သူ့မိသားစုတစ်စုလုံးကို ဂရုအစိုက်ဆုံးပါပဲ” လို့ သူကဆက်ပြောပါတယ်။

ဒေါက်တာဇုဟ်ဒီဟာ ဘာသာရေးကိုင်းရှိုင်းတဲ့မွတ်စလင်တစ်ယောက်ဖြစ်သလို အင်တာဖိတ်လုပ်ငန်းစဉ်တွေမှာလည်း တက်ကြွစွာပါဝင်လှုပ်ရှားသူတစ်ယောက်ဖြစ်ပါတယ်။ “အင်တာဖိတ်လုပ်ငန်းကို လူတွေလုပ်ရကောင်းမှန်းမသိကြချိန်၊ လုပ်ငန်းသေးငယ်စဉ်ကတည်းက ဒေါက်တာဇုဟ်ဒီဟာ အင်တာဖိတ်ကိုထဲထဲဝင်ဝင်လုပ်ဆောင်ခဲ့ပါတယ်” လို့ ဂရိတ်တာ အိုကလဟားမားမြို့ Islamic Society က အီမာမ်ရှေ့ဆောင်ဆရာ အီမာဒ် အန်ချက်စီက ပြောပါတယ်။

အိုကလဟားမားမြို့တစ်လွှား ငြိမ်းချမ်းရေးနဲ့ ချစ်ခြင်းမေတ္တာပြန့်ပွားဖို့အတွက် အရေးကြီးကြောင်းကို ဇုဟ်ဒီမကွယ်လွန်ခင်က မိမိနဲ့တိုင်ပင်ပြောဆိုခဲ့သေးကြောင်း အီမာမ် အန်ချက်စီက ပြန်ပြောင်းပြောပြပါတယ်။

“ဇုဟ်ဒီက ဗဟုသုတဟင်းလေးအိုးကြီးကိုချန်ရစ်ခဲ့တယ်။ အင်တာဖိတ်တက်ကြွလှုပ်ရှားသူတပ်ကြီးတစ်တပ်ကိုမွေးထုတ်ခဲ့တယ်။ သူ့အပြုံးကိုအမွေဆက်ခံတဲ့ မိသားစုတစ်စုကို ပျိုးထောင်ခဲ့တယ်” လို့ အသက် ၅၂ နှစ်အရွယ် အီမာမ် အန်ချက်စီက သတိတရမှတ်ချက်ပြုပါတယ်။

“သူက သူတွေရဲ့နှလုံးသားကို ကိုယ်အားဖြင့်ရော စိတ်အားဖြင့်ပါ ဖရဏာပီတိ ဂွမ်းဆီထိအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်အနေနဲ့ နှလုံးအစားထိုးခြင်းကို စွန့်ဦးတီထွင်နိုင်ခဲ့တယ်။ အင်တာဖိတ်ခေါင်းဆောင်တစ်ယောက်အနေနဲ့ လူတွေရ့နှလုံးသားကို စိတ်အားဖြင့် နူးညံ့အောင်သိမ်းသွင်းနိုင်ခဲ့တယ်” လို့ အီမာမ်က သုံးသပ်ပြောကြားလိုက်ပါတယ်။

Ref: newsok, nazihzuhdimd, kfor

(စတီဗင်ရေးသည်)

ဉာဏ်အလင်း

ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၃) ကို Download ရယူရန် –
Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE