မတ်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၄) ထွက်ပြီ

လစဉ်ထုတ် ဉာဏ်အလင်း – Enlightenment မဂ္ဂဇင်း အတွဲ(၁) အမှတ်(၄) ထွက်ပါပြီ။ ဖေဖော်ဝါရီက ၂၈ ရက် အဆုံးသတ်တာရယ်၊ စတီဗင်ရဲ့အကောင့် က ပြန်မရသေးတာရယ်ကြောင့် မတ်လ Issue ကို ၅ ရက်နေ့မှ တင်ဆက်နိုင်ခဲ့ပါတယ်။ အဲဒီအတွက်လည်း စောင့်မျှော်နေတဲ့ပရိသတ်တွေကို တောင်းပန်အပ်ပါတယ်။
 
ဒီတစ်ခေါက်မှာအရင်တစ်ခေါက်တွေနဲ့ Trend မတူအောင် နည်းနည်းလေးဖောက်ထွက်ထားပါတယ်။ ဘာသာရေးကဏ္ဍတွေကို လျှော့တန်လျှော့ပြီး တခြားအထွေထွေဗဟုသုတ ပိုတိုးစေတာမျိုးကို အစားထိုးထည့်ပြီး ရသစုံဖတ်ရှုနိုင်အောင် တင်ဆက်ထားပါတယ်။ ဉာဏ်အလင်းကိုဖတ်လိုက်ခြင်းအားဖြင့် အနည်းဆုံးတော့ အတွေးထဲမှာ တစ်ခုမဟုတ်တစ်ခု ကျန်ရစ်နေခဲ့ရလေအောင် ကြိုးစားထားပါတယ်။ ကလောင်သစ်တွေလည်း အများကြီးပါလာပါပြီ။
 
ကဲ… ဒီလထုတ်မဂ္ဂဇင်းထဲမှာ ဘယ်အကြောင်းအရာတွေဖတ်ရှုရမလဲဆိုတာ ဆက်ကြည့်ရအောင်။
 
မျက်နှာဖုံးဆောင်းပါးအနေနဲ့တော့ ဒီကနေ့ ကမ္ဘာကြီးမှာရော မြန်မာနိုင်ငံမှာပါ လူပြောများရေပန်းစားနေတဲ့ ထိတ်လန့်ကြောက်မတ်ဖွယ်ရာအကြမ်းဖက်မှုဆိုတာ ဘာလဲ ဆိုတာကိုရှင်းပြထားတဲ့အကြောင်း … တစ်ဆက်ထဲမှာပဲ အဲဒီအကြမ်းဖက်လုပ်ရပ်တွေကို တိုက်ထုတ်ဖို့အတွက် အရေးကြီးတဲ့ လူထုနားလည်သဘောပေါက်ခြင်း (Public Awareness) အကြောင်းကို လက်တလောဖြစ်ရပ်တွေနဲ့ ချိန်ထိုးပြီး တိုက်တွန်းနှိုးဆော်ထားတဲ့ Twal Har (စတီဗင်) ရဲ့ အယ်ဒီတာ့အာဘော်…။
 
ရန်ကုန်မြို့ က လမ်းပိတ်ဆို့မှုတွေကို ဘယ်လိုအဖြေရှာမလဲဆိုတဲ့အကြောင်း တင်ဆက်ထားတဲ့ ကလောင်သစ် နေမိုးတိမ်ရဲ့ အတွေးအမြင်ဆောင်းပါး …။
 
ဘာသာရေးကဏ္ဍတွေ ဇောင်းပေးရေးလေ့ရှိတဲ့ M.အောင်မြတ်ဦးက ဒီလကုရ်အာန်ကဏ္ဍမှာ ခလုတ်ထိမှ အလ္လာဟ်မတဖို့ ပြောထားသလို လူမျိုးရေးခွဲခြားရေးဝါဒဟာ အစ္စလာမ်သာသနာမှာ နေရာမရှိတဲ့အကြောင်း ဟဒီးဆ်တွေနဲ့ ကိုးကားရေးသားတင်ဆက်ထားပါသေးတယ်…။
 
အားနည်းသူက အားကြီးသူကို အနိုင်ယူလေ့ရှိတဲ့ တောတွင်းစရိုက်ကို အိမ်ထောင်ရေးမှာ အိမ်တွင်းအကြမ်းဖက်မှုအဖြစ် အသုံးချနေတဲ့ လင်ဆိုးတွေအကြောင်းကို M. အောင်မြတ်ဦးက လျစ်လျူရှုခြင်းခံနေရသည့် တီးတိုးငိုရှိုက်သံများ ဆိုတဲ့ခေါင်းစဉ်နဲ့ ဘာသာရေး၊ လူမှုရေးရှု့ထောင်တွေကနေ ချဉ်းကပ်ရေးသားထားပါတယ်…။
 
ကလောင်သစ် နောက်တစ်ယောက်ဖြစ်တဲ့ မောင်သုညက လစဉ် နိုင်ငံရေးသိပ္ပံတွေရေးမယ်လို့ ကတိပေးခဲ့ပြီးနောက် ဒီလအဖွင့်အဖြစ် နိုင်ငံရေးအကြောင်းပြောပြီဆိုရင် မသိမဖြစ်အချက်တစ်ချက်မှာပါတဲ့ လက်ဝဲနဲ့ လက်ယာနိုင်ငံရေးဆိုတာ ဘာလဲ ဆိုပြီး သမိုင်းနောက်ခံနဲ့ အသေအချာရှင်းပြထားပါတယ်…။ လူမှုရေးသိပ္ပံကဏ္ဍမှာလည်း မောင်သုညကပဲ ရွှေဖြူစည်းကမ်းအကြောင်းကို ရှင်းလင်းထားပါသေးတယ်…။
 
လစဉ်ပါနေကျဖြစ်တဲ့ အစ္စလာမ့်အမွေအနှစ်ကဏ္ဍမှာလည်း ထုံးစံအတိုင်း ဗလီတစ်လုံးနဲ့ မြို့တစ်မြို့အကြောင်း ဖတ်ရဦးမှာပါ…။
 
ဝတ္ထုတို ဇာတ်လမ်းလေးတွေ၊ နှလုံးသားအာဟာရကဏ္ဍတွေ လစဉ်ရေးသားနေတဲ့ မျိုးအိနြေ္ဒပိုက ဒီလမှာတော့ အမှန်တရားအတွက် ပြတ်သားရဲသူလေးတစ်ယောက်အကြောင်း ရေးပါတယ်…။
 
အခုအချိန်ထိ ဟနဖီ မဇ်ဟဗ်လိုက်နာကျင့်သုံးသူတွေအကြားမှာ သို့လောသို့လောဖြစ်နေတဲ့အကြောင်းကို ကာရီရဟ်မသွလ္လာဟ် (အဇီဇီ၊ ပြင်ခရိုက်) က ပုစွန်သည် ဟလာလ်ဖြစ်ပါသလားဆိုပြီး မေးခွန်းထုတ်ထားပါသေးတယ် …။
 
အထွေထွေဗဟုသုတကဏ္ဍမှာ “သင်သိပါသလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၀ါကျတစ်ကြောင်း ဗဟုသုတတွေအပြင် ဒီလကစလို့ တစ်လကို နိုင်ငံတစ်နိုင်ငံချင်းစီအကြောင်း မိတ်ဆက်အနေနဲ့ တင်ဆက်လိုက်ပါပြီ…။
 
ကျန်းမာရေးမှာတော့ စတီဗင်က ရောဂါဘယကင်းရှင်းရေး ၀ုဇူမှန်မှန်ပြုလုပ်ပေးလို့ တိုက်တွန်းထားပါတယ်…။
 
ကလောင်သစ် ရာဇာကလည်း လူသားဝါဒကျင့်သုံးနေတဲ့ ယူအေအီးနိုင်ငံအကြောင်းရဲ့ ပရိုဂရမ်တစ်ခုအကြောင်း ထောင့်စေ့အောင် တင်ဆက်ထားပါတယ်…။
 
လူမှုကွန်ရက်ကဏ္ဍမှာ မနှစ်ကကွယ်လွန်သွားပြီဖြစ်တဲ့ ပါကစ္စတန်နိုင်ငံ ကရုဏာစေတမန်ကြီးကို Google က ၈၉ နှစ်မြောက်မွေးနေ့အဖြစ် Google Doodle မှာ ဂုဏ်ပြုတဲ့အကြောင်းကိုလည်း ဖတ်ရဦးမှာပါ…။
 
မလေးရှားတက္ကသိုလ်ကြီးတစ်ခုမှာ ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခဒေါက်တာခင်မောင်စိန်က လစဉ်လတိုင်း သူ့စာအုပ်ထဲကနေ ကောက်နုတ်တင်ပြဖို့ ခွင့်ပြုထားတာကြောင့် ဒီလလည်း ဥပဒေကဏ္ဍမှာ သူ့စာအုပ်ထဲမှာ ဖော်ပြထားတဲ့ အစ္စလာမ်တရားဥပဒေနှင့် မြန်မာနိုင်ငံအကြောင်းကို တင်ဆက်ထားပါတယ်…။
 
အမေရိကန်နိုင်ငံက တစ်ကိုယ်လုံးဝတ်ဖြူစင်ကျယ်ဝတ်ထားပြီး ဦးထုတ်အချွန် ၀တ်ရုံရှည်ကြီးတွေခြုံထားတဲ့ ခရစ်ယာန်လူဖြူအစွန်းရောက် ကေသုံးလုံးဂိုဏ်း (KKK) အကြောင်းကို လင်းဆက်က ရေးထားပါတယ်…။
 
ဒီလမှာ GTI ကျော်မင်းနိုင် က ပညာရေးကဏ္ဍကို ဘာသာရေးရှုထောင့်ကနေ ၀င်ရောက်အားဖြည့်ရေးသားပေးထားပါတယ်…။
 
အလ္လာဟ် အစား ခိုဒါ သုံးခွင့်ရှိမရှိသိချင်ရင်လည်း မဂ္ဂဇင်းထဲမှာ ဖတ်နိုင်ပါသေးတယ်…။
 
K. နိုက်တင်ဂေးလ်က စာဖတ်ကြဖို့ တိုက်တွန်းထားသလို လစဉ်သူရေးနေကျ ပုံပြင်ကဏ္ဍမှာလည်း ပန်းသီးပင်ကြီးတစ်ပင်အကြောင်းကို လူကြီး ကလေးမရွေးစိတ်ဝင်စားအောင် ကလောင်စွမ်းထက်ထက်နဲ့ရေးခဲ့သေးတယ်…။
 
စံပြပုဂ္ဂိုလ်ကဏ္ဍမှာတော့ လူငယ်ဘ၀ကတည်းကနေ အခု အသက် ၆၀ အရွယ်ထိ ၄၈ နှစ်တိုင်တိုင် တစ်ရက်ကိုသစ်ပင်တစ်ပင်စိုက်တဲ့ ဘင်္ဂလီကြီးတစ်ယောက်အကြောင်း ဖတ်ရမှာပါ…။
 
ပျိုမေတို့နဲ့ အိမ်ရှင်မတို့ အကြိုက်တွေ့မယ့်ကဏ္ဍကိုတော့ မလေးရှားကနေ ပြည့်ဖြိုးကိုကိုက တင်ဆက်ထားပါတယ်။ ဘာလဲလို့ အရမ်းတွေးမနေပါနဲ့။ ချက်နည်းပြုတ်နည်းကဏ္ဍပါ။ အရသာသုံးမျိုး ကကတစ်ငါးဆော့စ်ကို မလေးစတိုင်ဘယ်လိုချက်ရမလဲဆိုတာ အသေးစိတ်ဖော်ပြထားပါတယ်…။
 
ဒီလအတွက် မဂ္ဂဇင်းမိတ်ဆက်စာက အတော်လေးများသွားပြီထင်ပါတယ်။ စိတ်ဝင်စားအောင်လည်း ရေးရသေးတာကိုး။
 
မဂ္ဂဇင်းရဲ့အရွယ်အစားက 13MB ရှိပါတယ်။ 1MB ကို တစ်ကျပ်သာ ကုန်တဲ့ Data Plan တွေရှိနေတာကြောင့် ၁၃ ကျပ်နဲ့ အကောင်းစားမဂ္ဂဇင်းတစ်စောင်ကို ဖတ်ရှုနိုင်ဖို့ ရဲရဲကြီးအာမခံပါတယ်။
 
ကဲ… စိတ်ဝင်စားတယ်ဆိုရင် ဒီလထုတ် ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၄)ကို အောက်ပါ Link တွေမှာ Download ရယူနိုင်ပါတယ်။ Dropbox link ကတော့ Dropbox ရှိသူတွေအတွက်သာ အဆင်ပြေမှာပါ။ Dropbox link မှ link ပဲ ဆိုရင်လည်း Gmail ၀င်ပြီး Down ကြပါ။
 
Mediafire – http://bit.ly/2mE2MPq
 
*** အဆင်ပြေတာပဲဖြစ်ဖြစ်၊ မပြေတာပဲဖြစ်ဖြစ် Feedback … comment လေးတွေ ပြန်ပေးခဲ့ခြင်းအားဖြင့် ကျနော်တို့ကို ကူညီနိုင်ပါတယ်။
 
ကျေးဇူးတင်ပါတယ်။
 
–> ဉာဏ်အလင်း အယ်ဒီတာအဖွဲ့ <–